Sanctions ကြောင့် တပြားမှ ပြန်မရလည်း ချဲလ်ဆီးကို ရောင်းထုတ်ဖို့ မီးစိမ်းပြလိုက်တဲ့ အေဘရာမိုဗစ်ခ်ျ

ရုရှား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ တမြန်နေ့ကမှ ဗြိတိန် အစိုးရထံမှ စီးပွားရေး အရ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ခံခဲ့ရတာကြောင့် ၊ ချဲလ်ဆီး အသင်းကို ကိုယ်တိုင် ရောင်းချဖို့ အခက်အခဲ ဖြစ်နေသည့်တိုင် ၊ Raine ဘဏ်ရဲ့ အကူအညီနဲ့ အသင်း ရောင်းချမှု လုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည် ဖော်သွားဖို့ မီးစိမ်းပြလိုက်ပြီ ဖြစ်ပါတယ် ။

The Telegraph သတင်းဌာနရဲ့ ဖော်ပြချက် အရ အေဘရာမိုဗစ်ခ်ျ ဟာ လာမယ့် ရက်သတ္တပတ် အကုန် နောက်ဆုံးထားပြီး ၊ ချဲလ်ဆီး အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှုတွေကို ဆက်လက် လက်ခံသွားမှာဖြစ်ကာ ၊ Raine ဘဏ်ကိုလည်း ကလပ် ရောင်းချမှု ဖြစ်စဉ်ကို အပြည့်အဝ ကိုင်တွယ်ခွင့် ပေးထားတယ်လို့ သိရပါတယ် ။

မနေ့က ထွက်ပေါ်လာတဲ့ အင်္ဂလိပ် မီဒီယာ အချို့က အေဘရာမိုဗစ်ခ်ျ အနေနဲ့ ချဲလ်ဆီး အသင်းကို မရောင်းချပဲ ၊ ဆက်လက် တင်းခံနေမယ်ဆိုရင် ၊ ယင်း လန်ဒန်ကလပ် ဟာ ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီကို ပြီးဆုံးအောင် ကစားနိုင်မှာ မဟုတ်သလို ၊ sanctions ကြောင့် ၂လပင် တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ ဆိုကြပါတယ် ။

လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကတင် ဗြိတိန် အခြေစိုက် Barclay ဘဏ်ကတ်ကုမ္ပဏီ ဟာ ချဲလ်ဆီး အသင်းရဲ့ ဘဏ်ကတ်ကို ယာယီ ပိတ်လိုက်တဲ့ အတွက် ၊ ချဲလ်ဆီးရဲ့ ဘဏ္ဍာရေး အခြေအနေ ဟာ ဆိုးသထက် ဆိုးလာဖို့သာ ရှိပါတော့တယ် ။ ဒီတော့ အေဘရာမိုဗစ်ခ်ျ အတွက် တပြား တချပ်မှ မရသည့်တိုင် ၊ အသင်းကို မဖြစ်မနေ ရောင်းချဖို့သာ ရွေးချယ်လိုက်ရပါတယ် ။

လောလောဆယ် အချိန် အထိ ချဲလ်ဆီး အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကမ္ဘာ တလွှားမှ ဓနရှင် အများအပြား ဆက်ရှိနေဆဲ ဖြစ်ကာ ၊ ထိုအထဲမှာ အမေရိကန် စီးပွားရေး လုပ်ငန်းရှင် အင်အားစု ၃စု က ထိပ်ဆုံးမှ ဦးဆောင်နေပါတယ် ။

အမေရိကန် ဘီလျံနာ တော့ဒ်ဘိုလီ ဦးဆောင်တဲ့ စီးပွားရေး အင်အားစု ၊ ရစ်ကတ်စ် မိသားစု ၊ ဝွတ်ဒီ ဂျွန်ဆင် တို့ဟာ ချဲလ်ဆီး အသင်းကို ဝယ်ယူဖို့ အေဘရာမိုဗစ်ခ်ျထံ ပေါင် ၂ဘီလီယံနဲ့ ၂.၅ ဘီလီယံ ကမ်းလှမ်းထားတယ်လို့ သိရပြီး ၊ ဗြိတိန် စီးပွားရေး လုပ်ငန်းရှင် တဦး ဖြစ်တဲ့ နစ်ခ်ကန်ဒီ ကလည်း ယင်းလန်ဒန်ကလပ်အား ဝယ်ယူဖို့ တရားဝင် ကမ်းလှမ်းမှု လုပ်ဖို့ ရှိကြောင်း အတိအလင်း ထုတ်ဖော် ကြေညာထားပါတယ် ။

ချဲလ်ဆီး အသင်း ဟာ မနက်ဖြန်ညမှာ နယူးကာဆယ် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျ မှာ လက်ခံ ကစားဖို့ ရှိပြီး ၊ ထိုပွဲအတွက် လုံခြုံရေး ၊ အစားအသောက်နဲ့ ဆိုရှယ်ဆိုင်ရာ ဝန်ဆောင်မှု ကိစ္စတွေ အတွက် ပေါင် ၅သိန်း အထိသာ အသုံးပြုဖို့ ကန့်သတ်ခံထားရပါတယ် ။

ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ တပွဲအတွက် အိမ်ရှင် အသင်း ဟာ အနည်းဆုံး ပေါင် ၈သိန်းကနေ ၁သန်း အထိ ဝန်ဆောင်မှု အခန်းကဏ္ဍတွေမှာ အသုံးပြုရတာ ဖြစ်လို့ ၊ ချဲလ်ဆီးဖက်မှ ယင်း ကန့်သတ်ချက်အတိုင်းသာဆို ပရိသတ်တွေကို စတမ်းဖို့ဒ်ဘရစ်ခ်ျ ကွင်းအပြည့် ပေးဝင်ဖို့ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုထားပါတယ် ။

ဒီအတွက်ကြောင့် ချဲလ်ဆီး ဟာ မနက်ဖြန်ပွဲမှာ စတမ်းဖို့ဒ်ဘရစ်ခ်ျ ကွင်းအချို့ဖက်ခြမ်းတွေကို ယာယီ ပိတ်ထားမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် sanctions ကြောင့် ချဲလ်ဆီး – နယူးကာဆယ် ပွဲအတွက် kiosks တီဗွီ ပရိုဂရမ် အစီအစဉ်တွေ ယာယီ ပိတ်ထားမှာ ဖြစ်ပြီး ၊ ပြင်ပ ရုပ်သံ ဝင်ငွေတွေ ချဲလ်ဆီးတို့ တပြားတချပ်မှ ရမှာ မဟုတ်ပါဘူး ။

ရင်ဘတ် အင်္ကျီ စပွန်ဆာ ဖြစ်တဲ့ Three Telecom ကုမ္ပဏီမှ ချဲလ်ဆီး အသင်းထံ ၄င်းတို့ရဲ့ brand နာမည်ကို ဖြုတ်ချပေးဖို့ မေတ္တာ ရပ်ခံထားတဲ့ အတွက် ၊ နယူးကာဆယ်နဲ့ ပွဲမှာ ချဲလ်ဆီးတို့ Three အမှတ်တံဆိပ်ကို ဖျက်ပြီး ကစားရဖွယ် ရှိနေပါတယ် ။

တဖက်မှာ ချဲလ်ဆီး ဟာ စပွန်ဆာမပါတဲ့ ပလိန်း ချဲလ်ဆီး ဂျာစီတွေကို ကြိုတင် စီစဉ်ထားခြင်း မရှိတာကြောင့် နယူးကာဆယ်နဲ့ ပွဲအတွက် ဂျာစီ ရွေးချယ်မှု ကိစ္စ အတော်လေး အခက်တွေ့နေပါတယ် ။ လာမယ့် အပတ် ကြားရက် လိုင်လီနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယ အကျော့ပွဲ အတွက် လက်မှတ် ကိစ္စ အပြီးသတ်ထားပြီးဖြစ်လို့ ချဲလ်ဆီးဖက်မှ ဒီအပေါ်မှာ ထွေထွေထူးထူး စိတ်ပူစရာ မရှိပါဘူး ။

အေဘရာမိုဗစ်ခ်ျကို ဗြိတိန် အစိုးရမှ အရေးယူ ပိတ်ဆို့ထားလို့ ဝင်ငွေ ဝင်ရောက်မှု ရှိမှာ မဟုတ်သည့်တိုင် ချဲလ်ဆီးဖက်ကတော့ အသင်းပိုင်ရှင် အပြောင်းအလဲ မဖြစ်ခင် လာမယ့် ရက်သတ္တပတ် အနည်းငယ် အထိ ဆက်လက် တောင့်ခံနိုင်ဦးမယ်လို့ မျှော်လင့်ထားပါတယ် ။

SPORTS MYANMAR