Rumour : ဥရောပ လက်ရှိ ချန်ပီယံ ချဲလ်ဆီး ခံစစ် တတွဲလုံးကို တပြားမှ မသုံးပဲ သိမ်းပိုက်ဖို့ ကြိုးစားလာတဲ့ ဘာစီလိုနာ

ဘာစီလိုနာ အသင်းဟာ ကနဦးမှာ ချဲလ်ဆီး နောက်ခံလူ ၂ဦး ဖြစ်တဲ့ အန်ဒရီယာစ် ခရစ်တန်ဆန်နဲ့ ဆီဆာ အက်ဇ်ပီလီကွီတာ တို့ကို အလွတ်နဲ့ ခေါ်ယူဖို့ ကြိုးစားလာရာကနေ ၊ အခုအခါမှာ ဂျာမန် လက်ရွေးစင် ခံစစ်မှူး အန်တိုနီယို ရူဒီဂါကိုပါ တပါတည်း ခေါ်ဆောင်နိုင်ဖို့ ပြင်ဆင်နေကြောင်း The Telegraph သတင်းဌာန က ဖော်ပြခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း ဟာ ယင်း စီနီယာ နောက်ခံလူ ၃ဦးလုံးကို ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်းမှာကတည်းက စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး ၊ ဗြိတိန် အစိုးရထံမှ စီးပွားရေး အရ ပိတ်ဆို့ အရေးယူမှုတွေ မခံခဲ့ရသေးခင် အထိကို ဆွေးနွေးမှု က နီးစပ်မှု မရသေးပဲ ရှိနေပါတယ် ။

အခုအခါ sanctions တွေ ထပ်တိုးလာရာ ၊ ချဲလ်ဆီး အဖို့ ယင်း ကြယ်ပွင့် ၃ဦးကို စာချုပ်သစ် ချုပ်ဆိုဖို့ ပိုပြီး ခဲယဉ်းလာပါတယ် ။ အက်ဇ်ပီလီကွီတာကိုတော့ နဂို စာချုပ်ပါ ပွဲအရေအတွက်နဲ့ ဆက်စပ်ပြီး တနှစ် ထပ်တိုးခွင့် ရှိတာကြောင့် စာချုပ်သစ် ချုပ်ဖို့ အခုအချိန် အထိ ဆွေးနွေးနိုင်ပါသေးတယ် ။

သို့ပေမယ့် ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့ကို သက်တမ်းနိုင်ဖို့ အတွက် ချဲလ်ဆီး အသင်းထံ ပိုင်ရှင်သစ် အမြန်ဆုံး ရောက်လာဖို့ အရေးကြီးနေပါတယ် ။ ပြီးခဲ့တဲ့ ရက်အနည်းငယ် က ထွက်လာတဲ့ သတင်းတွေ အရတော့ ရူဒီဂါကို တပတ်လုပ်ခ ပေါင် ၂သိန်းနဲ့ စာချုပ် ချုပ်နိုင်ဖို့ အကြို သဘောတူညီမှု တခု ရထားကြောင်း သိရပါတယ် ။

ခရစ်တန်ဆန် ကတော့ ယင်းနောက်ခံလူ ၃ဦးမှာ ထွက်ဖို့ အသေချာဆုံး ဖြစ်နေပြီး ၊ ဘာစီလိုနာ ဥက္ကဋ္ဌ ယိုအန် လာပေါ်တာမှလည်း ၄င်းကို အလွတ်နဲ့ ခေါ်ယူထားနိုင်ခဲ့ပြီလို့ အရိပ်အမြွက် ဆိုထားပြီး ဖြစ်ပါတယ် ။ ဒါ့အပြင် ယင်း ကတ်တလန် အခြေစိုက် ကလပ် ဟာ ချဲလ်ဆီးမှာ ဆက်ရှိခွင့် ရှိနေတဲ့ အက်ဇ်ပီလီကွီတာကိုပါ ခေါ်ယူနိုင်ဖို့ ယုံကြည်နေပါတယ် ။

အခုအခါမှာတော့ ဘာဆာတို့ဟာ လက်ရှိ ချဲလ်ဆီးရဲ့ အားအထားရဆုံး နောက်ခံလူလည်းဖြစ် ၊ ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ်မက်ဒရစ် ၊ ပီအက်စ်ဂျီတို့ရဲ့ အာရုံစိုက်မှုကို ရရှိထားတဲ့ ရူဒီဂါကိုပါ အလွတ်နဲ့ တခါတည်း ခေါ်ယူဖို့ ပစ်မှတ်ထားလာပြီ ဖြစ်ပါတယ် ။

ဒါဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဖလားရ ချဲလ်ဆီး အသင်းရဲ့ ဒေါင်ဒေါင်မြည် ၃ယောက်တွဲ ခံစစ်ဖြစ်ပြီး ၊ အကယ်၍ ထို ၃ဦးလုံးကို ဘာစီလိုနာတို့ တပြားမှ မကုန်ပဲ ရလိုက်မယ် ဆိုရင် ၊ ခံစစ် အတွက် ထူးထူးခြားခြား အင်အားဖြည့်တင်းစရာ မလိုပဲ တောင့်တင်းသွားမှာ ဖြစ်ပါတယ် ။

တဖက်မှာ ချဲလ်ဆီး အသင်း ပရိသတ်တွေ အဖို့တော့ ကွင်းပြင်ပမှာ မသေချာ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရချိန် ၊ အဓိက ကစားသမား တချို့ကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ရုန်းကန်နေရတာတွေ ၊ လူမျိုးရေး ခွဲခြားမှု ရာဇဝင် ရှိခဲ့ဖူးတဲ့ ရစ်ကတ်မိသားစု အသင်းပိုင်ရှင် ဖြစ်မလာဖို့ကိုပါ စိုးရိမ်ရတာတွေနဲ့ ကြုံနေရပါတယ် ။

လောလောဆယ် အချိန် အထိတော့ ယင်း ရစ်ကတ်မိသားစု ပိုင်ရှင်သစ် မဖြစ်ရေး အတွက် ချဲလ်ဆီး ပရိသတ်ပေါင်း ၁၆၀၀၀ကျော် အွန်လိုင်း အသနားခံစာမှာ လက်မှတ်ထိုး တောင်းဆိုထားပြီး ဖြစ်ပါတယ် ။ ဒါ့အပြင် စနေနေ့မှာ ကစားမယ့် ဘရန်းဖို့ဒ်နဲ့ ပွဲမတိုင်ခင်မှာလည်း ယင်း ရစ်ကတ်မိသားစုကို လက်မခံရေး အတွက် စတမ်းဖို့ဒ်ဘရစ်ခ်ျ ပြင်ပမှာ ဆန္ဒပြပွဲ တခု ဖြစ်လာဖို့ များနေပါတယ် ။

SPORTS MYANMAR