Rumour : တိုက်စစ် အင်အားဖြည့်တင်းဖို့ရာ မန်ယူနိုက်တက် ကြယ်ပွင့်ကို စိတ်ဝင်စားလာတဲ့ အာဆင်နယ် အသင်း

အာဆင်နယ် အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက် တိုက်စစ် ကစားသမား မားကပ် ရက်ရှ်ဖိုဒ့် ကို ခေါ်ယူဖို့ ကြိုးပမ်း သွားမှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပွဲပေါင်း ၃၀၀ နီးပါး ကစားထားတဲ့ ရက်ရှ်ဖိုဒ့် ဟာ ဒီရာသီမှာ ပွဲထွက် ကစားခွင့် သိပ်မရရှိမှုကြောင့် အိုးထရက်ဖိုဒ့် ကနေ ထွက်ခွာဖို့ စဉ်းစား နေတယ်လို့သတင်းတွေ ထွက်နေသူပါ ။

ရက်ရှ်ဖိုဒ့် ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မန်ယူနိုက်တက် အတွက် စုစုပေါင်း ၁၀ ပွဲသာ ပွဲထွက်ကစားခွင့် ရထားတာကြောင့် မပျော်မရွှင် ဖြစ်နေပြီး အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပြီ ဖြစ်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ် နေတာ ဖြစ်ပါတယ် ။

အစောပိုင်းတုန်းက ပီအက်စ်ဂျီ နဲ့ ရီးယဲလ် မက်ဒရစ် အသင်းတို့ဟာ ရက်ရှ်ဖို့ဒ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်း ထွက်ခဲ့ပြီး အခု အခါမှာ အာဆင်နယ် အသင်း ပါ ပါဝင်လာပြီ ဖြစ်တယ်လို့ The Mirror က ရေးသား ဖော်ပြ လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အူဘာမီယန်း ကို ဘာစီလိုနာ အသင်းထံ ထွက်ခွာခွင့် ပြုခဲ့ပေမယ့် သူ့နေရာ အစားထိုးဖို့ တိုက်စစ်မှူး ခေါ်ယူ နိုင်ခဲ့ခြင်း မရှိပါဘူး ။ ဒါ့အပြင် လာကာဇက် နဲ့ အန်ကီးတီးယား တို့ဟာလည်း ရာသီကုန်မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ဂန်းနားတို့ တိုက်စစ် အင်အား ဖြည့်တင်းဖို့ မဖြစ်မနေ လိုအပ်နေတာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းရဲ့တိုက်စစ် ပစ်မှတ်တွေ အဖြစ်ကယ်ဗက်လီဝင် ၊ အိုင်ဆက် ၊ ဂျိုနသန်ဒေးဗစ် ၊ မာတီနက်ဇ် ၊ ဒါဝင် နူညက်ဇ် တို့ နာမည်တွေ ပေါက်နေပြီး အခု နောက်ဆုံး ပါဝင်လာသူကတော့ ရက်ရှ်ဖိုဒ့် ပဲ ဖြစ်ပါတယ် ။

ရက်ရှ်ဖိုဒ့် ဟာ ၂၀၂၂ ခုနှစ်မှာ မန်ယူနိုက်တက် အတွက် ၃ ပွဲသာ ပွဲထွက် ကစားခွင့် ရထားပြီး ဒီရာသီမှာ ပြိုင်ပွဲစုံ ၅ ဂိုးသာ သွင်းယူ ထားနိုင်ပါတယ် ။ မန်ယူနိုက်တက်မှာ ပုံမှန် ပွဲထွက် ကစားခွင့် မရရှိမှုကြောင့် ရက်ရှ်ဖိုဒ့် ဟာ အင်္ဂလန် အသင်း ရဲ့ခြေစမ်းပွဲ လူစာရင်းကနေလည်း ချန်လှပ် ခံခဲ့ရပါတယ် ။

အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရက်ရှ်ဖိုဒ့် ဟာ လက်ရှိမှာ မန်ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း ၂၀၂၃ ခုနှစ် အထိ ရှိနေသေးပြီး စာချုပ် သက်တမ်းပြည့်ပါက တစ်နှစ် ထပ်တိုးခွင့် ရှိနေသူလည်း ဖြစ်ပါတယ် ။

SM