Rumor : ဂိုး ၂၀ ကျော်သွင်းထားတဲ့ ချဲလ်ဆီး တိုက်စစ်မှူးလေးကို စိတ်ဝင်စားလာတဲ့ အာဆင်နယ် နဲ့ မန်ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် အသင်းတွေဟာ လာမယ့် နွေရာသီမှာ တမ်မီ အေဘရာဟမ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြတယ်ဆိုတဲ့ သတင်း တခု ယမန်နေ့ က ထွက်ပေါ် လာခဲ့ ပါတယ် ။

ချဲလ်ဆီး ကနေ အီတလီ ကလပ် ရိုးမား အသင်းကို အငှား သွားရောက် ကစားနေတဲ့ အင်္ဂလန် တိုက်စစ်မှူးလေး တမ်မီ အေဘရာဟမ် ဟာ နည်းပြ မော်ရင်ဟို လက်အောက်မှာ ပွဲ ၄၀ ကစားပေးပြီး ၂၃ ဂိုး အထိ သွင်းယူ ထားနိုင်ခဲ့ ပါတယ် ။

အီတလီ အခြေစိုက် သတင်းစာ Il Messaggero က မန်ချက်စတာ ယူနိုက်တက် ဟာ မေဆင် ဂရင်းဝုဒ် ကို လာမယ့် ရာသီ အထိ အသုံးပြုလို့ ရနိုင်ဖွယ် မရှိသလို မားကပ် ရက်ဖိုဒ့် ရဲ့ အနာဂါတ် မသေချာမှုတွေ ကြောင့် အေဘရာဟမ် ကို စဉ်းစား လာနိုင်တယ်လို့ သုံးသပ် ရေးသား ခဲ့တာပဲ ဖြစ်ပါတယ် ။

အာဆင်နယ် ကတော့ ပြီးခဲ့တဲ့ နွေရာသီ တုန်းက အေဘရာဟမ် ရိုးမား ကို မပြောင်းရွှေ့ သွားခင်က ချိတ်ဆက်မှု ပြုလုပ် ခဲ့ဖူးပါတယ် ။

လက်ရှိမှာ အာဆင်နယ် ဟာလည်း တိုက်စစ်မှူး အော်ဘားမီးယန်း ကို လက်လွှတ် ထားတာကြောင့် အစားထိုး ခေါ်ယူဖို့ ပြင်ဆင် နေတဲ့ အသင်း ဖြစ်ပါတယ် ။

အာဆင်နယ် တိုက်စစ်မှူးဟောင်း အီယန်ရိုက် ကတော့ တမ်မီ အေဘရာဟမ် ရဲ့ ရိုးမား အသင်းက ခြေစွမ်းတွေကို Podcast အစီအစဉ် မှာ ထည့်သွင်း ချီးကျုး သွားခဲ့ပြီး ရိုးမား ကို ရွေးချယ် ခဲ့တာဟာ အလွန် မှန်ကန် ခဲ့တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

“တမ်မီ အေဘရာဟမ် က အခု ရောမ ရဲ့ ဘုရင်တပါး ဖြစ်နေပါပြီ ။ မော်ရင်ဟို သူ့ကို ခေါ်ပြီး အသစ် တဖန် ပြန်လည် မွေးဖွား ပေးမှာကို ကျွန်တော်တို့ တွေ ကြိုမမြင် နိုင်ခဲ့ ကြပါဘူး ။

ကျွန်တော် မော်ရင်ဟို ကို ကြိုက်တာ ဒါတွေ ပါပါတယ် ။ သူ့ကိုယ်သူ နဲ့ ကစားသမား အပေါ် အပြည့်အ၀ ယုံကြည်မှု ရှိတယ် ၊ အေဘရာဟမ် ကို အရခေါ်ပြီး အဓိက ကစားသမား ဖြစ်လာအောင် ဝန်းရံ ပေးခဲ့ပါတယ်” လို့ အီယန်ရိုက် က ချီးကျုး သွားခဲ့ ပါတယ် ။

အီယန်ရိုက် ရဲ့ အာဆင်နယ် အသင်းဖော်ဟောင်း ဝင်းတားဘန်း ကလည်း အေဘရာဟမ် ကို ခေါ်ယူဖို့ လက်ရှိ အာဆင်နယ် နည်းပြ မီကေး အာတီတာ ကို တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

“ရိုးမားကို မပြောင်းခင် တုန်းက သူ ( အေဘရာဟမ် ) နဲ့ အာဆင်နယ်တို့ ချိတ်ဆက်မှု ရှိခဲ့ ပါတယ် ။

အဲ့ဒါက ဘယ်လောက် ခိုင်မာခဲ့သလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး ။ ဒါပေမယ့် အာဆင်နယ် အခု ကစားနေတဲ့ ပုံစံဟာ သူနဲ့ အံဝင် ခွင်ကျ ဖြစ်နိုင်တယ် ဆိုတာကိုတော့ ကျွန်တော် သိပါတယ်”

“ငယ်ရွယ်ပြီး အလားအလာ ကောင်းတွေ ရှိတဲ့ ကစားသမား တယောက် ၊ ခေါ်ဖို့ ကိစ္စတွေ အများကြီး လုပ်စရာ မလိုတဲ့ သူ တယောက် ( စာရွက် စာတမ်း ၊ အလုပ်ပါမစ် စသည် ) ၊ ဈေးလည်း အများကြီး မပေးရ နိုင်တဲ့ သူတယောက် . . . အာဆင်နယ် အတွက် သူဟာ တကယ်ကောင်းတဲ့ ရွေးချယ်စရာ ဖြစ်နေမှာပါ”

“တခုတော့ ရှိပါတယ် ၊ သူက ဟိုမှာ ပုံမှန် ကစားခွင့် ရနေပြီး ဂိုးတွေသွင်း ရလို့ ပျော်နေပါတယ် ။ အဲ့ဒါက လာမယ့် ရာသီမှာ အင်္ဂလန် ကို ပြန်လာဖို့ စောနေသေးတယ်လို့ သူ တွေးကောင်း တွေးနိုင်မှာပါ ။

နီကိုလပ်စ် အနယ်ကာ ဟာ ၂ နှစ်လောက် စောပြီး အင်္ဂလန်ကို ပြောင်းမလာခဲ့ဖူး ဆိုရင် ပိုကောင်းတဲ့ တိုက်စစ်မှူး ဖြစ်လာနိုင်တယ်လို့ အာဆင်ဝင်းဂါး ပြောခဲ့ဖူးတာကို ကျွန်တော် မှတ်မိနေပါသေးတယ်”

“ကျွန်တော့ အမြင် ကတော့ တမ်မီ အေဘရာဟမ် လာမယ့် နှစ်မှာ အင်္ဂလန် ကို ပြန်လာဖို့ အလားအလာ နည်းပါတယ် ။ ဒါပေမယ့် ပြန်လာမယ်လို့ စိတ်ကူးခဲ့ရင်တော့ အာဆင်နယ် က သူ့ကို အရ ခေါ်ယူနိုင်ဖို့ ကြိုးစား သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ နီဂျယ် ဝင်းတားဘန်း က ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR