FIFA နဲ့ UEFA တို့က ပိတ်ပင်လိုက်တဲ့ အပေါ် CAS တရားရုံးမှာ အယူခံဝင်မယ့် ရုရှား ဘောလုံး အဖွဲ့ချုပ်

ရုရှား က ယူကရိန်း ကို ကျူးကျော် စစ်ပွဲ ဆင်နွှဲတဲ့ အတွက် တုန့်ပြန်တဲ့ အနေနဲ့ FIFA နဲ့ UEFA တို့က ရုရှား အသင်းတွေကို ပြိုင်ပွဲ အားလုံးမှာ ပါဝင် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက တရားဝင် ထုတ်ပြန် ကြေငြာခဲ့ ပါတယ်။

သို့သော် အဲဒီ ဆုံးဖြတ်ချက် အပေါ် ရုရှား ဘောလုံး အဖွဲ့ချုပ်က မကျေနပ်တဲ့ အတွက် CAS တရားရုံးမှာ လျှောက်လဲကာ အယူခံဝင်မှာ ဖြစ်ကြောင်း တရားဝင် ကြေငြာချက် ထုတ်ကာ တုန့်ပြန်လိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ ရုရှား က သူတို့ ရဲ့ အမျိုးသား လက်ရွေးစင် အသင်းနဲ့ အမျိုးသမီး လက်ရွေးစင် အသင်း ကစားခွင့် ရဖို့ အတွက် အဆိုပါ ဘောလုံး အဖွဲ့ချုပ်ကြီးကို ဥပဒေကြောင်း အရတောင် ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။

ရုရှား လက်ရွေးစင် ဘောလုံး အသင်းဟာ ရှေ့လ ထဲမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ ကစားဖို့ မူလ ပြင်ဆင်ထားခဲ့သလို ၊ အမျိုးသမီး လက်ရွေးစင် အသင်းကလဲ နွေရာသီ အင်္ဂလန်မှာ ကျင်းပမယ့် Euro 2022 ပြိုင်ပွဲကို ပါဝင် ဆင်နွှဲခွင့်ရဖို့ ပစ်မှတ်ထားနေတာပါ။

“ ရုရှား ဘောလုံး အဖွဲ့ချုပ် အနေနဲ့ ကိုယ့်ရဲ့ ခုခံပိုင်ခွင့် ကိုတောင် တင်ပြခွင့် မရခဲ့ပါဘူး။ ဒါ့အပြင် ဖီဖာ နဲ့ ယူအီးအက်အေ တို့က အခြား ဖြစ်နိုင်ချေ ရှိတဲ့ အရေးယူမှုမျိုးတွေကိုတောင် ထည့်သွင်းစဉ်းစားခြင်း မရှိပဲ ၊ ရုရှား အသင်းတွေ အားလုံးကို ပိတ်ပင်လိုက်တာပါ။

ဒါကြောင့် ရုရှား အနေနဲ့ မူလ စီစဉ်ထားတဲ့ အတိုင်း လာမယ့် ပွဲစဉ်တွေကို ပါဝင် ကစားနိုင်ခွင့်ရဖို့ အတွက် ဖြစ်နိုင်ချေ ရှိတဲ့ နည်းလမ်းတွေကို ရှာဖွေသွားမှာပါ။ တစ်ချိန်တည်းမှာ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ရဲ့ ပုံရိမ် ပျက်ပြားအောင် လုပ်ဆောင်ခဲ့တဲ့ အတွက် နစ်နာကြေး ပြန်ရဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်” လို့ တရားဝင် ထုတ်ပြန်ချက်မှာ ဖော်ပြသွားခဲ့ ပါတယ်။

ရုရှား လက်ရွေးစင် အသင်းဟာ မတ်လ 24 ရက်နေ့မှာတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-Off အကြိုဗိုလ်လုပွဲစဉ် အဖြစ် ပိုလန် အသင်းနဲ့ ကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

UEFA ဟာ မေလ 28 ရက်နေ့ စိန်ပီတာဘတ်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကိုလဲ ပဲရစ်မြို့ ဆီ ပြောင်းလဲ ကျင်းပမှာ ဖြစ်ကြောင်း တရားဝင် ဆုံးဖြတ်ချက် ထုတ်ပြန်ထားပါတယ်။

တစ်ချိန်တည်းမှာပဲ ကျူးကျော်စစ်ကြောင့် အခက်ခဲ မျိုးစုံ တွေ့နေရတာ က ယူကရိန်း ဖြစ်ပါတယ်။ ယူကရိန်း ဟာ ဒီလ 24 ရက်နေ့မှာ Play-Off အကြို ဗိုလ်လုပွဲစဉ် အဖြစ် စကော့တလန် နဲ့ Hampden မှာ ကစားရမှာ ဖြစ်ပါတယ်။ သို့သော် လတ်တလော အခြေအနေတွေ အရ သူတို့ အနေနဲ့ ယှဉ်ပြိုင် ကစားဖို့ မဖြစ်နိုင်သေးတာကြောင့် အဲဒီ ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားပါတယ်။

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာ ကတော့ သူတို့ အနေနဲ့ ဥရောပ ဘောလုံး အဖွဲ့ချုပ် ၊ စကော့တလန် ဘောလုံး အဖွဲ့ချုပ်တို့နဲ့ ပူးပေါင်းကာ သင့်တော်တဲ့ အဖြေတစ်ခုကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ မှတ်ချက် ပေးထားပါတယ်။

ဒီအပတ် အစောပိုင်းမှာ တုန်းက ဆိုရင် စကော့တလန် ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ Rod Petrie က “နိုင်ငံရေး ပြသနာတွေ အကြား ဘောလုံး ပွဲတွေလဲ မတည်မငြိမ် ဖြစ်ရတယ်” လို့ မှတ်ချက်ပေးကာ ယူကရိန်း ပြည်သူတွေ နဲ့ တစ်သားတည်း ရပ်တည်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ယူကရိန်း – စကော့တလန် ပွဲစဉ် အနိုင်ရတဲ့ အသင်းဟာ ဝေးလ် – သြစတီးယား ပွဲစဉ် အနိုင်ရတဲ့ သူနဲ့ နောက်ဆုံး Play-Off ပွဲကို ကစားသွားရမှာ ဖြစ်ပါတယ်။

SM