FFP စည်းမျဉ်းကို အပြောင်းအလဲတွေ လုပ်တော့မယ့် UEFA

ဥရောပ ထိပ်သီးကလပ်တွေ နဲ့ အသင်းငယ်တွေ အကြား ငွေကြေးဆိုင်ရာ သုံးစွဲနိုင်မှု ကွာဟချက်ကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြဌာန်းခဲ့တဲ့ FFP စည်းမျဉ်းဟာ ၊ ချမ်းသာကြွယ်၀ လွန်းတဲ့ ဘောလုံးကလပ်တွေ ရဲ့ အပြောင်းအရွှေ့ ဆိုင်ရာ ငွေကြေး ဒလဟော သုံးစွဲမှုကို တားဆီးနိုင်ခြင်း မရှိတဲ့ နောက်ပိုင်း အပြောင်းအလဲတွေ ထပ်မံ လုပ်ဆောင်ဖို့ အားယူလာပြီ ဖြစ်ပါတယ်။

UEFA အခုလို အပြောင်းအလဲ လုပ်ဆောင်ဖို့ အတွက် ထိပ်သီး ကလပ် ကိုယ်စားလှယ်တွေ နဲ့ တစ်နှစ်ကျော် အထိ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ၊ နောက်ဆုံး မှာ FFP ထက် ပိုပြီး ထိန်းချုပ်နိုင်မယ့် စနစ်မျိုးကို စမ်းသပ် သုံးစွဲနိုင်ဖို့ အသင့်ဖြစ်လာတော့မယ်လို့ ယုံကြည်ရပါတယ်။

ဒီလို ဆွေးနွေးညှိနှိုင်းမှုတွေမှာ ပါဝင်နေတဲ့ တာဝန်ရှိသူတွေ ရဲ့ အဆိုအရ ကလပ် အသင်းတွေဟာ “အားကစား ဆိုင်ရာ ငွေကြေးသုံးစွဲမှု ပမာဏ” ကို သူတို့ရဲ့ စုစုပေါင်း ဝင်ငွေ ပမာဏ 70% အထက် ကျော်လွန်ခြင်း မရှိဖို့ တားမြစ် ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

ဥရောပ ဘောလုံး ကလပ်တွေ အကြား ဆင်းရဲ ချမ်းသာ ကွာဟချက် ကြီးမားမှုတွေ အဆမတန် ဖြစ်လာပြီး နောက်ပိုင်း ဥက္ကဌ စီဖာရင် ကိုယ်တိုင်လဲ ကစားသမားတွေ အပေါ် လစာပေးချေမှု အပိုင်းတွေကို ထိန်းချုပ် နိုင်ဖို့ အတွက် လွန်ခဲ့တဲ့ 5 အတွင်း ဆက်တိုက် ပြောဆိုခဲ့ပါတယ်။ သို့သော် ဒီ အိုက်ဒီယာ အပေါ် ချမ်းသာတဲ့ ကလပ် အသင်းကြီး တစ်ချို့ ရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ကြုံခဲ့ရသည့်တိုင်အောင် နောက်ဆုံးမှာတော့ အားလုံး လက်ခံနိုင်တဲ့ “အဆိုပြုလွှာတစ်ခု” ထွက်ပေါ် လာခဲ့ပါပြီ။

အဲဒီ အထဲမှာ စနစ်သစ် ကို အကောင်ထည်ဖော်ဖို့ အတွက် စမ်းသပ် ကာလကို 3 နှစ် သတ်မှတ်ထားပါတယ်။

လာမယ့် ဧပြီလ 7 ရက်နေ့မှာ ကျင်းပမယ့် UEFA ဘုတ် အစည်းအဝေး မှာ ဒီအကြောင်းအရာကို တရားဝင် အတည်ပြုမှာ ဖြစ်ကာ ၊ ဥရောပ ဘောလုံး အဖွဲ့ချုပ်က ပြဌာန်းထားတဲ့ စည်းမျဉ်းဆိုင်ရာ စာအုပ်ထဲမှာ တရားဝင် ထည့်သွင်းသွားတော့မှာပါ။ တစ်ဆက်တည်းမှာ FFP ဆိုတဲ့ နာမည်ကို စွန့်ခွာကာ အမည်သစ် နဲ့ ပြောင်းလဲ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။

FFP စည်းမျဉ်းကို အသုံးပြုလာတာ ဆယ်စုနှစ် တစ်ခုကျော် ရှိလာပြီ ဖြစ်သည့်တိုင်အောင် အောင်မြင်မှုထက် ဝေဖန်ခံရမှုတွေက ပိုများခဲ့ပါတယ်။ ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်းတွေ ချိုးဖောက်လို့ အသင်းငယ်လေးတွေက ပြစ်ဒဏ်တွေ ဆက်တိုက် သတ်မှတ်ခံခဲ့ရပေမယ့် ၊ ချမ်းသာ ကြွယ်ဝတဲ့ ကလပ်အသင်းကြီးတွေ ကတော့ ဒီအနေအထားတွေကနေ ရှောင်ရှားနိုင်ခဲ့ကြပါတယ်။

ဒါကြောင့်လဲ အခု အပြောင်းအလဲ လုပ်ဆောင်ဖို့ ကြိုးစားလာချိန်မှာ သူဌေး ကလပ်တွေက သူတို့ရဲ့ စိတ်ကူးတွေ အကောင်ထည်ဖော်ဖို့ အတွက် အတားအဆီးတွေ ဖြစ်လာနိုင်လို့ မျှတမှု မရှိဘူးလို့ ဝေဖန်လာနေကြပါတယ်။

ဒီလို အပြောင်းအလဲတွေ အရှိန် အဟုန်ကောင်း တစ်ခုနဲ့ ဖြစ်လာဖို့ အတွက် ကမ္ဘာ့ကပ်ရောဂါ ဆိုးကြီးကလဲ တွန်းအားတွေ ဖြစ်စေခဲ့ပါတယ်။ ကိုဗစ်ကြောင့် ဘောလုံးကွင်းတွေ ပိတ်ပြီး ကစားနေရချိန်မှာ အသင်းငယ်တွေ အားလုံး ရုန်းကန်နေကြရသည့်တိုင်အောင် ၊ အသင်းကြီးတွေက ဟန်မပျက် ဆက်လက် ရပ်တည်ပြခဲ့ကြပါတယ်။ UEFA ရဲ့ အစီရင်ခံစာ အရ ကိုဗစ် ကာလ အတွင်း ဥရောပ ကလပ်အသင်းတွေ ရဲ့ စုစုပေါင်း ဝင်ငွေ ယူရို 7 ဘီလီယံ အထိ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

အခု အပြောင်းအလဲဟာ ကမ္ဘာ့ပေါ်မှာ အတောင့်တင်းဆုံး ကစားသမား စာရင်းတွေ ပိုင်ဆိုင်ထားတဲ့ ပရီးမီးယားလိဂ် နဲ့ အခြား ဥရောပ ထိပ်သီး ကလပ်တွေကို အနည်းနဲ့ အများ ရိုတ်ခတ်လာဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ် ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အင်္ဂလန် ကလပ် နှစ်သင်း ထိပ်တိုက်တွေ့ဆုံခဲ့တာဟာ နောက်ဆုံး 3 နှစ် အတွင်း ဒုတိယ အကြိမ် ဖြစ်တာကြောင့် ၊ အခြား ဥရောပ ကလပ်တွေဟာ ပရီးမီးယားလိဂ် ရဲ့ တိုးတက်လာတဲ့ ဝင်ငွေ ပမာဏကို မလိုလားကြပါတယ်။

သို့သော်လဲ ပရီးမီးယားလိဂ် ဟာ သူ့ရဲ့ ကိုယ်ပိုင် ရုပ်သံ ထုတ်လွှင့်ခ ကနေပဲ ဝင်ငွေတွေ အများကြီး ရှာဖွေ ပေးထားနိုင်ဆဲ ဖြစ်လို့ အခြား ဥရောပ ကလပ်တွေ အနေနဲ့ ဘဏ္ဍာရေး စည်းမျဉ်း အပြောင်းအလဲ ဖြစ်မယ် ဆိုရင်တောင် ရုတ်တရက် အမှီလိုက်နိုင်ဖို့တော့ မလွယ်သေးပါဘူး။

အခု သတ်မှတ်မယ့် “ အားကစား ဆိုင်ရာ အသုံးစာရိတ်” လို့ သုံးနှုန်းထားတဲ့ အထဲမှာ ကစားသမားတွေ အပေါ် ပေးချေတဲ့ “လစာ ပမာဏ + အပြောင်းအရွှေ့ အသုံးစာရိတ်” ကို အဓိက ရည်ညွှန်းထားပါတယ်။

အီတလီ မှာ ဆိုရင် ကစားသမားတွေ လစာ ပေးချေတဲ့ နှုန်းထား တစ်ခုတင် လက်ရှိ UEFA က ပြဌာန်းမယ့် စုစုပေါင်း ဝင်ငွေ ရဲ့ 70% အထက် ကျော်လွန် နေသလို ၊ စပိန် က ဘာစီလိုနာ အသင်း ဆိုရင်လဲ မက်ဆီ ရဲ့ လစာကို ပေးချေနိုင်ဖို့ လုပ်ဆောင်နိုင်ခြင်း မရှိလို့ အလွတ်ကြေး နဲ့ လက်လွှတ်ထားရပါတယ်။

ဥရောပ ထိပ်သီး ကလပ်တွေကို ကြည့်လိုက်မယ် ဆိုရင် တစ်ချို့ ပိုင်ရှင်တွေ ဟာ နဂို မူလ ကတည်းက ချမ်းသာ ကြွယ်ဝပြီးသား ဖြစ်နေလို့ ၊ ကလပ် အသင်းရဲ့ လိုအပ်ချက်တွေ ရှိလာတိုင်း ကိုယ်ပိုင်ငွေတွေ စိုက်ထုတ်ကာ ဖြေရှင်းပေးလေ့ရှိပါတယ်။ အဲဒီလို ကလပ်တွေကတော့ “အားကစား ဆိုင်ရာ အသုံးစာရိတ်” ကို 85% အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြသလို ၊ ဂျာမဏီ လို ပရိသတ်တွေက အသင်းကို ပိုင်ဆိုင်ထားတဲ့ နေရာမျိုး ကျတော့လဲ လစာ ကန့်သတ်ချက်ကို အစောကြီး ကတည်းက စနစ် တကျနဲ့ ထိန်းချုပ်ထားပြီးသား ဖြစ်လို့ 70% က များလွန်းနေတယ်လို့တောင် ဝေဖန်နေကြပါတယ်။

ဘာပဲ ဖြစ်ဖြစ် အခု စည်းမျဉ်းသစ် ကို စတင် အကောင်ထည်ဖော်ဖို့ ပြင်ဆင်လာချိန်မှာ ကလပ် အသင်းတွေ ရဲ့ သုံးစွဲမှု ကို 90% အထိ ကနဦး ခွင့်ပြုထားပြီးမှာ ဖြစ်ပြီး ၊ 3 နှစ် အတွင်းမှာ 70% အတွင်း ဝင်ရောက်နိုင်အောင် ကြိုးစားဖို့ လမ်းဖွင့်ပေးမှာ ဖြစ်ပါတယ်။

UEFA ဟာ FFP ကိစ္စ နဲ့ ပတ်သက်လို့ မန်စီးတီး ၊ ပီအက်စ်ဂျီ အသင်းတွေကို အရေးယူနိုင်ခဲ့ခြင်း မရှိတာမို့ ၊ ဒီတစ်ကြိမ် အပြောင်းအလဲ လုပ်ဆောင်ချိန်မှာ ဘယ်လို ပြစ်ဒဏ်မျိုးတွေ ချမှတ်မှာလဲ ဆိုတာကိုပါ တိတိကျကျ ပြဌာန်း ဖော်ပြမှာ ဖြစ်ပါတယ်။ ပထမ အကြိမ် ချိုးဖောက်တဲ့ ကလပ်တွေ အနေနဲ့ ဒဏ်ကြေး ပေးဆောင်ရတာမျိုး ၊ ဥရောပ ဘောလုံး အဖွဲ့ချုပ်က ဦးစီး ကျင်းပနေတဲ့ ပြိုင်ပွဲ သုံးခုကနေ အဆင့်လျှောတာမျိုးတွေ ချမှတ်သွားမှာပါ။

ဥပမာ ချန်ပီယံလိဂ် ပြိုင်ပွဲဝင် အသင်းဆိုရင် ယူရိုပါလိဂ် ဆင်းပြီး ကစားရတာမျိုးတွေ ဖြစ်ပါတယ်။ နောက်ထပ် အရေးယူမှု တစ်ခုက အမှတ်လျှော့တဲ့ ပြစ်ဒဏ်တွေဖြစ်ပြီး ၊ ဆက်တိုက် ချိုးဖောက်ခဲ့ရင် ပြိုင်ပွဲကနေ ထုတ်ပယ်တာမျိုးတွေ အထိ လုပ်ဆောင်မှာပါ။

တစ်ချိန်တည်းမှာ လက်ရှိ မန်စီးတီး နဲ့ ပီအက်စ်ဂျီ တို့ လုပ်ဆောင်နေတဲ့ သူတို့ ပိုင်ရှင်တွေ ရဲ့ အခြား လုပ်ငန်းတွေ ကနေ တဆင့် မတန်တဆ စပွန်ဆာကြေးတွေ ပေးအပ်တာမျိုးတွေကိုပါ ထပ်မံ ပေါ်ပေါက်လာခြင်း မရှိအောင် ၊ ဈေးကွက် တန်ဖိုးထက် ပိုမိုများပြား တဲ့ စပွန်ဆာ စာချုပ်တွေ ပေါ်ပေါက်လာခြင်း မရှိအောင် ထိန်းချုပ် တားဆီးသွားမှာပါ။

SM