El Classico ဂိုးပြတ်ရှုံးပွဲမှာ အီဒင် ဟာဇတ်နဲ့ ဂါရတ်ဘေးလ်တို့ကို လုံးဝ မသုံးခဲ့တဲ့ အန်ဆယ်လော့တီ အပေါ် အပြစ်တင် ဝေဖန်လိုက်တဲ့ ဂူတီ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ည က ကစားခဲ့တဲ့ စပိန် လာလီဂါရဲ့ နာမည်ကြီး El Classico ပွဲမှာ အိမ်ရှင် ရီးရဲလ်မက်ဒရစ် အသင်းဟာ မဟာပြိုင်ဖက် ဘာစီလိုနာ အသင်းကို မထင်မှတ်ထားပဲ ၊ ၀ – ၄ ရလဒ်နဲ့ အရှက်တကွဲ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ် ။ ဒီ ရှုံးပွဲဟာ လာလီဂါ ချန်ပီယံဆု ရရှိဖို့ ရေပန်း အစားဆုံး ဖြစ်နေတဲ့ ဂုဏ်ပုဒ်ကို မထိခိုက်စေပေမယ့် ၊ တိုက်စစ်မှူး လိုအပ်ချက်ကို ကွင်းကွင်းကွက်ကွက် ထောက်ပြခဲ့ပါတယ် ။

အထူးသဖြင့် ဒဏ်ရာ ရနေတဲ့ အားထားရတဲ့ ဝါရင့် ပြင်သစ် တိုက်စစ်မှူး ကာရင် ဘန်ဇီမာ မပါဝင်နိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ် ဟာ ဘာမှ မလုပ်တတ် မကိုင်တတ် ဖြစ်ခဲ့ရပါတယ် ။ ဒါ့အပြင် နည်းပြ ဖြစ်သူ ကာလို အန်ဆယ်လော့တီ ဟာ အရန်ခုံက တိုက်စစ် ကစားသမား အများစုကို မယုံကြည်နေပါဘူး ။

ဂါရတ်ဘေးလ် ၊ အီဒင် ဟာဇတ် ၊ လူကာ ဂျိုဗစ် ၊ အစ္စကို တို့ဟာ အန်ဆယ်လော့တီရဲ့ ဦးစားပေး အဆင့်မှာ နောက်ဆုံး နေရာကို ရောက်နေပြီး ၊ ဂိုးပြတ် ရှုံးခဲ့တဲ့ အချိန်မှာတောင် ၄င်းတို့ကို အခွင့်အရေး လုံးဝ မပေးခဲ့တာကြောင့် ၊ ထိုအခြင်းအရာ အပေါ် ရီးရဲလ်မက်ဒရစ် ပရိသတ် အချို့ကလည်း ဘဝင်မကျ ဖြစ်နေပါတယ် ။

ဘရာဇီး လူငယ် တောင်ပံ ကစားသမား ရိုဒရိုင်ဂိုကို False 9 ပုံစံ ကစားစေခဲ့တာ က လူပို တယောက်လိုသာ ဖြစ်ခဲ့ပြီး ၊ ဘာဆာ ခံစစ်ကို ထူးထူးခြားခြား တုန်လှုပ်စေခဲ့ခြင်း မရှိပါဘူး ။ ဒီအတွက်ကြောင့် အန်ဆယ်လော့တီ အနေနဲ့ လက်ကျန် ရာသီရဲ့ အရေးကြီးတဲ့ ပွဲအချို့မှာ ဘန်ဇီမာ မပါပဲ ဘယ်လို အဆင်ပြေအောင် ကစားရမယ် ဆိုတာ ကြိုတင် ကြံဆထားဖို့ လိုနေပါပြီ ။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်း တဦး ဖြစ်တဲ့ ဂူတီ ကတော့ အီဒင် ဟာဇတ် ၊ ဂါရတ်ဘေးလ် တို့ကို တစက်မှ အယုံအကြည် မရှိတော့တဲ့ အပြင် ၊ El Classico ဂိုးပြတ် ရှုံးပွဲမှာ တစက်မျှပင် စမ်းသပ် အသုံးပြုခဲ့ခြင်း မရှိတာနဲ့ ပတ်သက်ပြီး အန်ဆယ်လော့တီကို အခုလိုပဲ ဝေဖန်သွားခဲ့ပါတယ် ။

El Chiringuito နဲ့ တွေ့ဆုံခဲ့ရာမှာ ဂူတီ က ” ကျွန်တော်သာ အန်ဆယ်လော့တီ နေရာမှာသာဆိုရင် ၊ ကိုယ်ရထားတဲ့ ကစားသမား အင်အားကို အရင်ကြည့်ပါမယ် ။ အရန်မှာ ကျွန်တော် ဟာ ဟာဇတ် ၊ ဘေးလ် ၊ ဂျိုဗစ် ၊ အစ္စကိုတို့လို နာမည်ကြီး တိုက်စစ် ကစားသမားတွေ ပိုင်ဆိုင်ထားတာကို သတိထားမိပါမယ် ။ ”

” ဒီလို အခြေအနေမှာ ခင်ဗျား ဟာ သူတို့ထဲက တယောက်လောက်တောင် လူစားလဲ သုံးဖို့ မကြိုးစားကြည့်ဖူးလား ? ဘာတွေ ဖြစ်သွားပြီလဲ ? ကျွန်တော်ဖြင့် တွေးမတတ်လောက်အောင်ပါပဲ ။ ဘာစီလိုနာနဲ့ ပွဲမှာ ဒုတိယပိုင်း ပြန်အစ ရီးရဲလ်မက်ဒရစ်ဖက်က လူစားလဲ အပြောင်းအလဲ လုပ်တာဆိုလို့ မာရီယာနိုပဲ ရှိခဲ့ပါတယ် ။ ”

” ဒါက ဘယ်လိုဖြစ်ရတာလဲ ? ဘေးလ်နဲ့ ဟာဇတ် က ပါများ မပါလာတာလား ? မက်ဒရစ်ရဲ့ ပထမဆုံး လူစားလဲမှု က မာရီယာနို ဖြစ်ပြီး ၊ သူက ဒီနှစ်ထဲ တပွဲတောင် ကောင်းကောင်း မကစားထားဘူး မဟုတ်လား ? ရီးရဲလ်မက်ဒရစ် ဆိုတာ ကစားသမား ၁၂ယောက် ၊ ၁၃ယောက်တည်းနဲ့ လည်ပတ်လို့ မရပါဘူး ။ ”

” လာလီဂါ ၊ ချန်ပီယံလိဂ် ၊ ကိုပါဒယ်ရေးတို့လို ပြိုင်ပွဲ အားလုံးမှာ ယှဉ်ပြိုင်ချင်တဲ့ အသင်းကြီး တသင်း ဟာ ကစားသမား ၁၄ယောက်တည်းနဲ့ ရပ်တည်လို့ မရပါဘူး ။ မကစားချင်တဲ့ ကစားသမား ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အသင်းသား မဟုတ်ပါဘူး ။ ဒီလောက် အထိ ရိုးရှင်းပါတယ် ။ ”

” ဒီလိုမှမဟုတ်ရင်လည်း ကလပ်က တာဝန်ရှိသူ တယောက်ယောက် ( သို့မဟုတ် ) အန်ဆယ်လော့တီ ကိုယ်တိုင်က ဘယ်ကစားသမားကဖြင့် ရီးရဲလ်မက်ဒရစ် အတွက် မကစားပေးချင်တော့ဘူးလို့ ထုတ်ပြောရင်တော့ တမျိုးပေါ့ ။ အခုက ကလပ်က ကစားသမားတွေကို လစာပေးထားပါတယ် ။ ဘယ်လိုဖြစ်လို့ ခင်ဗျားက သူတို့တွေထဲက တယောက်မှကို မသုံးရတာလဲ ? ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR