El Clasico မှာ ဂိုးပြတ် ရှုံးပွဲ ကြုံတွေ့ခဲ့ရမှု အတွက် သူ့မှာ တာဝန် အပြည့်ရှိကြောင်း ဝန်ခံလိုက်တဲ့ အန်ဆယ်လော့တီ

ဒီကနေ့ မနက် အစောပိုင်း ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ် အသင်းဟာ အိမ်ကွင်း ဘာနေဗျူးမှာ မဟာ ပြိုင်ဘက် ဘာစီလိုနာ အသင်းကို ဂိုးပြတ် ရှုံးနိမ့် ခဲ့ရပါတယ် ။ အဆိုပါ ရှုံးပွဲဟာ သူ့ရဲ့ အမှားတွေကြောင့်သာ ဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီ က ပွဲအပြီးမှာ ဝန်ခံ ပြောကြား လိုက်ပါတယ် ။

အန်ဆယ်လော့တီ ဟာ ဘာစီလိုနာ နဲ့ ပွဲမှာ ဘန်ဇီးမား မပါဝင်နိုင်တာကြောင့် မိုဒရစ် ကို False 9 နေရာမှာ ထားကစားခဲ့ပါတယ် ။ အန်ဆယ်လော့တီ က ပွဲကို ပိုမို ထိန်းချုပ်ပြီး high press ကစားဖို့ ကြိုးစား ခဲ့ပေမယ့် အလုပ် မဖြစ်ခဲ့ကြောင်း ပွဲအပြီး အင်တာဗျူးမှာ ဝန်ခံ သွားခဲ့ပါတယ် ။

” ကျွန်တော် ကစားချင်တဲ့ ပုံစံက အလုပ် မဖြစ်ခဲ့ပါဘူး ၊ သူတို့ တိုက်စစ်ဆင်လာချိန်မှာ ကျွန်တော်တို့ဘက်က လုံးဝ မထိန်းချုပ်နိုင်ခဲ့ပါဘူး ၊ သူတို့ ကျွန်တော်တို့ကို ကောင်းကောင်း ဒုက္ခ ပေးနိုင် ခဲ့ပါတယ် ၊ ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ညတစ်ညတော့ မဟုတ်ခဲ့ပါဘူး ။ ”

” ပရိသတ်တွေကို တောင်းပန်ပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ ရှေ့လာမယ့် ပွဲတွေမှာ ရလဒ်ကောင်းတွေ ပြန်ရလာအောင် ကြိုးစားသွားမှာ ဖြစ်ကြောင်းပြောချင်ပါတယ် ၊ ကျွန်တော်တို့က ချန်ပီယံပြိုင်ပွဲမှာ အသာနေရတာပါ ၊ သေချာ အနားယူပြီးရင် ပုံစံကောင်းတွေနဲ့ ပြန်လာမယ်လို့ ပြောချင်ပါတယ် ။ ”

” ကျွန်တော့် အမှားတွေကြောင့်ပါပဲ ၊ Clasico ဖြစ်တာကြောင့်လည်း ကစားရ ခက်ခဲပါတယ် ၊ ကျွန်တော်တို့ တောင်းပန်ပါတယ် ၊ စိတ်ပျက်စရာ ရှုံးပွဲ တစ်ပွဲ တစ်ပွဲပါ၊ တိုက်ပွဲ တစ်ခုမှာ အရေးနိမ့်သွားသလိုပါပဲ ၊ ဒါပေမယ့် ကျွန်တော်တို့မှာ အသာစီးရမှု ရှိနေပါသေးတယ် ။ ”

” ကျွန်တော်တို့ စိတ်ကို အေးဆေး တည်ငြိမ်အောင် ထားပြီး ရလဒ်ကောင်းတွေ ပြန်ရလာအောင် လုပ်ဆောင်ရမှာပါ ။ ပြီးသွားတဲ့ ဒီပွဲကနေ drama တွေ ပြန်လုပ်နေလို့ မရပါဘူး၊ ဒီနေ့ကတော့ အစစအရာရာ မှားယွင်း ခဲ့ပါတယ် ၊ ကျွန်တော်တို့ ဒီပွဲရလဒ်ကို မေ့ပစ်ပြီး ရှေ့ဆက်ရမှာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ရီးယဲလ်မက်ဒရစ် အသင်းဟာ ရှုံးပွဲ ကြုံတွေ့ ခဲ့ရပေမယ့် ဒုတိယနေရာက ဆီဗီလား အသင်းကို ၉ မှတ် ဖြတ်ထားနိုင်ဆဲပါ ။ ဇာဗီ အတွက်တော့ သူ့ရဲ့ဘာစီလိုနာ နည်းပြ ဘဝ ပထမဆုံး လာလီဂါ El Clasico ပွဲကို ဂိုးပြတ် နိုင်ပွဲ နဲ့ အတူ အောင်ပွဲခံ နိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဘာစီလိုနာ အသင်းဟာ ဒီရာသီ ချန်ပီယံဆု အတွက် ရီးယဲလ်မက်ဒရစ် အသင်း နဲ့ အမှတ်တွေ အများကြီး ကွာနေသေးပေမယ့် လာလီဂါ နောက်ဆုံး ၅ ပွဲဆက်တိုက် နိုင်ပွဲ ရယူ ထားနိုင်ပါတယ် ။ အဆိုပါ ၅ ပွဲမှာ တစ်ပွဲတည်း ၄ ဂိုး အထိ သွင်းယူ နိုင်ခဲ့တဲ့ ပွဲကလည်း ၄ ပွဲ အထိ ရှိနေပါတယ် ။

ဘာစီလိုနာ အသင်းဟာ လက်ရှိမှာ အဆင့် ၃ နေရာမှာ ရပ်တည် နေပြီး အဆင့် ၂ နေရာ ကို တက်လှမ်းနိုင်တဲ့ အနေအထားမှာလည်း ရှိနေပါတယ် ။ ဇာဗီ ကို ခန့်အပ်ပြီးကတည်းက ဘာစီလိုနာ အသင်းဟာ ၁၆ ပွဲ ကစားရာမှာ ရမှတ် ၃၇ မှတ် အထိ ရယူ ထားနိုင်ပါတယ် ။

SM