El Clasico နိုင်ပွဲက သူ့ရဲ့ ထူးခြားတဲ့ အောင်ပွဲခံပုံ နဲ့ ပတ်သက်ပြီး ရှင်းပြလိုက်တဲ့ အူဘာမီယန်း

အူဘာမီယန်း ရဲ့ ဘာစီလိုနာ ကစားသမား ဘဝ အစကတော့ တကယ့်ကို လှပ ကောင်းမွန် နေပါတယ် ။ ဂါဘွန်သား ဟာ နောက်ဆုံး ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် နဲ့ El Clasico ပွဲမှာ ဘာစီလိုနာ အတွက် ၂ ဂိုး သွင်းယူ ပြီး လေးဂိုး​ပြတ် နိုင်ပွဲ ရရှိအောင် စွမ်းဆောင် ပေးခဲ့ပါတယ် ။

အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အူဘာမီယန်း ဟာ စည်းကမ်းချိုးဖောက်မှုကြောင့် အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပြီး ပွဲထွက် လူစာရင်း ကနေ တောက်လျှောက် ချန်လှပ်ခံ ခဲ့ရတဲ့နောက် အာဆင်နယ် အသင်း နဲ့ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်း ခဲ့ပါတယ် ။

အဲ့ဒီနောက်မှာတော့ အူဘာမီယန်း ဟာ စပိန်လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ် ။ အူဘာမီယန်း ဟာ ဘာစီလိုနာ အသင်းမှာ ပုံစံကောင်းတွေ ပြသ နေနိုင်ပြီး စုစုပေါင်း လိဂ်သွင်းဂိုး ၇ ဂိုး အထိ သွင်းယူ ပေးထား နိုင်ပါတယ် ။

အူဘာမီယန်း ဟာ သူ့ရဲ့ သွင်းဂိုးတွေကြောင့်သာမက တစ်မူထူးခြားတဲ့ အောင်ပွဲခံ ပုံတွေကြောင့်လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ကို ရရှိလေ့ ရှိသူပါ ။ ရီးရဲလ်မက်ဒရစ် နဲ့ ပွဲမှာလည်း အူဘာမီယန်း ဟာ ဒုတိယဂိုး သွင်းအပြီး Dragon Ball Animated Series ထဲက Super Saiyan gesture အတိုင်း အောင်ပွဲ ခံခဲ့ပါတယ် ။

အူဘာမီယန်း က သူ့ရဲ့အောင်ပွဲခံပုံ နဲ့ ပတ်သက်ပြီး Dairio Sports နဲ့ အင်တာဗျူးမှာ ” Dragon Ball ထဲက ဘောလုံး ကို ရည်ရွယ်တာ ဖြစ်ပါတယ် ။ အဲ့ဒါနဲ့ဆို ခင်ဗျား ဆုတောင်းချင်တာ ဆုတောင်းလို့ ရပါတယ် ၊ ဆုံးပါး သွားပြီ ဖြစ်တဲ့ အဖိုး နဲ့ အဖွားကို ရည်စူးတဲ့ အနေနဲ့ ကျွန်တော် အဲ့ဒီပွဲကို အနိုင်ရချင် ခဲ့သလို ဂိုးလည်း သွင်းချင် ခဲ့ပါတယ် ။ ”

” ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ဒီအကြံ ပေးခဲ့တာ ဖြစ်ပါတယ် ၊ ဒီပွဲမှာ အဲ့လို လုပ်ရင် ကောင်းမယ်လို့ တွေးမိတာကြောင့် လုပ်ဖြစ် ခဲ့တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ အူဘာမီယန်း ကို အကြံပေးခဲ့တဲ့ သူငယ်ချင်းဟာ တက်တူး ပညာရှင် Alejandro Nicolas ဖြစ်ပါတယ် ။

အူဘာမီယန်း ဟာ ပြီးခဲ့တဲ့ ၃ နှစ်တုန်းက ရန်းနက်စ် အသင်း နဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ဂိုးသွင်းအပြီး Black Panther မျက်နှာဖုံး ဝတ်ဆင်ပြီး အောင်ပွဲ ခံခဲ့ဖူးပါသေးတယ် ။

အူဘာမီယန်း ဟာ Black Panther မျက်နှာဖုံး ဝတ်ဆင်ခဲ့တဲ့ အကြောင်းကို အခုလို ရှင်းပြ ခဲ့ဖူးပါတယ် ။ ” ကျွန်တော့်ကို ကိုယ်စားပြု နိုင်မယ့် မျက်နှာဖုံး ကို ရှာကြည့်တော့ Black Panther ကို သွားတွေ့ပါတယ် ၊ ဂါဘွန်မှာ ကျနော်တို့ နိုင်ငံ အသင်းကို the Panthers လို့ ခေါ်ကြပါတယ် ။ ” လို့ ရှင်းပြ ခဲ့ဖူးပါတယ် ။

SPORTS MYANMAR