Comeback နိုင်ပွဲ ၊ ဘန်ဇီးမား နဲ့ မိုဒရစ် တို့ရဲ့ ခြေစွမ်း ၊ ဘာနေဗျူးရဲ့ မှော်ဆန်မှုတွေ အကြောင်း ပြောကြားလိုက်တဲ့ အန်ဆယ်လော့တီ

ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်တဲ့ ရီးယဲလ် မက်ဒရစ် အသင်းဟာ ၁၆ သင်း ရှုံးထွက်အဆင့်မှာ နှစ်ကျော့ပေါင်း ရလဒ် ၀-၂ နဲ့ ပီအက်စ်ဂျီ အသင်းကို ရှုံးနိမ့် နေတဲ့ အနေအထားကနေ ပြန် comeback ပြီး ကွာတားဖိုင်နယ် အဆင့် တက်လှမ်း သွားခဲ့ပါတယ် ။

ရီးယဲလ် မက်ဒရစ် အသင်း အတွက် ဟီးရိုး ဖြစ်ခဲ့သူကတော့ တိုက်စစ်မှူးကြီး ဘန်ဇီးမား ဖြစ်ပြီး တစ်ဦးတည်း သုံးဂိုး သွင်းယူကာ နာမည်ကျော် ကစားသမား​တွေ အများအပြား ရှိနေတဲ့ ပီအက်စ်ဂျီ အသင်းကို ဖြုတ်ချ ခဲ့တာ ဖြစ်ပါတယ် ။

ပွဲအပြီးမှာတော့ ရီးယဲလ် မက်ဒရစ် နည်းပြ အန်ဆယ်လော့တီ က သူတို့ရဲ့ comeback နိုင်ပွဲအပေါ် ” ကျွန်တော်တို့ အခက်ခဲတွေ အများကြီး နဲ့ ရင်ဆိုင် ခဲ့ရပေမယ့် ထိန်းသိမ်း ကစား နိုင်ခဲ့ပါတယ် ။ ကျွန်တော်တို့ ဘောလုံး ရယူဖို့ ကြိုးစားရာမှာ အခက်ခဲတွေ ရှိခဲ့ပါတယ် ၊ ဒါပေမယ့် ကာရင် ရဲ့ ကောင်းမွန်တဲ့ ဖိအားပေးမှုကြောင့် ကျွန်တော်တို့ ချေပဂိုး ပြန်ရခဲ့ပါတယ် ။ ”

” အဲ့ဒီနောက်မှာတော့ ဘာနေဗျူး ရဲ့ မှော်ဆန်မှုက ထွက်ပေါ် လာတော့တာပါပဲ ၊ ၁-၁ ဖြစ်နေတဲ့ အချိန်ကစပြီး အနိုင်ရမယ့် အသင်း က တစ်သင်းတည်းသာ ရှိတယ် ဆိုပြီး စိတ်ပိုင်းဖြတ် ကစားခဲ့ကြတာ ဖြစ်ပါတယ် ။ ”

မိုဒရစ် ၊ ဘန်ဇီးမား တို့ရဲ့ ခြေစွမ်း နဲ့ ပတ်သက်ပြီးလည်း အန်ဆယ်လော့တီ က ” သူတို့က နေ့ရက်တိုင်း ပိုပိုကောင်းလာကြတဲ့ ကစားသမားတွေပါ ။ သူတို့နဲ့ အလုပ် အတူ တွဲလုပ်ရတာ တကယ် စိတ်ချမ်းသာဖို့ ကောင်းပါတယ် ။ ”

” ကာရင် က ဒဏ်ရာ ရနေရာကနေ အသင်းအတွက် ပြန်ကစားပေး နေနိုင်ပါပြီ ၊ မိုဒရစ် ကတော့ ဘယ်နေရာမှာပဲ ကစားကစား သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ထုတ်ပြ နိုင်သူ တစ်ဦးပါ ။ ”

ပီအက်စ်ဂျီ နဲ့ ပွဲမှာ နည်းပြကြီး အန်ဆယ်လော့တီ ရဲ့ လူစားလဲမှုတွေဟာ ထိရောက်ပြီး မှန်ကန်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှု ရရှိနေပါတယ် ။အန်ဆယ်လော့တီ ကတော့ သူ့ရဲ့ လူစား လဲမှုတွေထ​က် အသင်း ကစားပုံ ကောင်းမွန်တာက အဓိကကျကြောင်း ဆိုပါတယ် ။

” ကျွန်တော်တို့သာ ကစားပုံ ကောင်းနေရင် ဘယ်အသင်းနဲ့ မဆို ယှဉ်ပြိုင် နိုင်စွမ်း ရှိပါတယ် ၊ ရလဒ် ပြောင်းလဲသွားခဲ့တာက ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့တာကြောင့်ပါ ။ ဒါပေါ့ဗျာ ၊ ကံတရား ရဲ့ဖေးမမှု လည်း ပါတာပေါ့ ။ ”

” ဒီနေ့ညကတော့ ဘာနေဗျူးကွင်းကြီးရဲ့ မှော်ဆန်မှု ၊ အသင်း ရဲ့ ကြီးမားတဲ့ သမိုင်း အစဉ်အလာတွေနဲ့ သက်ဆိုင်ပါတယ် ။ ကျွန်တော် ဒီပြိုင်ပွဲမှာ ပွဲတွေ အများကြီး ကိုင်တွယ် ခဲ့ဖူးပါတယ် ၊ ဒီနေ့ညလို ပွဲမျိုးကတော့ အနည်းငယ်ပဲ ကြုံခဲ့ဖူးပါတယ် ။ ”

” ဒီနိုင်ပွဲကို မမေ့သွားကြဖို့ မျှော်လင့်ပါတယ် ၊ ဒီနိုင်ပွဲ က ရှေ့လျှောက် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရယူ နိုင်ဖို့ ဦးဆောင် လမ်းပြ ဖြစ်မယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM