2024 မှာ လီဗာပူးကနေ ထွက်ခွာဖို့ အစီအစဉ် ရှိနေဆဲလို့ ဆိုလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့ သူ့ရဲ့ energy level အပေါ် မူတည်ကာ နည်းပြဘဝကနေ အနားယူသွားမယ့် အချိန်ကို ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း ကလော့က လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် လာမည့် 2024 ခုနှစ်မှာတော့ ကလပ်ကနေ ထွက်ခွာဖို့ အစီအစဉ် ရှိနေဆဲလို့ ပြောသွားပါတယ်။

အသက် 54 နှစ်အရွယ် နည်းပြဟာ ကလပ်ကို ကိုင်တွယ်နေစဉ် ကာလအတွင်း လီဗာပူးကို ထိပ်တန်းအဆင့်ကို ပြန်ရောက်လာအောင် လုပ်ဆောင်ပေးထားခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ချဲလ်ဆီးကို အနိုင်ယူကာ ကာရာဘောင်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ကလော့ဟာ လီဗာပူးနည်းပြဘဝ အတွင်း ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား စူပါဖလား နဲ့ Club World Cup တို့အပြင် နောက်ထပ်ဖလား တစ်လုံးကို ထပ်ရခဲ့တာ ဖြစ်ပါတယ်။

ကာရာဘောင်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ၎င်းရဲ့ လီဗာပူးဟာ လက်ရှိမှာ နောက်ထပ်ဖလား 3 လုံး ဖြစ်တဲ့ ပရီးမီးယားလိဂ်ဖလား ချန်ပီယံလိဂ်ဖလား နဲ့ အက်ဖ်အေဖလား တို့ကို ဆွတ်ခူးနိုင်ရန် ဆက်လက်တိုက်ပွဲ ဝင်နေပါတယ်။ ဒါပေမယ့်လည်း ကလော့ဟာ လက်ရှိမှာ လီဗာပူးနဲ့ စာချုပ်သက်တမ်း တိုးသွားမယ့် case ကိုတော့ စဉ်းစားနေခြင်း မရှိပါဘူး။

ကလော့ဟာ လာမည့် 2024 ခုနှစ်မှာ ကလပ်ကို ကိုင်တွယ်တာ 9 နှစ် နီးပါး ရှိလာမှာ ဖြစ်ပြီး လီဗားပူး မန်နေဂျာက စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အချိန်တစ်ခုထိ အနားယူသွားမယ်ဆိုပြီး သူ့မိသားစုကို ကတိပေးထားခဲ့တယ်လို့ ‌ပြော ထားခဲ့ပါတယ်။

ကလော့က “လက်ရှိ အစီအစဉ်ကတော့ 2024 ခုနှစ်ထိ ကလပ်ကို ကိုင်တွယ်ကာ အဲဒီနောက် ‘Thank you very much’ လုပ်သွားဖို့ပါပဲ။ ကျွန်တော့်မှာ ဒီအတွက် energy level ရှိနေသေးတယ်ဆိုရင် ဒီလောကထဲ ဆက်လက် ကျင်လည်သွားမှာပါ။ ကျွန်တော့်ရဲ့ လက်ရှိ အလုပ်ကို တအားနှစ်သက်ပါတယ်။

ဒါပေမယ့် ကျွန်တော် ပြောဖူးခဲ့တဲ့ အတိုင်းပဲ ကမ္ဘာပေါ်မှာ အခြား သင်ယူလေ့လာစရာတွေ ရှိနေပါတယ်။ တအားကို skill ကောင်းပြီး ကြည့်ကောင်းကာ ထူးချွန်တဲ့ ဘောလုံးသမား အကြောင်းတွေက လွဲလို့ပေါ့။ လက်ရှိမှာ ကျွန်တော်ဟာ energy level ပြည့်ဝနေပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဖြစ်အောင် လုပ်သွားရမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ယာဂန်ကလော့လို နည်းပြမျိုး ထွက်ခွာသွားခဲ့မယ်ဆိုရင် ဒါဟာ လီဗာပူးအတွက် ကြီးမားတဲ့ ဟာကွက်ကြီး ဖြစ်သွားမှာ ဖြစ်ပေမယ့်လည်း ဂျာမန်နည်းပြက လီဗာပူးဟာ သူထွက်ခွာပြီးနောက် ကာလရှည် ဆက်လက် တောက်ပနေအုံးမယ့် ကောင်းမွန်တဲ့ အသင်း တည်ဆောက်ပုံ ရှိနေပြီးသား ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ကလော့က “အစီအစဉ် ဆိုတဲ့ အကြောင်း ပြောတဲ့အခါမှာ ဒါဟာ ကလပ်အတွက် ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အနာဂတ်ဟာ အိုကေမှာပါ။ ကျွန်တော့် အနေနဲ့ plan ချထားစရာ မလိုအပ်ပါဘူး။ အစီအစဉ် ဆိုတာ ကလပ်ရဲ့ အနာဂတ် ဖြစ်ပါတယ်။ အရာအားလုံး အစီအစဉ်တကျ ဖြစ်အောင် ကျွန်တော်တို့ တောက်လျှောက် လုပ်နေပါတယ်။

ဒါဟာ ကျွန်တော်အတွက် မဟုတ်သလို ကျွန်တော့် မျိုးဆက်အတွက်လည်း မဟုတ်ပါဘူး။ ဒါဟာ ကလပ်ရဲ့ ရှည်လျားတဲ့ အနာဂတ်အတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အရာတော်တော်များများကို တိုးတက်အောင် ကြိုးစားခဲ့ပါတယ်။

ဒါဟာ မှန်ကန်တဲ့ အရာတွေ လုပ်သွားဖို့ မှန်ကန်တဲ့ လူတွေ ခေါ်ယူသွားဖို့ သူတို့ကို လူမှန်နေရာမှန် ဖြစ်အောင် ချပေးသွားဖို့ ဖြစ်ပါတယ်။ ဒီလို လုပ်ရင် ဆုဖလားတွေ ဆွတ်ခူးနိုင်လိမ့်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင့်တော်တဲ့ အလုပ်အတွက် မှန်ကန်တဲ့ လူတွေကို ထားပြီး သူတို့ကို အသုံးချသွားဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကြိုးစားနေတာ အဲဒါပါ။ ဒီလို စီစဉ်ထားတာကြောင့် အရာအားလုံး အိုကေပါလိမ့်မယ်။ ကျွန်တော် ထွက်ခွာသွားချိန်မှာ အားလုံး အိုကေပါလိမ့်မယ်။” လို့ ဆိုလိုက်ပါတယ်။

SM