2022 ကမ္ဘာ့ဖလား ဆင်နွှဲဖို့ ခရီးတစ်၀က် နီးသွားတဲ့ အီဂျစ်

မနေ့ည က ကစားခဲ့တဲ့ အာဖရိကဇုံ ကမ္ဘာဖလား နောက်ဆုံးအဆင့် ခြေစစ်ပွဲစဉ်မှာတော့ အီဂျစ် ဟာ အိမ်ရှင် ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ အာဖရိက ချန်ပီယံ ဆီနီဂေါ အသင်းကို ကလဲ့စား ချေပြသွားခဲ့ပါတယ်။

အာဖရိက တိုက်ဟာ ကမ္ဘာ့ဖလား ပါ၀င် ယှဉ်ပြိုင်ခွင့် အတွက် စုစုပေါင်း 5 နေရာ ရရှိထားပါတယ်။

ခြေစစ်ပွဲတွေကို အဆင့် 3 ဆင့်ခွဲကာ ကျင်းပခဲ့ပြီး ၊ လက်ရှိတော့ နောက်ဆုံး တတိယ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကာ ဒီအဆင့်မှာ အသာစီးရတဲ့ 5 သင်းက ကာတာ ကမ္ဘာဖလားကြီးဆီ သွားရောက် ယှဉ်ပြိင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒီအဆင့်မှာ အိမ်ကွင်း ၊ အဝေးကွင်း ပုံစံ နဲ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပြီး ပထမ အကျော့ပွဲစဉ်တွေကို မနေ့ညပဲ ကျင်းပပြီးစီးသွားပြီ ဖြစ်ပါတယ်။

လက်ရှိ အာဖရိက ချန်ပီယံ ဆီနီဂေါ ကတော့ ၊ ဗိုလ်ပွဲမှာ ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ အီဂျစ် အသင်းနဲ့ပဲ နောက်တစ်ကြိမ် တွေ့ဆုံနေခဲ့ပြီး ၊ ဒီတစ်ခါမှာတော့ Ciss ရဲ့ OG သွင်းနဲ့ ပထမ အကျော့ကို အရေး နိမ့်ထားပါတယ်။

 

အိမ်ရှင် အီဂျစ် က ဆီနီဂေါ ရဲ့ ကစားဟန်ကို သိထားပြီးသား ဖြစ်တာမို့ အိမ်ရှင် ပရိသတ်တွေ ရဲ့ ဖိအား နဲ့ ရှုံးကြွေးပြန်ဆပ်ဖို့ အစွမ်းကုန် ပြင်ဆင်လာခဲ့ပါတယ်။

ပွဲစတာ နဲ့ အသားစီးရအောင် တွန်းတွန်းတိုက်တိုက် ကစားရင်း ၊ ဦးဆောင်ဂိုးကိုလဲ 3 မီးနစ် နဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။ မို ဆာလာ ဟာ ဆီနီဂေါ နောက်တန်းတွေကို ကျော်ပြေးရင်း ၊ 18 ကိုက်ထဲကနေ အပိုင် ကန်သွင်းလိုက်ပေမယ့် ဘားတန်းထိပြီး ပြန်ထွက်လာချိန် မှာ Ciss နဲ့ တိုက်မိရင်း ဂိုး၀င်သွားတာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲတုန်းက မချိတင်ကဲ နဲ့ ရှုံးခဲ့ရတဲ့ ဒဏ်ရာဟောင်းတွေကြောင့်ရော ၊ ကမ္ဘာ့ဖလား ၀င်ခွင့် အတွက်ပါ အရေးပါတဲ့ ဂိုး ဖြစ်တာမို့ ဆာလာဟာ အဲဒီဂိုး သွင်းလိုက်တာ နဲ့ ပေါက်ကွဲမှု အပြည့် နဲ့ အောင်ပွဲ ခံခဲ့ပါတယ်။

အာဖရိက ဖလား ပြိုင်ပွဲတုန်း က Team Work ကောင်းကောင်း နဲ့ ကစားပြနိုင်တဲ့ ဆီနီဂေါ ဟာ မနေ့ညကတော့ မာကျောတဲ့ အီဂျစ် ခံစစ်ကြောင်းကို ထိထိရောက်ရောက် ဖြစ်အောင် ထိုးဖောက်နိုင်ခဲ့ခြင်း မရှိပါဘူး။

မာနေး ၊ ဆား တို့ ရဲ့ တိုက်စစ်က တွဲလုံးတွေ သိပ်ပြ မပေါ်ခဲ့သလို ၊ ပွဲပန်းဒဏ် မရှိတဲ့ အီဂျစ် ကစားပုံကလဲ အများကြီး တိုးတက် ကောင်းမွန်လာတာ တွေ့ရပါတယ်။

ဆာလာ ကို အားပြု ပုံဖော်လေ့ရှိတဲ့ အီဂျစ် ရဲ့ တန်ပြန် တိုက်စစ်တွေဟာ ထိရောက်တဲ့ ခြိမ်းခြောက်မှု တစ်ချို့ လုပ်ဆောင်ပြခဲ့သလို ၊ တန်တည်ဘောတွေကို အားပြုလာတဲ့ ဗျူဟာကလဲ မှန်ကန်ခဲ့ပါတယ်။

အီဂျစ် အနေနဲ့ ပထမ အကျော့မှာ တစ်ဂိုးလောက်နဲ့ပဲ အသာစီး ရယူနိုင်ခဲ့လို့ စိတ်မချရသေးဘူးလို့ ပြောရမှာ ဖြစ်သည့်‌တိုင်အောင် ၊ သင်္ချာနည်းအရ တွက်မယ် ဆိုရင်တော့ ခရီးတစ်၀က် ပြီးမြောက်သွားခဲ့ပါပြီ။

ဆစ်ဆေးရဲ့ ဆီနီဂေါ ကတော့ ဒုတိယ အကျော့ အိမ်ကွင်းမှာ အကောင်းဆုံး ပုံစံတွေ နဲ့ တုန့်ပြန်ပြရတော့မှာပါ။ ကစားသမား စုဖွဲ့မှုပိုင်းအရ ၊ တိုက်စစ် စုဖွဲ့မှုပိုင်းအရ ကြည့်မယ် ဆိုရင် ဆီနီဂေါ အနေနဲ့ လုပ်ပြနိုင်စွမ်းတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒုတိယ အကျော့ထိတော့ ဒီနှစ် စလုံးက ရင်ခုန်ရဦးမှာပါ။

အခြား ခြေစစ်ပွဲစဉ်တွေရဲ့ ပထမ အကျော့ ရလာဒ်များ –

DR ကွန်ဂို 1-1 မော်ရိုကို

ကင်မရွန်း 0-1 အယ်ဂျီးရီးယား

မာလီ 0-1 တူနီးရှား

ဂါနာ 0-0 နိုက်ဂျီးရီးယား

SM