၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိပြီးနောက် ရိုနယ်ဒို နဲ့ ဘရူနိုဖာနန်ဒက်စ် တို့ရဲ့ ဝမ်းသာပီတိ စကားများ

ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-off ဖိုင်နယ်မှာ မက်ဆီဒိုးနီးယား အသင်းကို ၂-၀ နဲ့ အနိုင်ယူပြီး ပေါ်တူဂီ အသင်းဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိ သွားခဲ့ပါတယ်။အသင်းခေါင်းဆောင် ခရစ်တီယာနို ရိုနယ်ဒို အတွက်တော့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို ငါးကြိမ်ဆက် ကစားခွင့် ရရှိတော့မှာ ဖြစ်ပါတယ် ။

ပေါ်တူဂီ အသင်းဟာ ဘရူနို ဖာနန်ဒက်စ် ရဲ့ သွင်းဂိုး ၂ ဂိုး နဲ့ အတူ မက်ဆီ ဒိုးနီးယား အသင်းကို အနိုင် ရသွားခဲ့တာ ဖြစ်ပြီး ၂၀ ရာစု နောက်ပိုင်း ကျင်းပတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲတိုင်း ပါဝင် ကစားခွင့်ရတဲ့ အသင်း တစ်သင်း ဖြစ်လာခဲ့ပါတယ် ။

ပေါ်တူဂီ အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုအဆင့်မှာ ဆာဘီးယား ရဲ့နောက် ဒုတိယနေရာမှာသာ ရပ်တည် နိုင်ခဲ့တာကြောင့် Play-off နှစ်ပွဲ ကစားခဲ့ရပြီး နှစ်ပွဲ စလုံး အနိုင်ရရှိအောင် ကစားကာ ကာတာ သွားခွင့် လက်မှတ် အရယူ သွားခဲ့တာ ဖြစ်ပါတယ် ။

ဒဏ်ရာ ပြဿနာသာ မကြုံရပါက ရိုနယ်ဒို ဟာ သူ့ရဲ့ ငါးကြိမ်မြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဆင်နွှဲခွင့် ရရှိမှာ ဖြစ်ပြီး ကမ္ဘာ့ဖလား ငါးကြိမ် ပါဝင် ကစားခွင့်ရတဲ့ ကာဘာဂျယ် ၊ လိုသာမားသီးယက်စ် ၊ ရာဖေးလ်မာကွက်ဇ် ၊ ဘူဖွန် တို့ရဲ့စံချိန်ကို လိုက်မှီသွားမှာ ဖြစ်ပါတယ် ။ (ဘူဖွန်ဟာ ၁၉၉၈ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အီတလီ လူစာရင်းမှာ ပါဝင်ခွင့် ရပေမယ့် ကစားခွင့်တော့ မရရှိခဲ့ပါဘူး ။ )

ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိခဲ့ပြီးနောက် ပေါ်တူဂီ အသင်းခေါင်းဆောင် ရိုနယ်ဒို ဟာ သူ့ရဲ့အင်စတာဂရမ် အကောင့်မှာ ” ရည်မှန်းချ​က် အောင်မြင် အထမြောက်ခဲ့ပါပြီ ၊ ကျွန်တော်တို့ ကာတာ ကမ္ဘာ့ဖလား မှာ ပါဝင် ကစားခွင့် ရသွားပါပြီ ၊ ကျွန်တော်တို့ ရှိသင့်ရှိထိုက်တဲ့ နေရာကို ရောက်သွားခဲ့ပါပြီ ။ ”

“ကျွန်တော်တို့ကို မမောနိုင် မပန်းနိုင် အားပေးကြတဲ့ ပေါ်တူဂီသားတွေ အားလုံးကို ကျေးဇူးတင်ပါတယ် ။ Go Portugal ” လို့ ရေးသား အောင်ပွဲ ခံသွားခဲ့ပါတယ် ။ ရော်နယ်ဒို ဟာ မက်ဆီဒိုးနီးယား နဲ့ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဘရူနို ဖာနန်ဒက်စ် ရဲ့ ပထမသွင်းဂိုးကို ဖန်တီး ပေးနိုင်ခဲ့ပါတယ် ။

ဘရူနို ဖာနန်ဒက်စ် ရဲ့ ဒုတိယသွင်းဂိုးကိုတော့ ဂျိုတာ က ဖန်တီး ပေးခဲ့တာပါ ။ ပေါ်တူဂီ အသင်း အတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းပေးခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ကလည်း ပွဲအပြီးမှာ ” ကျွန်တော့်အတွက်က သွင်းဂိုး ရတာမရတာထက် အသင်းကို အထောက်အကူ ပြု အကျိုးရှိအောင် လုပ်ပေးနိုင်ဖို့က ပိုအရေးကြီးပါတယ် ၊ ကျွန်တော် ဒီမှာ ရှိနေတာက ဂိုးတွေသွင်းဖို့ချည်း မဟုတ်ပါဘူး ။ ”

” ဒီနေ့ ဂိုးသွင်းနိုင်ခဲ့တော့ ပျော်တာပေါ့ဗျာ ၊ ပီးရင်တော့ လူတွေက သူတို့ရဲ့ အမြင် ဝေဖန်မှုတွေ အမျိုးမျိုး လုပ်ကြပါလိမ့်မယ် ၊ ဒါပေမယ့် ကျွန်တော်ကတော့ နည်းပြ လုပ်စေချင်တာကိုပဲ ခေါင်းထဲ ထည့်ထားပါတယ် ၊ နည်းပြ ဖြစ်စေချင်တဲ့ အတိုင်း ကျွန်တော် လိုက်လုပ်နိုင်ခဲ့တာကြောင့် ဒီနေ့ သွင်းဂိုး ၂ ဂိုး ရရှိ ခဲ့တာ ဖြစ်ပါတယ် ။ ”

” ကျွန်တော်တို့ အတွက် အရေးကြီးဆုံး အရာတစ်ခု ဖြစ်တဲ့ ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိရေး ရည်မှန်းချက်ကတော့ အောင်မြင် သွားခဲ့ပါပြီ ။ကျွန်တော်တို့ ပေါ်တူဂီ က ပိုကောင်းအောင် ကစားနိုင် ၊ ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသ နိုင်ခဲ့ပါတယ် ၊ဒီနေ့ပွဲက ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိစေတဲ့ ပွဲဖြစ်တာကြောင့် တခြားပွဲတွေနဲ့ မတူ ကွဲပြားခြားနားတာတော့ အမှန်ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM