၂ကြိမ်တိုင်တိုင် comeback ကာ ခြင်္သေ့ပြာတို့ အက်ဖ်အေဖလား ကွာတားတက်ခဲ့တဲ့ လူတန် ၂ – ၃ ချဲလ်ဆီး ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ အက်ဖ်အေ ဖလား ၁၆သင်း ရှုံးထွက်အဆင့် ပွဲမှာ ချဲလ်ဆီး အသင်း ဟာ ချန်ပီယံရှစ် ကလပ် လူတန်တောင်း အသင်းကို အဝေးကွင်းမှာ ၂ကြိမ်တိုင်တိုင် ဦးဆောင်ခွင့် ပေးခဲ့ပြီးမှ ၊ အနောက်ကနေ လိုက်ကစားရင်း ၂ – ၃ ရလဒ်နဲ့ အနိုင်ရကာ ၊ ကွာတားဖိုင်နယ်သို့ တက်ရောက်လာနိုင်ခဲ့ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – ကီပါ အရီဇာဘာလာဂါ ( Rating – 6 )

ပေးခဲ့ရတဲ့ ဂိုး ၂ဂိုးလုံးကို ကီပါ အနေနဲ့ ကာကွယ်ဖို့ လုံးဝနီးပါး မတတ်နိုင်ခဲ့တဲ့ အနေအထားကို ရောက်ခဲ့ပေမယ့် ၊ ကျန်တဲ့ အခိုက်အတန့်တွေမှာတော့ အမှားအယွင်း နည်းနိုင်သမျှ နည်းအောင် ကစားနိုင်ခဲ့ပါတယ် ။

နောက်တန်း – အန်တိုနီယို ရူဒီဂါ ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် ( Rating – 7 ) ၊ မာလန်းဆား ( Rating – 4 )

ဒီရာသီ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ထုတ်သုံးခဲ့တဲ့ အထဲက ၊ ထူးခြားတဲ့ ၃ယောက်တွဲ ခံစစ် အတွဲအဖက် ဖြစ်ခဲ့ပြီး ၊ အံ့အားသင့်စရာကောင်းခဲ့တာကတော့ ပုံမှန်ဆို ကွင်းလယ်မှာသာ ကစားတတ်တဲ့ ရူဘင် လော့ဖ်တပ်စ်ချိခ်ရဲ့ ဗဟို အတွင်း ခံစစ်နေရာက စွမ်းဆောင်ရည် ဖြစ်ပါတယ် ။

BBC မှ ပေးအပ်ခဲ့တဲ့ Man of the Match ဆုကို ရရှိခဲ့တဲ့ လော့ဖ်တပ်စ်ချိခ် ဟာ ဒုတိယ ချေပဂိုး အတွက် တိုက်ရိုက် ပါဝင် ပတ်သက်ခဲ့ပြီး ၊ ၄င်းရဲ့ လှပတဲ့ ဖြတ်ပို့မှုကနေ စတင်ခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ယင်းအင်္ဂလန်သား ဟာ ခံစစ် အမှား ထူးထူးခြားခြား မလုပ်ခဲ့သလို ၊ ဘောလုံးနဲ့ အတူ ဆွဲပြေးပြီး ရှေ့တက် ကစားတဲ့ နေရာမှာလည်း ကောင်းခဲ့ပါတယ် ။

အလားတူ ညာခံစစ်မှူး နေရာကို ပြောင်းကစားခဲ့တဲ့ ရူဒီဂါ ဟာလည်း ထုံးစံအတိုင်း aggressive ဖြစ်တဲ့ ခံစစ် ကစားပုံကို ပြသခဲ့ပြီး ၊ 1 v 1 ဘောလုံးလုတဲ့ နေရာတွေမှာ အားသာခဲ့ပါတယ် ။ ပေးခဲ့ရတဲ့ ဂိုး ၂ဂိုးလုံးမှာ ၄င်းရဲ့ အမှား မပါဝင်ခဲ့ပါဘူး ။

အဆိုးရွားဆုံး ခြေစွမ်းနဲ့ ကစားသမား ကတော့ ညာခံစစ်မှူး အနေနဲ့ ပွဲထွက်ခွင့် ရခဲ့တဲ့ မာလန်းဆား ဖြစ်ပါတယ် ။ အဖွင့် ပေးဂိုးမှာ ရိစ်ဘာ့ဂ်ကို မကပ်နိုင်ခဲ့သလို ၊ ဒုတိယ ပေးဂိုးမှာလည်း ၄င်းဟာ ကောနစ်ကို လူကျွံ ထောင်ချောက် ပိုင်ပိုင်နိုင်နိုင် မဖမ်းပြနိုင်ခဲ့ပါဘူး ။ ဒါ့အပြင် လက်ကျန် ပွဲချိန် အတွင်း ဆိုးရွားတဲ့ ဘောလုံးပေးမှားပုံလည်း ၂ကြိမ် ၊ ၃ကြိမ်ခန့် လုပ်ခဲ့ပါသေးတယ် ။

ကွင်းလယ် – ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ၊ ဂျော်ဂျင်ဟို ( Rating – 4 ) ၊ ဆာအူးလ် နီဂွက်ဇ် ( Rating – 7 ) ၊ ကနေဒီ ( Rating – 4 )

တူချယ် လက်ထက် တော်ရုံ ဖြစ်တတ်လေ့မရှိတဲ့ ကွင်းလယ် စုဖွဲ့အား ပေါ့လျော့မှုကို ဒီပွဲမှာ ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပါတယ် ။ ချဲလ်ဆီး အတွက် ပထမဆုံး ဂိုးရခဲ့တဲ့ ဆာအူးလ် က လွဲရင် ဒီပွဲက ချဲလ်ဆီး ကွင်းလယ် ဟာ အတော် အသက်မဲ့ခဲ့ပါတယ် ။ အိုဒွိုင်းနဲ့ ဂျော်ဂျင်ဟို ဆိုရင် ပွဲချိန် အများစုမှာ ပါတယ်လို့တောင် မထင်ရတဲ့ အထိ ခြေစွမ်း ဆိုးရွားခဲ့ပါတယ် ။

အလားတူ အငှားကနေ ပြန်လည် ဆင့်ခေါ်ခံခဲ့ရပြီးနောက် ချဲလ်ဆီး အတွက် ပထမဆုံး ပွဲထွက်ခွင့် ပြန်ရခဲ့တဲ့ ကနေဒီ ဟာလည်း တိုက်စစ် တက်တဲ့ နေရာမှာ အားရစရာကောင်းပေမယ့် ၊ ခံစစ် ပြန်ဆင်းတဲ့ နေရာမှာ လိုအပ်ချက်တွေ ရှိခဲ့ပြီး ၊ ဆား အတွက် ထူးထူးခြားခြား ပံံ့ပိုးမှုတွေ မပေးနိုင်ခဲ့ပါဘူး ။

ချဲလ်ဆီး အတွက် အရေးပါတဲ့ အဖွင့် ချေပဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့တဲ့ ဆာအူးလ် ကတော့ အကောင်းဆုံး စွမ်းဆောင်ရည် တရပ် ထုတ်ပြနိုင်ခဲ့ပြီး ၊ ပထမပိုင်းမှာဆိုရင် ၄င်းကလွဲပြီး ၊ ကျန်တဲ့ ကစားသမားတွေရဲ့ စိတ်ဟာ ရိုမန် အေဘရာမိုဗစ်ခ်ျရဲ့ statement ထဲမှာ ရောက်နေသလားလို့ ထင်ခဲ့ရပါတယ် ။

ယင်းစပိန်ကွင်းလယ်လူ ဟာ တိုက်စစ်ကို ပံ့ပိုးပေးရာမှာ တာဝန်ကျေခဲ့ပြီး ၊ ဂျော်ဂျင်ဟို အတွက်ပါ ၂ယောက်စာ အလုပ်လုပ်သွားခဲ့တာကို တွေ့ရပါတယ် ။ ဒါ့အပြင် ဒုတိယပိုင်း လက်ကျန် မိနစ် ၃၀မှာလည်း ကွင်းလယ်ကနေ ဘယ် wing-back ၊ ဘယ်နောက်ခံလူ ပုံစံမျိုး ပြောင်းပြီး ကစားပေးနိုင်ခဲ့ပါသေးတယ် ။

တိုက်စစ် – တီမို ဗာနာ ၊ ရိုမီလူ လူကာကူ ( Rating – 7 ) ၊ မေဆင်မောင့် ( Rating – 6 )

လူကာကူ – ဗာနာ အတွဲက ပထမပိုင်းထက်စာရင် ၊ ဒုတိယပိုင်းမှာ ပိုမို အသက်ဝင်ခဲ့ပြီး ၊ ပွဲအတွက် အဆုံးအဖြတ် ဖြစ်စေခဲ့ပါတယ် ။ ပထမပိုင်းမှာတော့ မေဆင်မောင့်ရဲ့ လုပ်အားကြောင့်သာ ချဲလ်ဆီး တိုက်စစ် အနည်းငယ် အရောင်တောက်ခဲ့တာက လွဲပြီး ၊ ကျန်တာ ဘာမှ မဖြစ်ခဲ့ပါဘူး ။

ဗာနာ ဟာ ဆာအူးလ်ရဲ့ ချေပဂိုးမှာ တိုက်ရိုက် ပါဝင် ပတ်သက်ခဲ့တာ မှန်ပေမယ့် ၊ ဒုတိယပိုင်းရဲ့ လက်ကျန် ၃ပုံ ၂ပုံကမှ ၄င်းရဲ့ စွမ်းဆောင်ရည် အတောက်ပဆုံး အခိုက်အတန့် ဖြစ်ခဲ့ပါတယ် ။ အသင်းအတွက် အရေးပါတဲ့ ဒုတိယ ချေပဂိုးကို တည်တည်ငြိမ်ငြိမ် သွင်းယူခဲ့သလို ၊ လူကာကူရဲ့ အနိုင်ဂိုးမှာလည်း နေရာယူမှန်မှန် ၊ တိကျတဲ့ ပေးပို့မှု လုပ်နိုင်ခဲ့ပါတယ် ။

ပဲလေ့စ်နဲ့ ပွဲကလောက် ထိချက် အရေအတွက် မဆိုးခဲ့ပေမယ့် ၊ လူကာကူ ဟာ ပွဲချိန် အများစုမှာ frustrating ဖြစ်နေတဲ့ ကစားသမား တဦး အဖြစ် ဆက်ရှိခဲ့ပါတယ် ။ သို့ပေမယ့် ဒုတိယပိုင်း လက်ကျန် မိနစ် ၂၀ မှာ ၄င်းရဲ့ ကစားအား အထူး ကောင်းမွန်ခဲ့ပြီး ၊ အပေါင်း လက္ခဏာ ဆောင်တဲ့ နေရာယူပုံ ၊ link-up play တချို့ ပြသနိုင်ခဲ့ပါတယ် ။

လူစားဝင်ကစားသမားများ – ခရစ်တီယန် ပူလီဆစ် ၊ ဟာဗီဗေးလ် ၊ ရိစ်ဂျိမ်းစ် ( Rating – 6 )

SPORTS MYANMAR