၁၄ နှစ်ခြားတဲ့ ဟက်ထရစ် ၊ ရိုနယ်ဒို မဟုတ်တဲ့ အခြားသော GOAT တို့နဲ့ စနေနေ့ည အိုးထရက်ဖိုဒ့် ကွင်းထဲက စိတ်ဝင်စားစရာ အချက် ၅ ချက်

မိနစ် ၉၀ အတွင်းမှာ တော့တင်ဟမ် ဟော့စပါး က ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ မထင်မှတ်တဲ့ ဟက်ထရစ် ဂိုးတွေက စပါး ကို အမှတ်ဗလာ ဖြစ်စေခဲ့ပြီ ယူနိုက်တက် ပရိသတ်တွေ ကိုတော့ အထူး ပျော်ရွှင် စေခဲ့မှာ အသေအချာ ပါပဲ ။

 

ဒီနိုင်ပွဲကြောင့် အာဆင်နယ် ပွဲ မကစားခင်မှာ ယူနိုက်တက် တို့ အဆင့် ၄ နေရာကို ယာယီ တက်လာနိုင် ခဲ့သလို စပါး ကိုလည်း ဒီရာသီမှာ ၂ ကျော့စလုံး အနိုင် ကစားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာ မြင်ခဲ့ရတဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်တွေကတော့ –

၁ ။ ၁၄ နှစ်ခြားတဲ့ ဟက်ထရစ် နဲ့ တုနှိုင်းမမီတဲ့ ဂိုးသွင်းစံချိန်ရှင်

ရိုနယ်ဒို ဟာ သူ့ရဲ့ ကစားသမား ဘဝမှာ ဟက်ထရစ် အကြိမ် ၅၀ ကျော် သွင်းခဲ့ ပါတယ် ။ ဒါပေမယ့် ပရီးမီးယားလိဂ် မှာတော့ ၁ ကြိမ်တည်း ရခဲ့ ဖူးတာပါ ။ ၂၀၀၈ ခုနှစ် တုန်းက နယူးကာဆယ် နဲ့ ပွဲမှာ ရိုနယ်ဒို ဟာ သူ့ရဲ့ ပထမဆုံး နဲ့ တကြိမ်တည်းသော ပရီးမီးယားလိဂ် ဟက်ထရစ် ကို သွင်းခဲ့ ပါတယ် ။

ယူနိုက်တက် ကို ဒုတိယအကြိမ် ပြန်ရောက်အပြီး နယူးကာဆယ် ၊ အာဆင်နယ် တို့နဲ့ ပွဲတွေမှာ ရိုနယ်ဒို ၂ ဂိုး အထိ ရခဲ့ ပေမယ့် ဟက်ထရစ် တော့ မရယူနိုင်ခဲ့ ပါဘူး ။

ဒီလို အချိန်ကြာ စောင့်ဆိုင်း ခဲ့ရမှုဟာ ဒီပွဲမှာ ပြီးမြောက် ခဲ့ပါတယ် ။ ဒီ ဟက်ထရစ် ဟာ ရိုနယ်ဒို အတွက် ဒုတိယ မြောက် ပရီးမီးယားလိဂ် ဟက်ထရစ် ဖြစ်စေခဲ့ပြီး ဒီတခု အတွက် ၁၄ နှစ်တောင် ကြာခဲ့ ပါတယ် ။

စပါး နဲ့ ပွဲက သွင်းဂိုးတွေဟာ ရိုနယ်ဒို ရဲ့ ပရို ကစားသမား ဘဝမှာ ၈၀၅ ၊ ၈၀၆ နဲ့ ၈၀၇ ဂိုးမြောက် သွင်းဂိုးတွေ ဖြစ်လာစေခဲ့ပြီး ဂျိုဆစ် ဘီကန် ကို ကျော်လွန်ကာ ပရော်ဖက်ရှင်နယ် ဘောလုံးသမိုင်း တလျောက် သွင်းဂိုး အများဆုံး ဘောလုံးသမား ဖြစ်လာစေခဲ့ ပါတယ် ။

ဒီစံချိန်ကို ဘယ်သူ ရိုက်ချိုး နိုင်မလဲ ၊ ဘယ်လောက် ကြာမှ ရိုက်ချိုး နိုင်မလဲ ဆိုတာ စိတ်ဝင်စား စရာပါပဲ ။

၂ ။ အိုးထရက်ဖိုဒ့် ကို ရောက်လာတဲ့ နောက်ထပ် GOAT တယောက်

မနေ့ညက အိုးထရက်ဖိုဒ့် ကွင်းထဲမှာ GOAT ၂ ယောက် ရှိနေခဲ့ ပါတယ် ။ တယောက်က ဟက်ထရစ်ရှင် ခရစ္စတီယာနို ရိုနယ်ဒို ပါ ။ နောက်တယောက် ကတော့ တွမ်ဘရက်ဒီ ပါပဲ ။

ဘောလုံး ပရိသတ်တွေ ကတော့ ဘရက်ဒီ ကို သိချင်မှ သိကြမှာပါ ။ ဒါပေမယ့် NFL သမိုင်းမှာတော့ တွမ်ဘရက်ဒီ ဟာ အခမ်းနားဆုံး ကစားသမား တယောက် အဖြစ် သတ်မှတ် ထားကြပါတယ် ။ တနည်း ပြောရရင်တော့ NFL GOAT ပါပဲ ။

စပါး တိုက်စစ်မှူး ဟယ်ရီကိန်း နဲ့ ရင်းနှီးတဲ့ ဘရက်ဒီ ဟာ ဒီပွဲမှာတော့ ယူနိုက်တက် အနိုင် ရမယ်လို့ ခန့်မှန်း ခဲ့ပြီး ကိုယ်တိုင် လာရောက် အားပေးခဲ့ ပါတယ် ။

ပွဲအပြီး မှာတော့ ဘရက်ဒီ နဲ့ ခရစ္စတီယာနို ရိုနယ်ဒို တို့ ဆုံတွေ့ ခဲ့ကြပြီး အပြန်အလှန် ပွေ့ဖက် နှုတ်ဆက် ခဲ့ကြပါတယ် ။

၃ ။ ယူနိုက်တက် ရဲ့ မှတ်တမ်းတခု

ဒီညမှာ စံချိန် မှတ်တမ်းကောင်း ရခဲ့တာ ရိုနယ်ဒို ချည်းမဟုတ်ပါဘူး ။ တော့တင်ဟမ် ဟော့စပါး ကို အနိုင် ရတဲ့ ပွဲဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ ပရီးမီးယားလိဂ် ပွဲပေါင်း ၄၀၀ တိတိ အနိုင် ရတဲ့ ပွဲလည်း ဖြစ်ခဲ့ ပါတယ် ။

ဒါဟာ ပရီးမီးယားလိဂ် သမိုင်းမှာ အိမ်ကွင်း နိုင်ပွဲ ၄၀၀ ကို ပထမဆုံး ပြည့်တဲ့ အသင်း ဖြစ်စေခဲ့တာပါ ။

အိမ်မက်ပြဇာတ်ရုံ လို့ အမည်ပေးထားတဲ့ အိုးထရက်ဖိုဒ့် မှာ ယူနိုက်တက် ဟာ ပရီးမီးယားလိဂ် ပွဲပေါင်း ၅၇၂ ပွဲ အထိ လက်ခံ ကစားခဲ့ပြီး ပါပြီ ။ အဲ့ဒိ အထဲက ပွဲ ၄၀၀ ကို ယူနိုက်တက် တို့ အနိုင်ရထားပါတယ် ။ ၁၀၈ ပွဲက သရေပွဲ ဖြစ်ခဲ့ပြီး ၆၄ ပွဲသာ ရှုံးနိမ့် ထားခဲ့တာပါ ။

၄ ။ ကွင်းလယ်က မထင်မှတ်တဲ့ အကောင်းဆုံးလူ

ယူနိုက်တက် မှာ ပေါ့ဘာ ၊ ဖာနန်ဒက်စ် တို့လို ထိပ်တန်း ကွင်းလယ်လူတွေ ရှိပါတယ် ။ ဒါပေမယ့် ဒီပွဲ မှာတော့ သက်ကြားအိုကြီး နီမန်ဂျာ မာတစ် က အကောင်းဆုံး ကစားပြသွားခဲ့ ပါတယ် ။

အရိုးရှင်းဆုံး ကစားပုံဟာ အထိရောက်ဆုံးပဲ ဆိုတာကို မာတစ် က ပြသွားခဲ့ပြီး ခံစစ်မှာရော ရှေ့ကို ပို့တဲ့ ပေးပို့မှုတွေ မှာပါ ဆားဘီးယားသားကြီးက အသင်းအတွက် အထောက်အကူ များစွာ ဖြစ်ခဲ့ ပါတယ် ။

မာတစ် ကြောင့် ဖရက်ဒ် ရဲ့ ကစားပုံလည်း တိုးတက်ခဲ့ ပါတယ် ။

ယူနိုက်တက် ပရိသတ်တွေ ကတော့ မာတစ် ကို နှစ်နည်းနည်းလောက် ပြန်ငယ်စေချင်ကြမှာပါ ။

၅ ။ ယူနိုက်တက် ရဲ့ အနာဂါတ် တောင်ပံ အလားအလာ

နိုင်သာ နိုင်သွားပေမယ့် ယူနိုက်တက် ဟာ ဒီကနေ့ ပွဲမှာ သူတို့ထက် ပိုကောင်းတဲ့ တောင်ပံ တိုက်စစ်နဲ့ ရင်ဆိုင် ခဲ့ရတာပါ ။

စပါး ရဲ့ ရီဂွီလွန် လို တိုက်စစ်အားသန်ပြီး ဖြတ်တင်ဘောတွေ ကောင်းတဲ့ နောက်ခံ အစွန်လူမျိုး ယူနိုက်တက် လိုအပ် နေပါတယ် ။ တဲလက်စ် ရော လုခ်ရှော ပါ တိုက်စစ်-ခံစစ် ၂ မျိုးစလုံး ထိပ်တန်း အဆင့်လို့ ပြောလို့ မရပါဘူး ။

ရှေ့တန်း တောင်ပံ တွေမှာလည်း ဆွန်ဟောင်မင် လို မွှေနှောက်မှုရော ကန်သွင်းထိုးဖောက်မှုပါ အားကိုး ရနိုင်တဲ့ လူတွေ လိုပါတယ် ။ ဆန်ချို က တိုးတက်လာ ပေမယ့် ရက်ဖိုဒ့် က ဆုတ်ယုတ်လို့ နေပါတယ် ။ အီလန်ဂါ က အားကိုးရနိုင်တဲ့ အသက်အရွယ် မဟုတ်သေးပါဘူး ။

ညာတောင်ပံ အတွက် ဆိုပြီး ဆန်ချို ကို ဝယ်ခဲ့ပေမယ့် အင်္ဂလန်သားက ဘယ်တောင်ပံမှာချည်း ကစားနေရပါတယ် ။ ညာအတွက် လူသစ်ထပ်ပြီး လိုနေဦးမှာပါ ။

ဘယ် နဲ့ ညာ တောင်ပံတွေ ( နောက်ခံလူတွေ အပါအဝင် ) မှာ ဆန်ချို တယောက်သာ လောက်လောက် လားလား ရှိနေပါတယ် ။

ဒီ တောင်ပံတွေ နဲ့ ဆိုရင်တော့ ယူနိုက်တက်တို့ ဖလားတွေ ကို ဆက်ပြီး ငေးကြည့်နေရဦးမှာပါပဲ ။

 

SPORTS MYANMAR