ဥရောပ ဘောလုံး အဖွဲ့ချုပ် ကနေ နှုတ်ထွက်ပြီး အာရှ ဘောလုံးအဖွဲ့ချုပ်အောက်မှာ ရပ်တည်ဖို့ စဉ်းစားလာတဲ့ ရုရှား ဘောလုံးရပ်၀န်း

ရုရှား ဘောလုံး အဖွဲ့ချုပ်ဟာ သူတို့ကို ပြစ်ဒဏ်ဝိုင်းချထားတဲ့ ဥရောပ ဘောလုံး အဖွဲ့ချုပ်ကနေ နှုတ်ထွက်ပြီး ၊ အာရှ ဘောလုံး အဖွဲ့ချုပ် အောက်မှာ ၀င်ရောက်ဖို့ ကြိုတင် တွက်ချက် စဉ်စားမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ယူကရိန်း ကို ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA နဲ့ ဥရောပ ဘောလုံး အဖွဲ့ချုပ် UFEA က ရုရှား ဘောလုံး အသင်းတွေကို သူတို့ ပြိုင်ပွဲ ပါ၀င် ယှဉ်ပြိုင်ယှဉ်ခွင့်ကနေ ပိတ်ပင်ခဲ့ပါတယ်။

တစ်ချိန်မှာ ရုရှား အခြေစိုက် ဘောလုံး ကလပ်တွေ အနေနဲ့လဲ ဥရောပ ဘောလုံးအဖွဲ့ချုပ် က ဦးစီး ကျင်းပတဲ့ ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် ၊ ယူရိုပါ ကွန်းဖရင့်လိဂ်တွေ မှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရှိတော့ပါဘူး။ အဲဒီ ဆုံးဖြတ်ချက်ကြောင့် စပါးတပ် မော်စကို အသင်းဆိုရင် ယူရို ပါလိဂ် ရှုံးထွက် အဆင့် ကနေ အလိုအလျှောက် ထုတ်ပယ်ခံလိုက်ရပါတယ်။

ရုရှား ‌လက်ရွေးစင် ဘောလုံး အသင်းကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play Off အကြိုဗိုလ်လုပွဲ ကစားခွင့် ပိတ်ပင် ခံလိုက်ရပြီး ၊ သူတို့ နဲ့ ရင်ဆိုင် ကစားမယ့် ပိုလန် အသင်းက အလိုအလျှောက် Play Off ဖိုင်နယ် ကို ရောက်ရှိသွားပါတယ်။

တဆက်တည်းမှာပဲ အမျိုးသမီး ယူရို ချန်ပီယံရှစ် ပြိုင်ပွဲ၀င်ဖို့ ပြင်ဆင်နေတဲ့ ရုရှား အမျိုးသမီး ဘောလုံးအသင်းဟာလဲ ပါ၀င် ဆင်နွှဲခွင့် ရတော့မှာ မဟုတ်ပါဘူး။

ဒီလို အကြောင်းအရင်းတွေကြောင့် ရုရှား ဘောလုံး အဖွဲ့ချုပ်ဟာ UEFA ကနေ နှုတ်ထွက်ပြီး ၊ AFC နဲ့ ပြောင်းလဲ လက်တွဲဖို့ စဉ်းစားနေတာပါ။ လက်ရှိမှာ အဖွဲ့ချုပ် ရဲ့ ထိပ်ပိုင်း တာ၀န်ရှိသူတွေ အကြားမှာ အဲဒီလို ပြောင်းလိုက်ရင် အဆိုး အကောင်း ဖြစ်လာနိုင်တဲ့ အချက်တွေကို စဉ်စား တွက်ချက်လျှက် ရှိနေပါတယ်။

တကယ်လို့ အဲဒီ အတိုင်းသာ ဖြစ်လာမယ် ဆိုရင် ရုရှား အနေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို အာရှ မှာပဲ ကစားရမှာ ဖြစ်ပြီး ၊ ယူရို ဖလား အစား အာရှ ဖလား ၊ ကလပ် အသင်းတွေ အနေနဲ့ ချန်ပီယံလိဂ် အစား AFC ချန်ပီယံလိဂ် ၊ ယူရို ပါလိဂ် အစား AFC Cup ပြိုင်ပွဲတွေကို ပြောင်းလဲ ကစားရမှာ ဖြစ်ပါတယ်။

သိုသော်လဲ အဲဒီလို ပြောင်းလဲ လျှောက်ထားမှုအတွက် အခြား အဖွဲ့၀င် နိုင်ငံတွေရဲ့ သဘောထား ကို စောင့်ကြည့်ရဦးမှာ ဖြစ်လို့ အမှန်တကယ် ပေါ်ပေါက်လာဖို့တော့ အဝေးကြီး ကို လိုပါသေးတယ်။

ရုရှား ကတော့ ဥရောပ မှာ သူတို့ အပေါ် ဝိုင်း၀န်းကျင်သူတွေ များနေချိန်မို့ ၊ သူတို့ ရဲ့ မဟာမိတ် နိုင်ငံတွေ ပိုပြီး ပေါများတဲ့ အာရှ ဘက်ကို ပြောင်းလဲဖို့ ‌စဉ်းစားကြည့်နေတာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

1954 -1974 ခုနှစ် အတွင်း အာရှ ဘောလုံး အဖွဲ့ချုပ်အောက်မှာ နေထိုင်ခဲ့တဲ့ အစ္စရေး ဟာ 1991 ခုနှစ်မှာတော့ ဥရောပ ဘောလုံး အဖွဲ့ချုပ်ဆီ ပြောင်းလဲ လက်တွဲခဲ့ဖူးပါတယ်။

Kazakhstan အသင်းဟာ မူလ က အာရှ ဘောလုံး အဖွဲ့ချုပ် အဖွဲ့၀င် ဖြစ်ပြီး 2002 ခုနှစ် ကမှ ဥရောပ ဘောလုံး အဖွဲ့ချုပ်ဆီ ကူးပြောင်းသွားခဲ့ပါတယ်။ ဒါ့အပြင် ဩစတေးလျ အသင်း ဆိုရင်လဲ ယခင်က သမုဒ္ဒရာပိုင်း အဖွဲ့ချုပ်အောက်မှာ ရှိခဲ့ပေမယ့် 2005 ခုနှစ်မှာ အာရှ ဘောလုံး အဖွဲ့ချုပ်ဆီ ကူးပြောင်းလာခဲ့ဖူးပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း Andrei Kanchelskis ကတော့ “AFC ကို ပြောင်းဖို့လား? အဲဒီလို လုပ်လို့ရတယ်လို့ ကျနော်ဖြင့် သိတောင် မသိပါဘူး။

အခုလို အလွှာပေါင်းစုံက ဆွေးနွေးမှုတွေ ရှိနေချိန်မှာ UEFA ရဲ့ ဆိုင်းငံ့ပြစ်ဒဏ်တွေက အဲလောက်ထိလဲ ရှည်ကြာမယ် မထင်ပါဘူး။

ကျနော် တို့ အားလုံးကတော့ လက်ရှိ အနေအထားတွေ နဲ့ ပြောင်းပြန် ပြန်ဖြစ်သွားမယ်လို့ မျှော်လင့်ထားပါတယ်။

ပုံမှန် အားဖြင့်တော့ နိုင်ငံရေးက ဘာတွေပဲ ဖြစ်နေဖြစ်နေ ရုရှား ဘောလုံးအသင်းတွေ ၊ ကလပ်အသင်းတွေ အနေနဲ့ ရှေ့ဆက်နေကြရမှာပါ။

ရုရှား အတွက် ရွေးချယ်စရာ လမ်းကြောင်းက AFC ပဲ ရှိတယ် ဆိုရင် ရွေးကြတာပေါ့။ ကျနော် ဆိုရင် အာရှမှာ အလုပ် လုပ်ခဲ့ဖူးသလို ၊ ဆော်ဒီ မှာလဲ ကစားပေးဖူးတာမို့ အဲဒီက ပွဲတွေကလဲ စိတ်၀င်စားဖို့ ကောင်းပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

SM