အွန်နရီ ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး စံချိန်ကို ကျော်ဖြတ်ခဲ့ပြီးနောက် သူ့ရဲ့ နောက်ထပ် ပစ်မှတ်ကို ပြောပြလိုက်တဲ့ ဟယ်ရီကိန်း

ဟယ်ရီကိန်း ဟာ အဲဗာတန် အသင်း နဲ့ ပွဲမှာ သွင်းဂိုး ၂ ဂိုး သွင်းယူ နိုင်ခဲ့ပြီးနောက် ဂန်းနား ဂန္တဝင် တိုက်စစ်မှူး သီယာရီ အွန်နရီ ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး စံချိန်ကို ကျော်ဖြတ် နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

အဲဗာတန် အသင်းကို ငါးဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ ဟယ်ရီကိန်း ဟာ ပထမပိုင်းမှာ သွင်းဂိုး တစ်ဂိုး ၊ ဒုတိယပိုင်းမှာ သွင်းဂိုး တစ်ဂိုး သွင်းယူ နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၇၆ ဂိုးအထိ ရှိလာခဲ့တာပါ ။

အင်္ဂလန် ကပ္ပတိန် ဟာ ဒိုဟာတီ ရဲ့ ပေးပို့မှုကို လှလှပပ ကန်သွင်းပြီး အွန်နရီ ရဲ့စံချိန် ၁၇၅ ဂိုးကို ကျော်ဖြတ် ခဲ့တာလည်း ဖြစ်ပါတယ် ။ အွန်နရီ ရဲ့စံချိန်ကို ကျော်ဖြတ် ခဲ့ပြီးနောက် ဟယ်ရီကိန်း ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမား စာရင်းမှာ နံပါတ် ၆ နေရာကို ရောက်ရှိ လာခဲ့ပါတယ် ။

ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာ ဟယ်ရီကိန်းက ” သူတို့လို ဂန္တဝင် ကစားသမားတွေ နဲ့ တူတူ ကျွန်တော့် နာမည် ကို ယှဉ်တွဲ ဖော်ပြကြတဲ့ အခါတိုင်း ဝမ်းသာပျော်ရွှင် ရတာတော့ အမှန်ပါပဲ ။ သီယာရီ အွန်နရီ က ကျွန်တော်တို့ မြင်ဖူးသမျှထဲမှာ အကောင်းဆုံး ပရီးမီးယားလိဂ် တိုက်စစ်မှူး တစ်ဦးပါ ။ ”

” ဒါကြောင့် သူ့အထက်မှာ ရပ်တည်နိုင်တာက ကျွန်တော့် အတွက် ကောင်းမွန်တဲ့ မှတ်တိုင် သေးသေးလေး တစ်ခုပါ ။ ကျွန်တော်တို့ ရှေ့လျှောက် ဒီလို ဆက်ကစား နိုင်အောင် ကြိုးစား သွားရပါမယ် ၊ ကျွန်တော် နှစ်တွေ အများကြီး ဘောလုံး ဆက်ကစားနိုင်သေးတယ်လို့ ခံစား မိပါတယ် ။ ”

” ဒါကြောင့် ကျွန်တော် ရှေ့က လူတွေကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားသလို အသင်းကို သွင်းဂိုးတွေနဲ့ ကူညီပေးချင်ပါတယ် ။ ကျွန်တော်တို့ ဘယ်လောက် အထိ ရောက်နိုင်မလဲ ဆိုတာ ဆက်လက် စောင့်ကြည့်ကြတာပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

စပါး နဲ့ မန်ယူနိုက်တက် တိုက်စစ်မှူးဟောင်း ရှရင်ဂမ် ကတော့ ဟယ်ရီကိန်း ဟာ အလန်ရှီးယား ရဲ့စံချိန်ကို ကျော်ဖြတ် နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ် ။ ” သံသယလေးတောင် မဖြစ်မိပါဘူး ၊ သူပြောသလိုပဲ သူ နှစ်တွေ အများကြီး ကစားနိုင်ပါသေးတယ် ၊ အနည်းဆုံး နောက်ထပ် ၅ နှစ်လောက် ကစားနိုင်မှာပါ ။ ”

” သူ သွင်းထားတဲ့ သွင်းဂိုးနှုန်းထားအရ အလန်ရှီးယား ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်မယ်ဆိုတာ သံသယ မဖြစ်မိပါဘူးဗျာ ။ ” လို့ ဆိုပါတယ် ။

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမားများ

အလန်ရှီးယား – ၂၆၀ ဂိုး
ရွန်းနီ – ၂၀၈ ဂိုး
အန်ဒီကိုးလ် – ၁၈၇ ဂိုး
အဂွေးရိုး – ၁၈၄ ဂိုး
လမ်းပတ် – ၁၇၇ ဂိုး
ဟယ်ရီကိန်း – ၁၇၆ ဂိုး
အွန်နရီ – ၁၇၅ ဂိုး

SM