အေဘရာမိုဗစ်ခ်ျ သတ်မှတ်ထားတဲ့ Deadline Day အရောက် ချဲလ်ဆီး အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှု ၂၇ခု အထိ ရှိလာ

ဗြိတိန် အစိုးရရဲ့ စီးပွားရေး အရ အရေးယူ ပိတ်ဆို့မှု ခံထားရပေမယ့် ရုရှား ရေနံ ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ တပြားတချပ်မှ ပြန်မရသည့်တိုင် သူ ပိုင်ဆိုင်ထားတဲ့ ချဲလ်ဆီး အသင်းကို ရောင်းချတော့မှာ ဖြစ်ကာ ၊ ရောင်းချမှု ဖြစ်စဉ် အားလုံး Raine ဘဏ်လုပ်ငန်းဆီ တာဝန် လွှဲပြောင်းပေးအပ်ထားပြီး ဖြစ်ပါတယ် ။

အေဘရာမိုဗစ်ခ်ျ ဟာ ချဲလ်ဆီးအသင်းအား ရောင်းချဖို့ ပေါင် ၂ဘီလီယံမှစတဲ့ ကမ်းလှမ်းမှုတွေကို ဆက်လက် လက်ခံလျက် ရှိနေပြီး ၊ ယနေ့ဟာ ၄င်းသတ်မှတ်ထားတဲ့ နောက်ဆုံး Deadline Day လည်း ဖြစ်ပါတယ် ။ အချိန် အတိအကျ ဆိုရင့် နက်ဖြန် နံနက် မြန်မာစံတော်ချိန် ၃နာရီခွဲ အချိန်မှာ ပြည့်မြောက်မှာ ဖြစ်ပါတယ် ။

လက်ရှိ အချိန် အထိ ချဲလ်ဆီး အသင်းကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ ကမ္ဘာ တလွှားမှ စီးပွားရေး အင်အားစု အများအပြား ရှိနေရာ ၊ Goal သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ အေဘရာမိုဗစ်ခ်ျ ဟာ မတူညီတဲ့ စီးပွားရေး ရှယ်ယာစု ၂၇ခုရဲ့ ကမ်းလှမ်းမှု အသီးသီး လက်ခံ ရရှိထားတယ်လို့ သိရပါတယ် ။

ဒီ မတူညီတဲ့ ကမ်းလှမ်းချက် ၂၇ခုမှာ ကတိကဝတ် အမျိုးမျိုး ပါဝင်နေပြီး ၊ အဓိက ပစ်မှတ် ပရိသတ် ဦးရေ ၄သောင်းကျော်သာ ဝင်ဆံ့တဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျကို တိုးချဲ့ဖို့က ပထမဆုံး ဖြစ်ပါတယ် ။ သို့ပေမယ့် ချဲလ်ဆီး အိမ်ကွင်းကို ပိုင်ဆိုင်သူ သက်သက် ရှိနေတာကြောင့် အေဘရာမိုဗစ်ခ်ျပင် စတမ်းဖို့ဒ်ဘရစ်ခ်ျကို စိတ်တိုင်းကျ တိုးချဲ့ခွင့် မရခဲ့ပါဘူး ။

အခြား ဥရောပ အင်အားကြီး အသင်းတွေနဲ့ ယှဉ်လိုက်ရင် စတမ်းဖို့ဒ်ဘရစ်ခ်ျ ဟာ သေးငယ်တဲ့အပြင် ၊ ထင်သလောက် ဝင်ငွေ ရှာဖွေနိုင်မယ့် အလားအလာ မရှိတာကြောင့် ကွင်းတိုးချဲ့ဖို့ ( သို့မဟုတ် ) ကွင်းသစ် ရွှေ့ဖို့ ဆိုတာ ပိုင်ရှင်သစ်တွေရဲ့ အဓိက ပစ်မှတ် ဖြစ်လာဖို့ ရှိပါတယ် ။

နောက်ထပ် ကတိကဝတ်တွေထဲမှာ ချဲလ်ဆီး အမျိုးသမီး အသင်းနဲ့ အကယ်ဒမီ ဆက်လက် အဓွန့်ရှည်စေဖို့ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်သွားမယ့် အကြောင်း ၊ လက်ရှိ ဘုတ်အဖွဲ့ထဲက အဓိက မန်ဘာဝင် အချို့ကို တာဝန် ဆက်ပေးသွားမယ့် အကြောင်း ၊ လက်ရှိ နည်းပြ သောမတ်စ် တူချယ် အပေါ် ထောက်ခံမှု အပြည့်ပေးသွားမယ့် အကြောင်း အစရှိသ၍ ပါဝင်နေပါတယ် ။

ယင်း ကမ်းလှမ်းမှု ၂၇ခုထဲမှာ ရှေ့ပြေးဖြစ်နေသူတွေကတော့ အမေရိကန် ဘီလျံနာ အင်အားစုတွေ ဖြစ်ကြပြီး ၊ ချဲလ်ဆီးကို ဝယ်ယူဖို့ ပထမဆုံး လူသိရှင်ကြား ထုတ်ဖော်ခဲ့တဲ့ စီးပွားရေး အင်အားစု ဟာ အမေရိကန် ဘီလျံနာ တော့ဒ်ဘိုလီ ဦးဆောင်တဲ့ စီးပွားရေး အင်အားစု ဖြစ်ပါတယ် ။

မနေ့က Statement ထုတ်ပြန်မှု အရ ၄င်းတို့ဟာ အနာဂတ် ဘုတ်အဖွဲ့မှာ ချဲလ်ဆီး အသင်း အမာခံ ပရိသတ် ၂ဦး ထည့်သွင်း ခန့်အပ်မယ်လို့ ကတိပြုထားပါတယ် ။ ဒါ့အပြင် ယင်း စီးပွားရေး အင်အားစု ဟာ အဖွဲ့ထဲကို လန်ဒန် အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းရှင် ဂျွန်နသန် ဂိုးလ်စတိမ်း ၊ ဗြိတိန် အစိုးရ အကြံပေးဟောင်း ဒန်နီ ဖင်ကယ်လ်စတိမ်း ၊ နာမည်ကြီး အဆိုတော် မက်ဒေါနား ၊ ရော့ဒ်စတီးဝပ် ၊ Foo Fighters တို့ရဲ့ ပြောရေးဆိုခွင့် ရှိသူ တဦး ဖြစ်တဲ့ ဘာဘရာ ရှာရုန်းတို့ကိုပါ ထည့်သွင်းထားပါတယ် ။

အမေရိကန် ဘေ့စ်ဘော ကလပ် တသင်း ဖြစ်တဲ့ ချီကာကို အသင်းကို ပိုင်ဆိုင်ထားတဲ့ ရစ်ကတ်စ် မိသားစု ၊ အမေရိကန် ဘောလုံးကလပ် နယူးယောက်ဂျက်စ်ကို ပိုင်ဆိုင်ထားတဲ့ ဝုဒီဂျွန်ဆင် ဦးဆောင်တဲ့ စီးပွားရေး အင်အားစု တို့ဟာလည်း ပေါင် ၂ဘီလီယံစီနဲ့ ချဲလ်ဆီး ကမ်းလှမ်းမှုတွေ လုပ်ထားကြပါတယ် ။

မနေ့ကတော့ ဗြိတိန်ဖက်မှ ကမ်းလှမ်းမှု အသစ် တရပ် ထွက်ပေါ်ခဲ့ပြီး ၊ ဘဏ္ဍာရေး လုပ်ငန်း အင်အားစု တခု ဖြစ်တဲ့ Aethel Partners မှ ပေါင် ၂ဘီလီယံနဲ့ ချဲလ်ဆီးကို ဝယ်ယူဖို့ ကမ်းလှမ်းထားကာ ၊ လက်ရှိ အကြပ်ရိုက်တဲ့ ကာလ အတွင်းက ကုန်ကျစရိတ်တွေကို ဖြေရှင်းဖို့ ပေါင်သန်း ၅၀ ထုတ်ရှင်းပေးသွားမယ်လို့လည်း ကတိကဝတ် ပြုခဲ့ပါတယ် ။

ဒီ ဘဏ္ဍာရေး အဖွဲ့အစည်း ဟာ ဗြိတိန် အခြေစိုက်လို့ ဆိုပေမယ့် တကယ်တမ်း ဒီ အဖွဲ့ကို ဦးဆောင် လည်ပတ်နေသူကတော့ ပေါ်တူဂီ လူမျိုး ရီကာဒို ဆေးလ်ဗား ဖြစ်ပါတယ် ။ လန်ဒန် အိမ်ခြံမြေနဲ့ ဇိမ်ခံပစ္စည်း အရောင်းအဝယ် လုပ်ငန်းရှင် နစ်ခ်ကန်ဒီ ဟာလည်း ချဲလ်ဆီးကို ဝယ်ယူဖို့ စိတ်ဝင်စားကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောဆိုထားပြီး ဖြစ်ပါတယ် ။

ကန်ဒီ ဟာ လောလောဆယ်မှာ ချဲလ်ဆီး ဂန္တဝင် တိုက်စစ်မှူးဟောင်း ဂျီယန်လူကာ ဗီယာလီရဲ့ Tisfosy Capital and Advisary ကုမ္ပဏီနဲ့ အတူ ပူးပေါင်းထားကာ ၊ ရန်ပုံငွေတွေ တိုးတက်ဖို့ အကူအညီပေးထားသူလည်း ဖြစ်ပါတယ် ။

လန်ဒန်ကပဲ ချဲလ်ဆီး အမာခံ ပရိသတ် တဦးလည်းဖြစ် ၊ ယခင် ဗြိတိန် ပါလီမန် မန်ဘာ တဦးလည်း ဖြစ်တဲ့ လော့ဒ်ဆီဘတ်စ်တီယန်ကိုး ဟာ လီဗာပူး ဥက္ကဋ္ဌဟောင်း တဦး ဖြစ်တဲ့ ဆာမာတင်ဘရော့တန်နဲ့ ပူးပေါင်းကာ ချဲလ်ဆီးကို ဝယ်ယူဖို့ ကြိုးစားနေပါတယ် ။

ဒီလို ထင်ရှားတဲ့ အမေရိကန်နဲ့ ဗြိတိန် စီးပွားရေး အင်အားစုတွေ အကြားမှာ ဆော်ဒီ မီဒီယာ အင်အားစု က ထူးထူးခြားခြား တသီးတခြား ရပ်တည်လျက် ရှိပါတယ် ။ ယင်းအဖွဲ့ကို ချဲလ်ဆီး အမာခံ ပရိသတ် တဦး ဖြစ်တဲ့ မိုဟာမက် အယ်ခီယာရီဂျီ က စီအီးအို တာဝန်နဲ့ ဦးဆောင် လည်ပတ်ထားတယ်လို့ သိရပါတယ် ။

သူတို့ရဲ့ အနာဂတ် အစီအစဉ်တွေထဲမှာ စတမ်းဖို့ဒ်ဘရစ်ခ်ျ တိုးချဲ့မှု စီမံကိန်း အပြင် ၊ ချဲလ်ဆီးနဲ့ လမ်းခွဲသွားပြီ ဖြစ်တဲ့ ဗြိတိန် အခြေစိုက် Telecom ကုမ္ပဏီ Three ရဲ့ နေရာမှာ အရှေ့အလယ်ပိုင်းဒေသ နာမည်ကြီး စပွန်ဆာ တခုနဲ့ အစားထိုးဖို့လည်း ပါဝင်နေပါတယ် ။

ဒီရောင်းချမှု ဖြစ်စဉ် ဘယ်တော့လောက် ပြီးမယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် ၊ sanctions ကြောင့် ကလပ် အပေါ် ထိခိုက်မှု နည်းနိုင်သမျှ အနည်းဆုံး ဖြစ်စေမယ့် ကာလ တရပ်မှာ အသင်းပိုင်ရှင်အသစ် တရားဝင် အတည်ပြု ဖြစ်လာနိုင်ဖို့ ကြိုးစားလျက် ရှိပါတယ် ။ ပိုင်ရှင်အသစ် ရောက်လာတာနဲ့ ချဲလ်ဆီး ဟာ sanctions ကင်းလွတ်တဲ့ ကလပ် အသွင် ပြန်ရောက်မှာ ဖြစ်ပြီး ၊ ယခင်အတိုင်း ပြန်လည်ပတ်ခွင့် ရှိမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်းကို ရောင်းချတဲ့ နေရာမှာလည်း ငွေကြေး ပမာဏ ပိုင်ဆိုင်မှုထက် ၊ ကလပ် အပေါ် ဘယ်လောက် အထိ ရင်းနှီးမြှုပ်နှံမယ် ၊ တိုးတက်ရေး အတွက် ဘယ်လောက် အထိ အင်အား စိုက်ထုတ်သွားမယ် ဆိုတဲ့ အပေါ် မူတည်ပြီး ရွေးချယ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ် ။

SPORTS MYANMAR