အေဘရာမိုဗစ်ခ်ျ ချဲလ်ဆီးကို ရောင်းချတော့မှာ ဖြစ်လို့ အနာဂတ် မရေရာမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ချဲလ်ဆီး ကြယ်ပွင့် ၃ဦး

ချဲလ်ဆီး အသင်းကို နှစ် ၂၀ နီးပါး ပိုင်ဆိုင်လာခဲ့တဲ့ ရုရှား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ ရုရှား – ယူကရိန်း စစ်ပွဲကြောင့် အင်္ဂလိပ် အစိုးရရဲ့ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုတွေ မခံရခင် ၊ ၄င်း ချစ်မြတ်နိုးတဲ့ ချဲလ်ဆီး အသင်းကို ရောင်းချဖို့ မဖြစ်မနေ အခြေအနေ တရပ်နဲ့ ရင်ဆိုင်လာရပါတယ် ။

တမြန်နေ့ညကပဲ ကလပ်ကို တရားဝင် ရောင်းချမယ့် အကြောင်း အတည်ပြုခဲ့တဲ့ အေဘရာမိုဗစ်ခ်ျ ဟာ လတ်တလော ထွက်ပေါ်လာတဲ့ သတင်းတွေ အရ အမေရိကန် သူဋ္ဌေး တော့ဒ်ဘိုလီနဲ့ ဆွစ်ဘီလျံနာ ဟမ်းစ်ယော့ဝစ်ဆ် တို့ကို ရောင်းချဖို့ အကြို ဆွေးနွေးမှုတွေပင် စတင်နေပြီလို့ သိရပါတယ် ။

ဒါ့အပြင် အခြားသော အပြိုင် ကမ်းလှမ်းမှုတွေကိုလည်း ဒီလာမယ့် ရက်အနည်းငယ် အတွင်း မြင်ရ ၊ ကြားရဖွယ် ရှိနေပါသေးတယ် ။ နောင်လအနည်းငယ် အတွင်း ကလပ်ပိုင်ရှင် အပြောင်းအလဲ ဖြစ်မယ့် ချဲလ်ဆီးမှာ အခုကတည်းက မသေချာ မရေရာတဲ့ ကိစ္စရပ် အချို့ ပေါ်ပေါက်နေပြီ ဖြစ်ပါတယ် ။

ကလပ် ဘုတ်အဖွဲ့မှာ ဘယ်သူတွေ ဆက်ရှိမရှိ က နောက်ဆက်တွဲ ဖြေရှင်းရမယ့် ကိစ္စ တရပ် ဖြစ်သလို ၊ အနာဂတ် မသေချာတဲ့ ချဲလ်ဆီး စီနီယာ ကစားသမား တချို့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ရှိမရှိ ဟာလည်း ပရိသတ်တွေ အကြား စိုးရိမ်စရာကောင်းတဲ့ အခြေအနေ တရပ်လည်း ဖြစ်ပါတယ် ။

အထူးသဖြင့် ခံစစ် က အားထားရတဲ့ ဂျာမနီ လက်ရွေးစင် ခံစစ်မှူး အန်တိုနီယို ရူဒီဂါ ၊ ဒိန်းမတ် လက်ရွေးစင် ခံစစ်မှူး အန်ဒရီယာစ် ခရစ်တန်ဆန်နဲ့ စပိန် လက်ရွေးစင် ဝါရင့် ညာနောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ တို့ဟာ ရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာရမှာလား ၊ ချဲလ်ဆီးနဲ့ စာချုပ် ဆက်ချုပ်မဖြစ်လား ဆိုတဲ့ သို့လော အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး ၊ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေကြောင်း The Telegraph သတင်းဌာန က ဖော်ပြခဲ့ပါတယ် ။

နောက်ဆုံး ထွက်ပေါ်လာတဲ့ အတည်ပြုချက် မရနိုင်သေးတဲ့ သတင်းတွေ အရတော့ ခရစ်တန်ဆန်နဲ့ အက်ဇ်ပီလီကွီတာ တို့ဟာ ရာသီ အကုန်မှာ ဘာစီလိုနာ အသင်းသို့ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ ကနဦး သဘောတူညီမှု ရထားကြောင်း သိရပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် ၊ အသင်းပိုင်ရှင် အသစ် ရောက်လာတဲ့အခါမှာ ကလပ် ဘုတ်အဖွဲ့ အသစ် တရပ် အမြန်ဆုံး တည်ထောင်ရမှာ ဖြစ်သလို ၊ ယင်း တာဝန်ရှိသူတွေက အထက်ပါ ကစားသမားတွေရဲ့ စာချုပ်သစ် ချုပ်ဆိုမယ့် ကိစ္စရပ်တွေ အပေါ် အချိန်တို အတွင်း ကိုင်တွယ် ဖြေရှင်းဖို့ အရမ်း အရေးကြီးနေပါတယ် ။

တဖက်မှာတော့ ချဲလ်ဆီး အသင်းနဲ့ တနှစ်ကျော်ကျော်သာ စာချုပ် သက်တမ်း ကျန်တော့တဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာ အသင်းနဲ့ နှစ် ၂၀ နီးပါး လက်တွဲခဲ့တဲ့ ရုရှား သူဋ္ဌေး ရိုမန် အေဘရာမိုဗစ်ခ်ျ ချဲလ်ဆီးကို စွန့်ခွာတော့မယ့် အကြောင်းနဲ့ ပတ်သက်ပြီး အခုလိုပဲ မှတ်ချက်ပြုခဲ့ပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ ကန်တေ က ” ဒါဟာ အရင်တုန်းက ကျွန်တော်တို့ ကြုံရမယ်လို့ မထင်ထားခဲ့တဲ့ အခိုက်အတန့် ဖြစ်ပါတယ် ။ အခြေအနေ က မြန်မြန်ဆန်ဆန်ပဲ ဖြစ်လာခဲ့ပြီး ၊ ဒီလို အရာတွေကို ကျွန်တော်တို့ဖက်က ထိန်းချုပ်မရနိုင်တာမို့ ကိုယ့်ဖက်က လုပ်ပေးနိုင်တာ က ပရိသတ်နဲ့ ကလပ် အတွက် အကောင်းဆုံး ကြိုးစားပေးဖို့ ဖြစ်ပါတယ် ။ ”

” ဒီကို ရောက်လာကတည်းက ကျွန်တော်တို့ အတူတကွ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ဆွတ်ခူးခဲ့ပြီး ၊ အသင်း ပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီး နောက်ပိုင်းမှာလည်း အောင်မြင်မှုတွေ ဆက်လက် ရရှိဖို့ မျှော်လင့်ပါတယ် ။ ဒါက ကျွန်တော် မျှော်မှန်းထားတဲ့ အနာဂတ်ပါ ။ ”

” လောလောဆယ်မှာ ကျွန်တော်တို့ဟာ ထိပ်ဆုံး ၄ နေရာမှာ ရှိနေပြီး ၊ ရာသီကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့လည်း အခြေအနေ ကောင်းနေပါတယ် ။ ဒါက လွယ်ကူလာမှာ မဟုတ်ပေမယ့် ၊ ကျွန်တော်တို့ဟာ လိုအပ်တဲ့ နိုင်ပွဲတွေ ရရှိဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR