အေဘရာမိုဗစ်ခ်ျ ချဲလ်ဆီးကို ရောင်းချမယ့် အကြောင်း အားလုံးထက် ကြိုတင် သိရှိခဲ့ကြောင်း ဖွင့်ဟဝန်ခံလာတဲ့ တူချယ်

ရုရှား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ သူ အနှစ် ၂၀ နီးပါး ပိုင်ဆိုင်လာခဲ့တဲ့ ပရီးမီးယားလိဂ် အင်အားကြီး ကလပ် ချဲလ်ဆီး အသင်းကို ရောင်းချတော့မယ်လို့ မနေ့ကပဲ ကလပ် တရားဝင် ဝက်ဘ်ဆိုက်မှတဆင့် statement ထုတ်ပြန်ကာ ၊ အတည်ပြုခဲ့ပါတယ် ။

ဒီ statement ဟာ အက်ဖ်အေ ဖလား ပဉ္စမအဆင့် ပွဲတပွဲ ဖြစ်တဲ့ လူတန်တောင်း – ချဲလ်ဆီး ပွဲမတိုင်မီ တနာရီခန့်မှာ တရားဝင် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ် ။ ဒီမတိုင်ခင်ကလည်း အင်္ဂလန် မီဒီယာတွေက အေဘရာမိုဗစ်ခ်ျ ဟာ ချဲလ်ဆီး အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းချက် အားလုံးကို လက်ခံ စဉ်းစားသွားဖို့ ရှိတယ်လို့လည်း ဖော်ပြခဲ့ကြပါတယ် ။

ဒီ သတင်းတွေ ၊ ယူဆချက်တွေဟာလည်း ချဲလ်ဆီး အသင်းရဲ့ အဝတ်လဲခန်း အတွင်းမှာ ပြောစရာ တခုလို့ ဖြစ်ခဲ့တယ် ဆိုတာ ရှင်းနေပါတယ် ။ ကလပ်နဲ့ တိုက်ရိုက် ပတ်သက်တာ ဖြစ်လို့ ၊ ချဲလ်ဆီး အသင်းသားတွေဟာ ပြီးခဲ့တဲ့ တပတ်ကတည်းက ပွဲပြင်ဆင်မှု အတွက် အာရုံ အပြည့်မစိုက်နိုင်ကြောင်း နည်းပြဖြစ်သူ သောမတ်စ် တူချယ် က ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ် ။

မနေ့ညက ကစားခဲ့တဲ့ လူတန်နဲ့ ပွဲအတွင်း ချဲလ်ဆီး အသင်းသားတွေရဲ့ စိတ်ထဲမှာ ပွဲအကြောင်းချည်းပဲ ရာနှုန်းပြည့် ရှိမနေမှာ သေချာသလို ၊ အေဘရာမိုဗစ်ခ်ျ အသင်းကို ရောင်းချတော့မှာ ဖြစ်တဲ့ အတွက် ၊ ကစားသမားတွေရဲ့ မျက်နှာပေါ်မှာ အရင်လို စိတ်အားထက်သန်မှုတွေ လုံလုံလောက်လောက် မြင်တွေ့ခဲ့ရခြင်း မရှိပါဘူး ။

သို့ပေမယ့်လည်း ချဲလ်ဆီး အသင်းသားတွေဟာ ကိုယ့်အလုပ်ကိုယ် ပြီးအောင် လုပ်ခဲ့ပြီး ၊ လက်ကျန် ရာသီ အတွင်း ဖလား ရနိုင်မယ့် အခွင့်အရေး တရပ် ဖြစ်တဲ့ အက်ဖ်အေ ဖလား ပြိုင်ပွဲကို လုံးဝ လက်လွှတ်မခံပဲ ၊ လူတန်ကို ၂ကြိမ်တိုင်တိုင် နောက်ကနေ လိုက်ကစားရင်း ၊ ၂ – ၃ နဲ့ အနိုင်ရခဲ့ပါတယ် ။

ပွဲအပြီး BBC Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က အေဘရာမိုဗစ်ခ်ျ ချဲလ်ဆီးကို ရောင်းချတော့မယ် ဆိုတဲ့ အကြောင်းကို သူ အားလုံးထက် အနည်းငယ် စောပြီး သိခဲ့ကြောင်း ဝန်ခံရင်း ၊ နိုင်ပွဲ ရအောင် ကြိုးစား ကစားခဲ့ကြတဲ့ ချဲလ်ဆီး အသင်းသားတွေ အပေါ် အခုလိုပဲ ချီးကျူးစကား ဆိုခဲ့ပါတယ် ။

တူချယ် က ” ခင်ဗျားတို့ထက် ဒီအကြောင်းကို ကျွန်တော် နည်းနည်း စောသိခဲ့ပါတယ် ။ ဒါပေမယ့်လည်း သိတဲ့အချိန် က ပွဲချိန်နဲ့ အရမ်း ကပ်နေခဲ့ပါပြီ ။ နောက်ပြီး ဒီနေ့ တနေ့လုံး ကောလဟလတွေက တောက်လျှောက် တက်နေခဲ့တာပါ ။ တီဗွီမှာ လာလိုက် ၊ အသင်း အစည်းအဝေးမှာ ကြားလိုက်ပါပဲ ။ ”

” ကစားသမားတွေဆိုလည်း နေ့လယ်စာ အတူ စားရင်း ၊ ဒီအကြောင်း စကားစမြည် ပြောကြနဲ့ပေါ့ ။ ဟုတ်ပါတယ် ။ ဒါဟာ ကြီးမားတဲ့ သတင်း တရပ်ပါ ။ ရှေ့ဆက် အကောင်းဆုံး ဖြစ်ဖို့ မျှော်လင့်ရင်း ၊ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့ ။ ”

” ရိုမန် ချခဲ့တဲ့ ဆုံးဖြတ်ချက်တိုင်းဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ် ။ ဒါဟာ သူ့ရဲ့ ရွေးချယ်မှု ၊ သူ့ကလပ် ဖြစ်ပါတယ် ။ ကျွန်တော့ဖက်က ကြားဝင် မှတ်ချက်ပေးဖို့ မဟုတ်ပါဘူး ။ ကျွန်တော် ဖြေချင်ရင်တောင်မှ အကြောင်းအရာ စုံစုံလင်လင် မသိပါဘူး ။ ”

” ရေတိုကာလအတွင်း ကျွန်တော် အပါအဝင် အသင်းက ကစားသမားတွေ ၊ နည်းပြ အဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေတော့ အပြောင်းအလဲ မရှိဖို့ မျှော်လင့်ပါတယ် ။ ဘာမှ ထူးထူးခြားခြား မပြောင်းလဲတာလည်း ရှိလာနိုင်ပါတယ် ။ ဒါပေမယ့် အပြင်မှာ အခြေအနေ က ဖြစ်ပြီးနှင့်ပါပြီ ။ ”

” ဒါကို ကျွန်တော် နားလည်ပါတယ် ။ အပြင်မှာ သတင်းတွေမျိုးစုံ ထွက်နေတာက ထွက်နေတာပါ ။ ဒါပေမယ့် အသံဗလံတွေ အကြား ကိုယ်လုပ်ရမယ့် အလုပ်ကို တည်တည်ငြိမ်ငြိမ် အာရုံစိုက် လုပ်ဖို့က ကျွန်တော်တို့ ကိစ္စ ဖြစ်ပါတယ် ။ ဒီနေ့မှာ ဒါကို ကျွန်တော်တို့ ပြသခဲ့ပြီး ၊ ရှေ့ဆက်လည်း ပြသနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR