အေဘရာမိုဗစ်ခ်ျရဲ့ statement ထွက်ပေါ်ခဲ့ပြီးနောက် ၊ ချဲလ်ဆီး အသင်းသားတွေကို ပီတာချက် ဘာပြောခဲ့လဲ ဆိုတာ ဖွင့်ဟလာတဲ့ တူချယ်

ရုရှား ရေနံ သူဋ္ဌေး ရိုမန် အေဘရာမိုစ်ခ်ျ ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းကပဲ ၄င်း နှစ် ၂၀ နီးပါး ပိုင်ဆိုင်လာတဲ့ ချဲလ်ဆီး အသင်းကို ရောင်းချတော့မှာ ဖြစ်ကြောင်း ကလပ် တရားဝင် ဝက်ဘ်ဆိုက်မှတဆင့် statement ထုတ်ပြန် ကြေညာခဲ့ပါတယ် ။

အထူးသဖြင့် ရုရှား – ယူကရိန်း စစ်ပွဲကြောင့် အင်္ဂလိပ် အစိုးရထံမှ စီးပွားရေး အရ အရေးယူ ပိတ်ဆို့ခြင်းတွေ မခံရခင် ၊ သူ ချစ်မြတ်နိုးတဲ့ ချဲလ်ဆီး အသင်း အပေါ် တစုံတရာ ထိခိုက်မှု မရှိစေလိုတဲ့ အတွက် အခုလို ရောင်းချဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်း အေဘရာမိုဗစ်ခ်ျ မှ ယင်း statement အတွင်း ဖွင့်ဟခဲ့ပါတယ် ။

ဒီ statement တရားဝင် ထွက်ပေါ်အပြီး မကြာခင်မှာ ချဲလ်ဆီး အသင်း ဟာ လူတန်တောင်း အသင်းနဲ့ အက်ဖ်အေ ဖလား ၁၆သင်း ရှုံးထွက်အဆင့်ပွဲကို ကစားခဲ့ရပြီး ၊ ၂ – ၃ ရလဒ်နဲ့ ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရပါတယ် ။ ထိုပွဲပြီးပြီးချင်း အဝတ်လဲခန်းထဲမှာပဲ ကလပ် ဒါရိုက်တာ ဖြစ်သူ ပီတာချက် က ချဲလ်ဆီး အသင်းသားတွေကို အမှားစကားတို ပြောခဲ့တယ်လို့ သိရပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ပီတာချက် ဟာ ၄င်း အပါအဝင် တသင်း တဖွဲ့လုံးကို အေဘရာမိုဗစ်ခ်ျ ချဲလ်ဆီး အသင်းကို ရောင်းချမယ် ဆိုတဲ့ statement နဲ့ ပတ်သက်ပြီး အကျဉ်းချုံး အမှာစကား ပြောခဲ့တဲ့ အကြောင်းကို အခုလိုပဲ ပြန်ပြောင်း ဖွင့်ဟခဲ့ပါတယ် ။

တူချယ် က ” လူတန်နဲ့ ပွဲအပြီး အဝတ်လဲခန်း အတွင်း ပီတာဆီကနေ အတိုချုံး အမှာစကား လက်ခံ ရရှိခဲ့ပါတယ် ။ သူက လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး လူတိုင်းကို နောက်တခါ ထပ်ရှင်းပြခဲ့တဲ့ သဘော ဖြစ်ပါတယ် ။ ဒါက ကျွန်တော်တို့ ကြိုသိထားခဲ့တဲ့ အကြောင်းအရာနဲ့ ဘာမှ ထူးမခြားနားပါပဲ ။ ”

” အခု ကြုံနေရတဲ့ အခြေအနေနဲ့ အဆင်ပြေအောင်သာ နေထိုင်ရမယ့် အကြောင်း ၊ ဒီ အခြေအနေကြောင့် နောက်ဆက်တွဲ ကြုံလာရမယ့် အလားအလာတွေကို တွေးပူလို့ မထူးတဲ့ အကြောင်း ၊ ဘောလုံး အပေါ်မှာ ဆက်ပြီး အာရုံစိုက်ခွင့် ရှိတဲ့ အကြောင်း သူ ပြောခဲ့ပါတယ် ။ ”

” ကျွန်တော်နဲ့ အသင်းသားတွေကိုချည်း ပီတာ က စကားပြောခဲ့တာ မဟုတ်ပါဘူး ။ တခြား နည်းပြ အဖွဲ့ဝင်နဲ့ ဝန်ထမ်းအားလုံးကို သူ ပြောခဲ့တာပါ ။ ကျွန်တော်တို့ အားလုံး လက်ရှိ အချိန်မှာ ကြိုးစားနေကြတာ က အသင်းရဲ့ အဆောက်အအုံထဲ ဝင်လိုက်တာနဲ့ ကိုယ့်ကိုယ်ကို လုံခြုံမှု ရှိတယ်လို့ ခံစားရစေဖို့ ဖြစ်ပါတယ် ။ ”

” ဒါဟာ အရင်ကတည်းက ကျွန်တော်တို့ရဲ့ နေ့စဉ် ဖြစ်တည်မှုပါ ။ ဟုတ်ပါတယ် ။ မသေချာ မရေရာမှုတွေကတော့ ရှိလာနိုင်တာပါပဲ ။ ကျွန်တော်တို့ အားလုံး ဟာ လူသားတွေ ဖြစ်ကြလို့ ၊ အဆောက်အအုံ အတွင်း လူ ၁၀၀ ရှိရင် အားလုံးရဲ့ ခံစားချက် က တသားတည်း ဖြစ်နေမှာ မဟုတ်ပါဘူး ။ ”

” တချို့က စိုးရိမ်ကြမယ် ၊ တချို့က စိတ်လှုပ်ရှားနေကြမယ် ၊ တချို့က ဝမ်းနည်းနေကြမယ် ၊ တဦးချင်းစီ အတွက် ကိုယ်ပိုင် လွတ်လပ်ခွင့် ကျွန်တော်တို့ ပေးထားပြီးသားပါ ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကိုယ်လုပ်ချင်တဲ့ ဘောလုံး အားကစား အပေါ် အပြည့်အဝ အာရုံစိုက်ခွင့် ရထားပါတယ် ။ ”

” လက်ရှိမှာ ကျွန်တော့ အတွက် အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ က လီဗာပူးနဲ့ ကာရာဘောင် ဖလား ဗိုလ်လုပွဲနဲ့ လူတန်တောင်းနဲ့ အက်ဖ်အေဖလား ၁၆သင်း ရှုံးထွက်အဆင့် ပွဲတွေမှာ အသင်းသားတွေဆီက ၂ကြိမ်တိုင်တိုင် အကောင်းဆုံး စွမ်းဆောင်ရည်တွေကို မြင်တွေ့ခဲ့ရခြင်းပါပဲ ။ ”

” ဒီ အဖွဲ့အစည်း ဟာ အမြဲတမ်း ကိုယ်လိုချင်တာကို ကွင်းကွင်းကွက်ကွက် ပြသထားပါတယ် ။ ဒီကနေတဆင့် ကျွန်တော်တို့ဟာ မနက်ဖြန် ပွဲမှာလည်း ဒါမျိုး ထပ်လုပ်ပြနိုင်မယ်လို့ ယုံကြည်ပါတယ် ။ ဒါဟာ ကျွန်တော်တို့ ကိုယ်ကိုယ်ကို တောင်းဆိုတဲ့ အရာတွေ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR