အေဘရာမိုဗစ်ခ်ျရဲ့ ပိုင်ဆိုင်မှု တစိတ်တပိုင်း အနေနဲ့ ချဲလ်ဆီးတို့ ပြစ်ဒဏ်များစွာ ခံနရခြင်းနဲ့ ပတ်သက်ပြီး ဗြိတိန် အစိုးရ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ ပိုင်ရှင်ဟောင်း ကင်ဘိတ်စ်

ရုရှား ရေနံ ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဗြိတိန် အစိုးရထံမှ စီးပွားရေး အရ ဒဏ်ခတ် အရေးယူမှုတွေ ခံခဲ့ရပြီးနောက် ၊ ၄င်းလက်ရှိ ပိုင်ဆိုင်နေဆဲ ချဲလ်ဆီး အသင်းဟာလည်း သူရဲ့ ပိုင်ဆိုင်မှု တစိတ်တပိုင်း အဖြစ်နဲ့ နောက်ဆက်တွဲ ပြစ်ဒဏ်များစွာ ကျခံရလျက်ရှိပါတယ် ။

အနီးစပ်ဆုံး အနေနဲ့ ချဲလ်ဆီး ဟာ လာမယ့် ဗုဒ္ခဟူးနေ့ည ချန်ပီယံလိဂ်ပွဲ နောက်ပိုင်း ဆက်ကစားမယ့် ပွဲတွေ အတွက် လက်မှတ် အသစ် ရောင်းချခွင့် မရှိတော့သလို ၊ ဘဏ်အကောင့်တွေလည်း အပိတ်ခံရပြီး ၊ အထွေထွေ ဝန်ဆောင်မှု အတွက် သုံးငွေတွေလည်း ကန့်သတ်ခံခဲ့ရပါတယ် ။

ဒီလို ကိစ္စတွေကြောင့် အသင်းပိုင်ရှင်သစ် မရောက်လာမီမှာ ချဲလ်ဆီး ကစားသမား အချို့နဲ့ ဝန်ထမ်း အများအပြား ဟာ သူတို့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ် ။ အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ ဖြစ်တဲ့ ပီတာချက်ကလည်း ၄င်းတို့ဟာ ရှေ့ရေးထက် တနေ့ချင်းစီ လည်ပတ်နိုင်ဖို့ကိုသာ အာရုံစိုက်နေရကြောင်း ဖွင့်ဟခဲ့ဖူးပါတယ် ။

၂၀၀၃ ခုနှစ်မှာ ချဲလ်ဆီး အသင်းကို ရိုမန် အေဘရာမိုဗစ်ခ်ျထံသို့ ပေါင်သန်း ၁၅၀နဲ့ ရောင်းချခဲ့တဲ့ ပိုင်ရှင်ဟောင်း ကင်ဘိတ်စ် က လိုတာထက် ပိုပြီး ချဲလ်ဆီး အသင်းကို အရေးယူခဲ့တဲ့ ဗြိတိန် အစိုးရ အပေါ် ဝေဖန်ရင်း ၊ ၄င်းတို့ဟာ ဒါတွေ လုပ်မယ့် အစား ယူကရိန်း အတွက် အကျိုးရှိတဲ့ ထောက်ပံ့မှုတွေသာ လုပ်သင့်ကြောင်း ဆိုလိုက်ပါတယ် ။

Daily Mail နဲ့ တွေ့ဆုံခဲ့ရာမှာ ကင်ဘိတ်စ် က ” ခင်ဗျား ဟာ ချဲလ်ဆီး ပွဲတပွဲ အတွက် ပရိုဂရမ်တောင် မဝယ်နိုင်ရခြင်း ဟာ ပူတင် က ပေါက်ကွဲလို့ ၊ မော်စကိုက ရိုးရိုး မိရိုးဖလာ နေထိုင်နေကြတဲ့ သာမန်လူတွေကို အကျဉ်းထောင်တွေထဲ ပိတ်လှောင်ထားတဲ့ သဘော သက်ရောက်သွားပါပြီ ။ ”

” ထုံးစံအတိုင်း အပြစ်မရှိတဲ့ သာမန်လူတွေကသာ တကယ်တမ်း ပြစ်ဒဏ်ကို ခံစားနေရတာပါ ။ ချဲလ်ဆီးမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေ အနာဂတ်မှာ ဒီအလုပ် ဆက်မြဲပါ့မလား ? မမြဲရင် ဘာလုပ်မှာလဲ ? အလုပ်နဲ့ ပတ်သက်ပြီး အာမခံချက် ရှိရဲ့လား ? ချဲလ်ဆီး ပရိသတ်တွေလည်း ထိုနည်း၄င်းပါပဲ ။ ”

” ယူကရိန်းက သားဖွားမီးယပ် ဆေးရုံကို ပူတင်က ဗုံးကျဲတာ ချဲလ်ဆီး ပရိသတ်တွေနဲ့ ဘာဆိုင်လို့လဲ ? ဒါဟာ ကိုယ့်ဗြိတိန်နိုင်ငံသား အချင်းချင်းကိုသာ ဒုက္ခပေးရာ ကျပါတယ် ။ ရုရှား အပေါ်လည်း ထူးပြီး ခြားနားပြီး မပြောင်းလဲသွားစေပါဘူး ။ ”

” ဒါက အစိုးရ ဝန်ဆောင်မှု ဆိုတာ ရယ်စရာ ဟာသလို ဖြစ်စေပါတယ် ။ ကျွန်တော် ဟာ ဘဝမှာ အစိုးရ ဝန်ထမ်းများစွာနဲ့ ပြောဆို ဆက်ဆံခဲ့ဖူးပြီး ၊ အများစု ဟာ ဘာမှ အသုံးမကျပါဘူး ။ အေဘရာမိုဗစ်ခ်ျ က ‘ ကျွန်တော် ကလပ်ကို ရောင်းပြီး ၊ ရလာတဲ့ ငွေကြေး မှန်သမျှကို ပြန်လှူပါမယ် ‘ လို့ ပြောတော့ ၊ သူတို့က ကလပ်ကိုပါ တခါတည်း သိမ်းလိုက်ပါတယ် ။ ”

” ကောင်းပြီ ။ ဒါဆို ထိပ်တန်း ဦးဆောင်သူ တယောက်ယောက်နဲ့ ဘာကြောင့် တွေ့ဆုံ ဆွေးနွေးတာတွေ ၊ ကြုံနေရတဲ့ ပြဿနာကို တခါတည်း ဖြေရှင်းတာတွေ မလုပ်ရသလဲ ? အဲဒီအစား သူတို့က ‘ ငါတို့ ဒီလို စည်းမျဉ်းစည်းကမ်းတွေ ချထားတယ် ၊ ဒါတွေက နောက်နေ့ ခေါင်းကြီးပိုင်း သတင်းတွေမှာ နေရာယူမယ် ၊ ဥပမာ – အင်္ဂလန် က ရုရှားကို တင်းကြပ်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ လုပ်လိုက်တယ် ‘ ဆိုပြီး ဖြစ်နေပါတယ် ။ ”

” ကျွန်တော်တို့ဟာ ယူကရိန်းကို ကူညီချင်တယ် ဆိုရင်လည်း တကယ် အကျိုးရှိ ၊ အဓိပ္ပာယ် ရှိတဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေကို ပြသနိုင်ရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ကင်ဘိတ်စ် က ပိတ်ဆို့ အရေးယူခံရတဲ့ အေဘရာမိုဗစ်ခ်ျ အတွက် သူ မသနားသလို ၊ sanctions တွေကြောင့် ယင်းရုရှားဓနရှင် အတွက် ဘာမှဖြစ်မသွားဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ် ။

ကင်ဘိတ်စ် က ” ကျွန်တော့ အနေနဲ့ သူ့ကို သနားနေစရာ အကြောင်း မရှိပါဘူး ။ ဘာကြောင့် သူ့ကို သနားရမှာလဲ ? သူဟာ ပေါင် ၇ဘီလီယံ ၊ ၈ဘီလီယံလောက် ချမ်းသာနေတဲ့ ပုဂ္ဂိုလ် တဦးပါ ။ ဒါပေမယ့် သူဟာလည်း ကျွန်တော့လိုပဲ တနေ့ steak နဲ့ chips ၂နှပ်စာပဲ စားတာပါ ။ သေသွားရင်လည်း ပိုင်ဆိုင်မှုတွေထဲက ဘာမှပြန်ပါသွားမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR