အေဘရာမိုဗစ်ခ်ျကို အခုအချိန် အထိ စီးပွားရေး အရ ပိတ်ဆို့ အရေးယူမှုတွေ ဘာကြောင့် မလုပ်သေးတာလဲ ဆိုတာ ရှင်းပြခဲ့တဲ့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်

ချဲလ်ဆီး အသင်းကို နှစ် ၂၀ နီးပါး ပိုင်ဆိုင်လာတဲ့ ရုရှား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ လက်ရှိ ဖြစ်ပွားနေတဲ့ ရုရှား – ယူကရိန်း စစ်ပွဲကို အစတည်စေခဲ့တဲ့ သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ယခင်က ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိခဲ့ခြင်း ၊ လက်ရှိ အချိန် အထိလည်း ပံ့ပိုးမှုတွေ လုပ်ပေးနေဆဲ ရှိနေခြင်း ဆိုတဲ့ ယူဆချက်တွေကြောင့် ပရီးမီးယားလ်ိဂ် တလွှား ဝေဖန်မှုတွေနဲ့ တောက်လျှောက် ခံထားရပါတယ် ။

ဒီလို အဖက်ဖက် က ဖိအားပေး တောင်းဆိုမှုတွေ လုပ်နေတဲ့ အတွက် ၊ အဆုံးမှာ အေဘရာမိုဗစ်ခ်ျ ဟာ ဘယ်လိုမှ မတတ်နိုင်တော့ပဲ ၊ သူ ချစ်မြတ်နိုးတဲ့ ချဲလ်ဆီး အသင်းကို အရောင်း တင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ရပြီး ၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ ၄င်းရဲ့ statement တခု တရားဝင် ထွက်ပေါ်ခဲ့ပါတယ် ။

ရုရှား – ယူကရိန်း စစ်ပွဲနဲ့ စပ်လျဉ်းပြီး အင်္ဂလန် အပါအဝင် ဥရောပ အင်အားကြီး နိုင်ငံ အများအပြား ရုရှား သူဋ္ဌေးတွေရဲ့ စီးပွားရေးနဲ့ ဆက်စပ်နေတဲ့ ဝင်ငွေ လမ်းကြောင်း မှန်သမျှ ပိတ်ဆို့ အရေးယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားလျက် ရှိနေပါတယ် ။

အေဘရာမိုဗစ်ခ်ျ ဟာ လောလောဆယ် အချိန် အထိ အင်္ဂလိပ် အစိုးရရဲ့ စီးပွားရေး အရ ပိတ်ဆို့ အရေးယူမှုတွေကို တရားဝင် မခံရသေးပေမယ့် ၊ အနှေးနဲ့ အမြန် ၄င်းလည်း sanctions တွေ အထိခံရမယ် ဆိုတာကိုလည်း လူတိုင်းက နားလည် သဘောပေါက်ထားကြပါတယ် ။

ဒီအတွက်ကြောင့်လည်း အေဘရာမိုဗစ်ခ်ျ ဟာ အင်္ဂလန်မှာ ရှိတဲ့ ၄င်းရဲ့ နေအိမ်ခြံမြေတွေကို ရောင်းချဖို့ လုပ်ဆောင်နေရုံမက ၊ ချဲလ်ဆီး အသင်းကိုလည်း အနည်းဆုံး ၃ဘီလျံနဲ့ ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားပေးဖို့ ပြင်ဆင်နေပါတယ် ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အင်္ဂလိပ် ပါလီမန် အတွင်း အလုပ်သမားရေးရာ ဦးစီးချုပ် တဦး ဖြစ်တဲ့ ကီယာ စတမ်မာ က ဗြိတိန် ဝန်ကြီးချုပ် ဖြစ်တဲ့ ဘောရစ် ဂျွန်ဆင်ကို ပူတင်နဲ့ အဓိက ဆက်စပ်မှု ရှိနေတဲ့ ရုရှား သူဋ္ဌေး ရိုမန် အေဘရာမိုဗစ်ခ်ျ ကို ဘာကြောင့် အခုအချိန် အထိ စီးပွားရေး အရ ပိတ်ဆို့ အရေးယူမှုတွေ မလုပ်သေးတာလဲ ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ် ။

စတမ်မာ က ” အေဘရာမိုဗစ်ခ်ျ ဟာ ရုရှား သမ္မတ အိမ်တော် အတွင်းရုံးနဲ့ ချိတ်ဆက်မှုတွေ ရှိထားတဲ့ ပုဂ္ဂိုလ် တဦးပါ ။ ဒါတွေကို သူ့ရဲ့ ရုရှား စတိတ်ကောင်စီ နဲ့ ချိတ်ဆက်မှုတွေမှာ တွေ့နိုင်မှာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ အပတ် က ဝန်ကြီးချုပ် က အေဘရာမိုဗစ်ခ်ျ ဟာ ပိတ်ဆို့ အရေးယူမှုတွေ ခံရတော့မယ်လို့ ပြောခဲ့ပါတယ် ။ ”

” ဒီနောက်ပိုင်းမှာ သူ ပြောခဲ့တာကို ပြန်ပြင်တဲ့ အနေနဲ့ အရေးမယူရသေးဘူးလို့ တုန့်ပြန်ထားပါတယ် ။ ဒါက ဘယ်လိုဖြစ်တာပါလဲ ? ” လို့ မေးခွန်းထုတ်ခဲ့ပါတယ် ။ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ကလည်း အေဘရာမိုဗစ်ခ်ျ ကို ဘာကြောင့် စီးပွားရေး အရ ပိတ်ဆို့ အရေးယူမှုတွေ မလုပ်သေးတာနဲ့ ပတ်သက်ပြီး အခုလိုပဲ တုန့်ပြန် ဖြေကြားခဲ့ပါတယ် ။

ဘောရစ် ဂျွန်ဆင် က ” ဒီ အဆင့်မှာ တဦးတယောက်တည်းရဲ့ ကိစ္စရပ်ကိုပဲ ကြည့်ပြီး ၊ မှတ်ချက် တစုံတရာ ပေးဖို့ မသင့်လျော်ပါဘူး ။ တိကျပြီး ၊ ထင်ရှားတဲ့ သက်သေ အထောက်အထား မရှိမချင်း ၊ စတိတ်ကောင်စီ က ကိုယ့်ရဲ့ နေအိမ်ကို ဖယ်ရှားလောက်တဲ့ အထိ အရေးယူတဲ့ နိုင်ငံမှာ ဘယ်သူမှ နေလိုမှာ မဟုတ်ပါဘူး ။ ”

” ငါတို့ သူ့အနောက် မနားတမ်းလိုက်ပြီး မရမက အရေးယူမယ် ဆိုပြီး ပြောနေလို့ ဘာမှ မထူးပါဘူး ။ အကျိုးမဲ့ အကြောင်းမဲ့ လိုက်အရေးယူဖို့ ကြိုးစားရင်း ၊ တဖက်သူက ရှေ့နေ တပုံတပင်နဲ့ ပြန်ဖြေရှင်းဖို့ လုပ်ဆောင်မှာပါ ။ ဒီတော့ ဒီလို ကိစ္စမျိုးမှာ ကိုယ့်ဖက်က အရင်ဆုံး မှန်နေဖို့ လိုပါလိမ့်မယ် ။ ကျွန်တော်တို့ဟာ တဦးတယောက်တည်းကိုပဲ ကွက်ပြီး အရေးယူဖို့ လုပ်ဆောင်မှာ မဟုတ်ပါဘူး ။ ” လို့ ဖြေကြားခဲ့ပါတယ် ။

SPORTS MYANMAR