အီတလီတို့ ကမ္ဘာ့ဖလား ဆင်နွှဲခွင့် ၂ကြိမ်ဆက် ပျောက်ခဲ့ပြီးနောက် ၊ play-off စနစ် အပေါ် ဝေဖန် အပြစ်တင်လိုက်တဲ့ ဘိုနူချီ

အီတလီ လက်ရွေးစင် အသင်း ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ည က ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဝင်ခွင့် တနေရာ အတွက် play-off ဆီမီးဖိုင်နယ်ပွဲမှာ မြောက်မက်ဆီဒိုးနီးယား အသင်းကို အိမ်ကွင်းမှာ မထင်မှတ်ပဲ ၀ – ၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ် ။

ဒီ ရှုံးပွဲကြောင့် အီတလီ အသင်း ဟာ ၂၀၁၈ ၊ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၂ခုဆက် ဝင်ပြိုင်ခွင့် ပျောက်ဆုံးခဲ့ပြီ ဖြစ်ပါတယ် ။ ထိုပွဲမှာ အီတလီ ဟာ ကစားပုံ အသာ ၊ ဘောလုံးပိုင်ဆိုင်မှု အသာ ၊ ဂိုးပေါက် ခြိမ်းခြောက်မှု အသာ ရခဲ့ပေမယ့် ၊ နာကျင် အချိန်ပိုမှာ မြောက်မက်ဆီဒိုးနီးယားဖက်မှ အဝေးကန်ချက် သွင်းဂိုးကို ခွင့်ပြုပြီး ရှုံးနိမ့်ခဲ့ရပါတယ် ။

အီတလီ လက်ရွေးစင် အသင်းခေါင်းဆောင် လီယိုနာဒို ဘိုနူချီ ကတော့ play-off စနစ်နဲ့ ဝင်ခွင့် တနေရာ ပေးခြင်း အပေါ် ဝေဖန် အပြစ်တင်ခဲ့ပေမယ့် ၊ ဒီလို စည်းမျဉ်းတွေဟာ ၄င်းတို့ရဲ့ ရှုံးပွဲ အတွက် ဆင်ခြေပေးဖို့ မဟုတ်ကြောင်းနဲ့ ၂ကြိမ်ဆက် ကမ္ဘာ့ဖလား ဆင်နွှဲခွင့် ပျောက်ဆုံးခဲ့ပြီးနောက် ၄င်းတို့ ဘယ်လို ခံစားခဲ့ရတဲ့ အကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ဘိုနူချီ က ” ကျွန်တော်တို့ အားလုံး ဟာ တပွဲတိုး ပုံစံနဲ့ပဲ ကစားရပါတယ် ။ ဒါဟာ အဓိပ္ပာယ် မရှိတဲ့ စနစ်ကြီးပါပဲ ။ ကံဆိုးစွာနဲ့ ဒီ လမ်းကြောင်းအတိုင်းပဲ သွားလိုက်ရပါတယ် ။ ဒါပေမယ့် တပွဲတိုး ပုံစံမျိုး ကစားစေတာက ဆိုးရွားတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ် ။ ”

” အားလုံး မြင်ကြတဲ့အတိုင်း ၊ တပွဲတည်း ကစားရတာ ဖြစ်လို့ ဘာမဆို ဖြစ်နိုင်ပါတယ် ။ အုပ်စုတွင်းမှာ အိမ်ကွင်း ၄ ၊ ၅ပွဲ ရှုံးပြီး ဒီလို အဆင့်ကို တက်လာတဲ့ အသင်းတွေ ရှိနေပါတယ် ။ ကျွန်တော်တို့ဟာ အိမ်ကွင်းမှာ ၉၂မိနစ် ရောက်မှ တဂိုးနဲ့ ကပ်ရှုံးခဲ့တာပါ ။ ”

” ဒါက အတော် ရူးလောက်စရာကောင်းပါတယ် ။ သေချာတာကတော့ စည်းမျဉ်းတွေ ဆိုတာ အလီဘိုင် ဒါမှမဟုတ် ဆင်ခြေ တခုခု ပေးဖို့ မဟုတ်ပါဘူး ။ ကျွန်တော်တို့ဟာ play-off ပွဲမှာ ဒီထက် ပိုကောင်းအောင် ကစားခဲ့ဖို့ ကောင်းတယ် ဆိုတာ မှန်ပါတယ် ။ ”

” ဒီ အရှုံး ရလဒ်ကို သင်ခန်းစာ ယူပြီး ၊ အရင်လို ပုံစံကောင်းတွေ ၊ ခြေစွမ်းကောင်းတွေကို ပြန်လည် ရှာဖွေဖို့ လိုပါမယ် ။ တန်ပြန် သက်ရောက်မှု အမျိုးမျိုးတော့ ရှိပါတယ် ။ ယူရို ၂၀၂၀ မှာ ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ၊ ကျွန်တော်တို့ အနည်းငယ် လမ်းပျောက်နေတယ် ဆိုတာ ဝန်ခံရပါမယ် ။ ”

” ဒါက ကျွန်တော်တို့ရဲ့ ကမ္ဘာ့ဖလား သွားမယ့် လမ်းကြောင်းကို အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ် ။ play-off ပွဲ ရှုံးခဲ့အပြီး ၄၈ နာရီ ကာလဟာ တကယ်ပဲ ခံစားရခက်ခဲ့ပါတယ် ။ ကျွန်တော်တို့ဟာ နေ့လယ်စာတောင် အသံတိတ်တိတ်ဆိတ်ဆိတ်နဲ့ စားခဲ့ကြတာပါ ။ ”

” အသင်းက ငယ်သေးတဲ့ ၊ နောက်ထပ် ကမ္ဘာ့ဖလားတွေ မှီနိုင်သေးတဲ့ အသင်းဖော်တွေကို တတ်နိုင်သလောက် အားပေးစကား ပြောခဲ့ပါတယ် ။ အဲဒီနောက် မန်ချီနီ က အမှာစကား ပြောပြီး ၊ လက်ရှိနဲ့ အနာဂတ် အတွက် ရှေ့ဆက် ပစ်မှတ်ထားရမယ့် အစီအစဉ်တွေနဲ့ လုပ်ဆောင်ချက် အကြောင်း ဆွေးနွေးကြပါတယ် ။ ”

” အခုကနေ စပြီး ကျွန်တော်တို့ဟာ အသစ် ပြန်လည် တည်ဆောက်ရမှာ ဖြစ်ပြီး ၊ ကြီးကျယ် တောင့်တင်းတဲ့ အခြေခံသစ် တခု ရအောင် ပြန်လည် ကြိုးစားသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR