အိုဒီဂတ် ရဲ့ MOTM ခြေစွမ်း၊ရော်ဂျာ ကို အံ့အားသင့်စေခဲ့တဲ့ ရမ်စ်ဒေးလ် …. အာဆင်နယ်၂-၀ လက်စတာပွဲမှ ထူးထူးခြားခြား ပြောစရာများ

အစောပိုင်းမှာ ကစားခဲ့တဲ့ပွဲတွေမှာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တိုက်ပွဲဝင်နေ​ကြတဲ့ ပြိုင်ဘက် အသင်းတွေ အနိုင်ရသွားခဲ့တာကြောင့် အာဆင်နယ် အသင်း ဒီပွဲကို မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ် နေခဲ့ပါတယ် ။

ပထမပိုင်း မိနစ် ၂၀ ဟာ အာဆင်နယ် အသင်းရဲ့အကောင်းဆုံး ပုံစံကို မြင်တွေ့ ခဲ့ရတဲ့ အချိန် ဖြစ်ပြီး ဂိုးပေါက် ခြိမ်းခြောက်မှုတွေ အကြိမ်ကြိမ် လုပ်နိုင်ခဲ့ကာ ပါတေး ရဲ့ ခေါင်းတိုက် သွင်းဂိုး နဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့ပါတယ် ။ မိနစ် ၂၀ နောက်ပိုင်းမှာတော့ လက်စတာ စီးတီး အသင်းဟာ ပြန်လည် ဖိအား ပေးနိုင်ခဲ့ပေမယ့် ရမ်စ်ဒေးလ် လက်စွမ်းပြနေတာကြောင့် ချေပဂိုးတော့ မရခဲ့ပါဘူး ။

ဒုတိယပိုင်း အစမှာတော့ အာဆင်နယ် အသင်းဟာ ပွဲကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်ဖို့ ဖိအားပေးမှုတွေ ဆက်တိုက် လုပ်ခဲ့ပြီး ပါတေး ရဲ့ ခေါင်းတိုက်ချက်ကို ဆိုယွန်ကူ လက်နဲ့ ဟန့်တား ခဲ့တာကြောင့် ပင်နယ်တီ ကန်သွင်းခွင့် ရရှိ ခဲ့ပါတယ် ။

အဆိုပါ ပင်နယ်တီကိုတော့ အသင်း ခေါင်းဆောင် လာကာဇက် က အမှားအယွင်း မရှိ အဆုံးသတ် ကန်သွင်း နိုင်ခဲ့ပါတယ် ။ ၂ ဂိုးပြတ် ဦးဆောင်နိုင်အပြီးမှာတော့ အာဆင်နယ် အသင်းဟာ အနိုင်ရလဒ် ကို ထိန်းသိမ်း ကစားသွားခဲ့ပြီး Clean-Sheet နဲ့ အတူ ၅ ပွဲဆက် နိုင်ပွဲ ရယူ သွားခဲ့ပါတယ် ။

အာဆင်နယ် ၂-၀ လက်စတာစီးတီး ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အကြောင်းအရာများကို ဖော်ပြ ပေးလိုက်ပါတယ် ။

၁ ။ရေဘဝဲကြီး အစွမ်းပြခဲ့တဲ့ပွဲ

သောမက်စ် ပါတေး ဟာ နောက်ပိုင်းပွဲတွေမှာ အာဆင်နယ် အသင်း အတွက် ခြေစွမ်းပြနေပြီး ဖေဖော်ဝါရီလ တစ်လတာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သူပါ ။ ပါတေး ဟာ ဒီနေ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့သလို ဒုတိယဂိုးရရှိအောင်လည်း စွမ်းဆောင် ပေးခဲ့ပါတယ် ။

ပါတေး ဟာ လက်စတာ နဲ့ ပွဲမှာ ဘောလုံး ထိချက် အကြိမ် ၆၀ ၊ ဘောလုံးပေးပို့မှု တိကျနှုန်း ၈၃% ၊ key pass ၁ ကြိမ် ၊ ဘောလုံးယှဉ်လှရာမှာ အသာရမှု ၆ ကြိမ် ၊ ဖျက်ထုတ်မှု ၄ ကြိမ် လုပ်နိုင် ခဲ့ပါတယ် ။ အာဆင်နယ် ပရိသတ်တွေအတွက် သူတို့ မြင်တွေ့ချင်နေတဲ့ ပါတေး ရဲ့ထိပ်တန်း ခြေစွမ်းကို မြင်တွေ့ခွင့် ရနေပြီ ဖြစ်ပါတယ် ။

၂ ။ MOTM ဘယ်သူလဲ ?

Sky Sports ကတော့ ဒီကနေ့ပွဲရဲ့ Man of the Match အဖြစ် မာတင် အိုဒီဂတ် ကို ရွေးချယ် ပေးခဲ့ပါတယ် ။ အိုဒီဂတ် ဟာလည်း MOTM နဲ့ ထိုက်တန်အောင်လည်း တစ်ပွဲလုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အခွင့်အရေး ဖန်တီးမှု ၆ ကြိမ် နဲ့ Chance created အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ် ။

လက်စတာ စီးတီး တစ်သင်းလုံး ပေါင်းမှ အခွင့်အရေး ၃ ကြိမ်သာ ဖန်တီးနိုင်ခဲ့ချိန်မှာ အိုဒီဂတ် ဟာ ပြိုင်ဘက်အသင်းထက် နှစ်ဆ အခွင့်အရေး ဖန်တီး နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် အိုဒီဂတ် ဟာ ဘောလုံးယှဉ်လှရာမှာ အသာရမှု ၅ ကြိမ် ၊ ဘောလုံး ပြန်လည် ရယူနိုင်မှု ၃ ကြိမ် လုပ်နိုင် ခဲ့ပါတယ် ။

အိုဒီဂတ် အတွက် အာဆင်နယ် အသင်း ပေးချေ ခဲ့ရတဲ့ ပမာဏ က ပေါင် သန်း ၃၀ သာရှိတာကြောင့် တကယ့်ကို တန်လွန်းတဲ့ အပြောင်းအရွှေ့တစ်ခုလို့ ဆိုရမှာပါ ။

၃ ။ ရော်ဂျာ ကို အံ့အားသင့်စေခဲ့တဲ့ ရမ်စ်ဒေးလ်

လက်စတာ အသင်း အိမ်ကွင်းမှာ ကန်ခဲ့တဲ့ ပွဲတုန်းက မက်ဒီဆင် ရဲ့ ဖရီးကစ် ကန်ချက်ကို အံ့ဖွယ် ကာကွယ် ပြ ခဲ့တာကြောင့် ရမ်စ်ဒေးလ် တစ်ယောက် ချီးကျူးမှုတွေ အတော်လေး ရရှိ ခဲ့ပါတယ် ။ ဒီနေ့ပွဲမှာလည်း ရမ်စ်ဒေးလ် ဟာ ပြိုင်ဘ​က် နည်းပြ အံ့အားသင့်အောင် ထပ်လုပ်ပြ သွားခဲ့ပြန်ပါတယ် ။

ရမ်စ်ဒေးလ် ဟာ ဟာဗေးဘန်းစ် ရဲ့အပိုင် ခေါင်းတိုက်ချက် ကို ကာကွယ်မှု ပြုလုပ် နိုင်ခဲ့ပြီးနောက် ရုပ်သံ ရိုက်ကူးသူတွေဟာ လက်စတာ နည်းပြ ရော်ဂျာ ရဲ့ တုန့်ပြန်ပုံကို အမိအရ ရိုက်​ကူးပြ နိုင်ခဲ့တာကြောင့် နည်းပြကြီးရဲ့အံ့အားသင့်နေမှုကို အတိုင်းသား မြင်တွေ့ခွင့် ရခဲ့ပါတယ် ။

ရမ်စ်ဒေးလ် ဟာ လက်ကျန် ၁၂ ပွဲ ကစားဖို့ ကျန်နေသေးတဲ့ အချိန်မှာပဲ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း အာဆင်နယ် အသင်းရဲ့တစ်ရာသီ အတွင်း Clean-Sheet အများဆုံး စံချိန်(၁၂ ပွဲ) ကို လိုက်မှီ သွားခဲ့တာ ဖြစ်ပါတယ် ။ ရမ်စ်ဒေးလ် effect ကတော့ အံ့မခန်းပါပဲဗျာ …

၄ ။ ဂိုးပေါက် ပြန်တွေ့တဲ့ လာကာဇက်

နောက်ပိုင်းပွဲတွေမှာ ဂိုးဖန်တီးမှုတွေ ဆက်တိုက် လုပ်နေနိုင်ပေမယ့် သွင်းဂိုး မရ ဖြစ်နေတဲ့ လာကာဇက် ဟာ ဆိုယွန်ကူ ကြောင့် ရတဲ့ ပင်နယ်တီ ကို အမှားအယွင်း မရှိ ကန်သွင်းပြီး ၉ ပွဲဆက် ဂိုးပေါက်ပျောက်နေမှု ကို အဆုံးသတ်နိုင်ခဲ့ပါတယ် ။

လာကာဇက် ဟာ အာဆင်နယ် အသင်း အတွက် နောက်ဆုံး ကစားခဲ့တဲ့ ၁၁ ပွဲမှာ သွင်းဂိုး ၃ ဂိုး ၊ ဂိုးဖန်တီးမှု ၇ ကြိမ် နဲ့ သွင်းဂိုး ပါဝင်ပတ်သက်မှု ၁၀ ကြိမ် အထိ ရှိထားပါတယ် ။

၅ ။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အမှားအယွင်းမရှိ ရှေ့ဆက်ဆဲ အာဆင်နယ်

လက်စတာ စီးတီး အသင်းကို အနိုင်ရလိုက်တာကြောင့် အာဆင်နယ် အသင်းဟာ အဆင့် ၄ နေရာကို ပြန်လည် ရောက်ရှိ လာခဲ့ပါတယ် ။ အာဆင်နယ်အသင်းဟာ အဆင့် ငါးက မန်ယူနိုက်တက် ထက် ၃ ပွဲလျော့ကစားပြီး ၁ မှတ်အသာ နဲ့ အဆင့် ၄ နေရာမှာ ရပ်တည် နေတာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၉ ပွဲ အထိ အနိုင်ရအောင် ကစားထားနိုင်ပြီး ၁ ပွဲ သရေ ၊ ၁ ပွဲ ရှုံး ၊ သွင်းဂိုး ၂၅ ဂိုး ၊ ပေးဂိုး ၇ ဂိုး ၊ Clean-Sheet ၆ ကြိမ် နဲ့ ရနိုင်တဲ့ ၃၃ မှတ်မှာ ၂၈ မှတ် အထိ ရယူ ထားနိုင်ပါတယ် ။

SM