အာနိုး? ရိစ်ဂျိမ်းစ်? အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ နေရာ အတွက် သူ့ရဲ့ ရွေးချယ်မှုကို ပြောပြလာတဲ့ အဘွန်လဟေ

ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ အထူး ခြေစွမ်းပြသနေတဲ့ အင်္ဂလန် ကြယ်ပွင့် ညာနောက်ခံလူ အများအပြား ရှိနေရာ ၊ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် နည်းပြ ဖြစ်သူ ဂါရတ် ဆောက်ဂိတ် အနေနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းမှာ ညာနောက်ခံလူ နေရာ အတွက် ကစားသမား ဘယ်နှဦး ခေါ်ယူမှာလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။

အမှတ်ပေးဇယား ထိပ်ဆုံး ၃သင်းက ညာနောက်ခံလူတွေ ဖြစ်ကြတဲ့ ကိုင်လ်ဝေါ်လ်ကာ ၊ ထရန့် အလက်ဇန်းဒါး အာနိုး ၊ ရိစ်ဂျိမ်းစ်တို့ဟာ ကြံ့ခိုင်မှုသာ ပြည့်နေရင် ဆောက်ဂိတ် အနေနဲ့ လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် အင်္ဂလန် လက်ရွေးစင် ပဏာမစာရင်းမှာ မဖြစ်မနေ ရွေးချယ်ရမယ့် ညာနောက်ခံလူတွေ ဖြစ်ကြပါတယ် ။

ရွေးချယ်ပြီးသွားရင်တောင် ဆောက်ဂိတ် အနေနဲ့ ယင်း၃ဦးထဲက ဘယ်သူ့ကို ပွဲထွက်ခွင့်ပေးဖို့ ဆုံးဖြတ်ချက် ချရဦးမှာ ဖြစ်ပါတယ် ။ တဖက်မှာ ဝေါ်လ်ကာနဲ့ ဂျိမ်းစ်တို့ဟာ လိုအပ်ရင် ဗဟို ခံစစ် နေရာကို ကစားပေးနိုင်တာ ဖြစ်လို့ ၊ သိပ်တော့ ထွေထွေထူးထူး ခေါင်းခဲစရာ မရှိဘူးလို့ ယေဘူယျ သတ်မှတ်ရမှာ ဖြစ်ပါတယ် ။

ဒီရာသီမှာ အထူး ထိုးထောင် ခြေစွမ်းပြနေသူက လီဗာပူး နောက်ခံလူ ထရန့် အလက်ဇန်းဒါး အာနိုး ဖြစ်ပြီး ၊ ဝေါ်လ်ကာဟာလည်း မန်စီးတီး အတွက် ထိုက်သင့်သလောက် စွမ်းဆောင်ပေးထားတာကို တွေ့ရပါတယ် ။

ချဲလ်ဆီး ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ကတော့ ပြီးခဲ့တဲ့ ၂လ အတွင်း တံကောက်ကြော ဒဏ်ရာကြောင့် နားနေခဲ့ရတာကြောင့် ၊ နောက်ဆုံး ကစားခဲ့တဲ့ ၃ပွဲမှာသာ ပွဲကစားခွင့်တွေ ပြန်ရခဲ့ပြီး ၊ ယခင် ပုံစံကောင်းဆီ ပြန်ရောက်နိုင်ဖို့ ကြိုးစားလျက်ရှိပါတယ် ။

အက်စတွန် ဗီလာ ဂန္တဝင် တိုက်စစ်မှူးဟောင်း ဂတ်ဘီ အဘွန်လဟော ကတော့ အာနိုးနဲ့ ဂျိမ်းစ် တို့ဟာ အင်္ဂလန်ရဲ့ အနာဂတ် ကြယ်ပွင့်တွေ ဖြစ်ကြပေမယ့် ၊ ပွဲထွက်ခွင့် တနေရာ ပေးဖို့ အတွက်ဆိုရင် ခံစစ် ပိုပြီး အာရုံစိုက်နိုင်တဲ့ ရိစ်ဂျိမ်းစ်ကို သူ့အနေနဲ့ ရွေးချယ်မိမှာ ဖြစ်ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ အဘွန်လဟော က ” ကျွန်တော်တော့ ရိစ်ဂျိမ်းစ်ကို ခံစစ်ပိုင်း စွမ်းဆောင်ရည် အားသားချက်ကြောင့် ရွေးချယ်လိုပါတယ် ။ ခင်ဗျား အနေနဲ့ ထရန့် အလက်ဇန်းဒါး အာနိုးကို ဘောလုံး စကေးပိုင်းမှာ ၁၀မှတ် အပြည့် ပေးမယ်ဆိုရင် ၊ ရိစ်ဂျိမ်းစ် က ဘောလုံး စကေးမှာ ၉မှတ်လောက် ရှိပါမယ် ။ ”

” ဒါဟာ ညာနောက်ခံ နေရာ အတွက် လုံလောက်တဲ့ တိုက်စစ် အရည်အချင်းပါပဲ ။ ဘန်လေနဲ့ ပွဲက ရိစ်ဂျိမ်းစ်ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပါ ။ ဂိုးလည်း သွင်းတယ် ၊ ဖန်တီးမှုလည်း လုပ်နိုင်ခဲ့ပါတယ် ။ ဒါဟာ အာနိုးနဲ့ အလားသဏ္ဍာန်တူတဲ့ စွမ်းဆောင်ရည်မျိုးပါပဲ ။ ဒါပေမယ့် ရိစ်ဂျိမ်းစ် ဟာ ခံစစ် စွမ်းဆောင်ရည်မှာ ပိုသာပြီး ၊ ပိုလည်း လျင်မြန် ကြံ့ခိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး အဘွန်လဟော က အာနိုးဆီကနေ ပိုကောင်းတဲ့ ခံစစ် စွမ်းဆောင်ရည် မြင်လိုကြောင်းကို ” ထရန့် အလက်ဇန်းဒါး အာနိုးရဲ့ နေရာစုံ ပျမ်းမျှ ကစားနိုင်ပုံ က လုံးဝ အံ့သြစရာပါ ။ သူဟာ ခံစစ်ပိုင်း စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး မကြာခဏ မေးခွန်းထုတ် ခံရပါတယ် ။ ”

” ဒါပေမယ့် တခါတလေမှာ ခင်ဗျား ဟာ ကိုယ်အားသန်တဲ့ အပိုင်းထက်စာရင် ကျန်တဲ့ ရှုထောင့်တွေမှာ တိုးတက်အောင် လုပ်ဖို့ ခဲယဉ်းပါတယ် ။ ကျွန်တော့ အတွက်တော့ သူဟာ ဘောလုံး အရည်အသွေး အရ ကမ္ဘာ့ အကောင်းဆုံး ညာနောက်ခံလူ ဖြစ်ပေမယ့် ၊ တခါတလေမှာ ခံစစ် အရည်အသွေးကြောင့် သူ့ကို စိတ်ပျက်စေတာတွေ ရှိနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR