အာဆင်းကို အာဆင်နယ် အသင်းမှာ ရာထူး တစ်နေရာ ပေးဖို့ အစီအစဉ် မရှိသေးကြောင်း အတည်ပြု ပြောကြားခဲ့တဲ့ ဗင်ကာတီရှန်

အာဆင်နယ် နည်းပြ အာတီတာ ဟာ သူ့ရဲ့ ဆရာဖြစ်သူ အာဆင်ဝင်းဂါး ကို အသင်းမှာ ပြန်လည် မြင်တွေ့ ချင်တယ်လို့ မကြာခဏ ပြောကြား လေ့ရှိပါတယ် ။ ဒါပေမယ့် အာဆင်နယ် အသင်း ရဲ့ အကြီးအကဲ တစ်ဦး ဖြစ်တဲ့ ဗင်ကာတီရှန် ကတော့ အာဆင်း ကို နေရာတစ်နေရာပေးဖို့ အစီအစဉ် မရှိသေးကြောင်း ဆိုပါတယ် ။

ပြင်သစ် လူမျိုး နည်းပြ အာဆင်ဗင်းဂါး ဟာ အာဆင်နယ် အသင်းကို ၁၉၉၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် အထိ နှစ်ပေါင်း ၂၂ နှစ်ကြာ နည်းပြ ခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် ၊ အက်ဖ်အေ ဖလား ၇ ကြိမ် အထိ ရယူ နိုင်ခဲ့ပါတယ် ။

အသက် ၇၂ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ အာဆင်ဗင်းဂါး ဟာ လက်ရှိ အချိန်မှာ ဖီဖာရဲ့ ကမ္ဘာ့ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲ အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ် ။ ဂန်းနား ဂန္တဝင် နည်းပြကြီး အာဆင်ဗင်းဂါး ဟာ ၂၀၁၈ ခုနှစ်မှာ အာဆင်နယ် အသင်းကနေ ထွက်ခွာ ပြီးကတည်းက တရားဝင် ပြိုင်ပွဲတွေမှာ ဘယ်အသင်းကိုမှ ကိုင်တွယ် နည်းပြခြင်း မရှိတော့ပါဘူး ။

အာဆင်နယ် နည်းပြ အာတီတာ ဟာ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ” သူ(အာဆင်း) နဲ့ အဆက်အသွယ် ရှိခဲ့ပါတယ် ၊ ကျွန်တော် Invincible ရုပ်ရှင် သွားကြည့်တော့ အာဆင်း နဲ့ ဆုံခွင့် ရပြီး စကားပြောခွင့် ရခဲ့ပါတယ် ။ သူ့ကို တွေ့မြင်ရပြီး စကားပြောခွင့်ရတာက မယုံနိုင်လောက်အောင် စိတ်ချမ်းသာမှု ရပါတယ် ။ ”

” ကျွန်တော်တို့ သူ့ကို အသင်းနဲ့ နီးစပ်တဲ့ နေရာတစ်ခုမှာ ထားထားနိုင်ဖို့ မျှော်လင့်ပါတယ် ၊ သူသာ အသင်း ပတ်ဝန်းကျင်မှာ ရှိနေပြီး သူဖန်တီး ခဲ့တဲ့ အရာတွေကို မြင်နေရရင် သူ့အတွက် ကောင်းမွန်တဲ့ အချိန်တွေ ဖြစ်မှာပါ ၊ သူ လုပ်ပြခဲ့တဲ့ အရာတွေ ကိုယ်စားပြုခဲ့တာတွေအတွက် အသင်းက လူတွေအားလုံးကလည်း သူ့အပေါ် လေးစားမှု ယုံကြည်အားထားမှု ချစ်ခင်မှုရှိကြပါတယ် ။ ”

အာဆင်း တစ်ယောက် အာဆင်နယ် အသင်းမှာ ဘယ်ရာထူး ရယူလောက်သလဲ ဆိုတဲ့ မေးခွန်းကို အာတီတာ က ” အခု အချိန်မှာ ကျွန်တော် ခင်ဗျားတို့ကို မပြောနိုင်ပါဘူး ။ ဒါပေမယ့် သူ့ကို အသင်းနဲ့ နီးနီးကပ်ကပ် ရှိနေစေချင်တာက ကျွန်တော့်ရဲ့ ပြင်းပြတဲ့ ဆန္ဒပါ ။ ”

” သူသာ အသင်းမှာ ရှိနေရင် ကြီးမားတဲ့ အကူအညီ ဖြစ်စေမှာ အသေအချာပါပဲ ၊ ဒါပေမယ့် အချိန်ယူရမယ့် အရာလေးတွေတော့ ရှိတာပေါ့ဗျာ ၊ ကျွန်တော့်တို့ဘက်က ပြောရရင်တော့ သူသာ အသင်းနဲ့ နီးကပ်တဲ့ နေရာမှာ ရှိနေရင် ဝမ်းသာမိမှာ အမှန်ပါပဲ ။ ” လို့ ပြောကြား ခဲ့တာ ဖြစ်ပါတယ် ။

အခု နောက်ဆုံး ထွက်ပေါ် လာတဲ့ သတင်းတွေ အရတော့ အာဆင်း အတွက် အာဆင်နယ် အသင်းမှာ နေရာ မရှိသေးကြောင်း ဗင်ကာတီရှန် က ပြောကြားခဲ့တယ်လို့ သိရပါတယ် ။ Evening Standard ရဲ့ကိုးကား ဖော်ပြချက်အရ ဗင်ကာတီရှန် ဟာ ” အာဆင်နယ် အသင်းမှာ အာဆင်း အတွက် ချစ်ခင်လေးစားမှု တွေကလွဲရင် တခြား ဘာမှ စီစဉ်ထားတာ မရှိပါဘူး ။ ”

” သူ့ကို အသင်းဘက်က အမြဲတမ်း ကြိုဆိုနေပါတယ် ၊ သူ က ဖီဖာ မှာ အလုပ် တာဝန်ယူထားပြီး ဇူးရစ်မှာ နေနေပါတယ် ၊ ခရီးသွားရတာလည်း များပါတယ် ။ အာဆင်းကို ရာထူး တစ်နေရာ အတိအကျပေးဖို့တော့ အစီအစဉ် မရှိပါဘူး ။ ” လို့ ပြောကြား ခဲ့တယ်လို့ သိရပါတယ် ။

SM