အာဆင်နယ် အသင်းရဲ့ နွေရာသီ ကစားသမား ခေါ်ယူမှု တစ်ခုအပေါ် သူ့ရဲ့ဝေဖန်မှု မှားယွင်းသွားကြောင်း ဝန်ခံလိုက်တဲ့ ပေါလ်မာဆန်

အာဆင်နယ် အသင်းနဲ့ ပတ်သက်ပြီး မကြာခဏ ဝေဖန် ထောက်ပြမှုတွေ လုပ်လေ့ ရှိတဲ့ ဂန္တဝင်​ဟောင်း ပေါလ်မာဆန် ဟာ အာတီတာ ခေါ်ယူခဲ့တဲ့ အိုဒီဂတ် အပေါ် သူ့ရဲ့အထင်အမြင် မှားယွင်း သွားခဲ့ကြောင်း ဝန်ခံ သွားခဲ့ပါတယ် ။

နော်ဝေ လက်ရွေးစင် အိုဒီဂတ် ဟာ ပြီးခဲ့တဲ့ ရာသီကရီးရဲလ် မက်ဒရစ် အသင်းကနေ အာဆင်နယ် အသင်းကို အငှားလာရောက် ကစားခဲ့သူ ဖြစ်ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ် ။ အဲ့ဒါကြောင့် နည်းပြ အာတီတာ ဟာ ရာသီကုန်မှာ အိုဒီဂတ် ကို အပြီးသတ် ခေါ်ယူ ခဲ့ပါတယ် ။

အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အိုဒီဂတ် ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် လိဂ်ပြိုင်ပွဲ ၁၉ ပွဲ ပွဲထွက် ကစားခွင့် ရထားပြီး ၅ ဂိုးသွင်း ၃ ဂိုး ဖန်တီး ပေးထားပါတယ် ။ နောက်ဆုံး ကစားခဲ့တဲ့ ဝက်ဖိုဒ့် နဲ့ ပွဲမှာလည်း အိုဒီဂတ် ဟာ တစ်ဂိုးသွင်း တစ်ဂိုးဖန်တီး ပေးထားပါတယ် ။

ပေါလ်မာဆန် က Sky Sports မှာ အိုဒီဂတ် ရဲ့ ခြေစွမ်း နဲ့ ပတ်သက်ပြီး ” အိုဒီဂတ် က အာဆင်နယ် နဲ့ လုံးဝ အသားကျလာပြီး ခြေစွမ်းပြ ကစားနေပါတယ် ၊ သူက သိပ်ကောင်းတဲ့ ဘောလုံး သမား တစ်ဦးပါ ။ ”

” ရာသီ အစတုန်းက အခုလို ဖြစ်လာလိမ့်မယ်လို့ လုံးဝ မထင်ခဲ့တာ အမှန်ပါပဲ ၊ ဒါပေမယ့် ကျွန်တော် အခု မြင်တွေ့ နေရပါပြီ ၊ သူက ပွဲတစ်ပွဲအတွင်းမှာ ဖြစ်ပျက်နေတဲ့ အရာတွေကို လျင်မြန်စွာ မြင်နိုင်ပြီးထိပ်တန်း ရွေ့လျားမှုတွေ လုပ်နိုင်သူပါ ၊ သူက အရည်အသွေးမြင့် ကစားသမား တစ်ဦး ဖြစ်ပါတယ် ။

” သူ အာဆင်နယ် အသင်းမှာ အသားကျပြီး ခြေစွမ်း​ပြ ကစားနိုင်ဖို့ အချိန် အတိုင်းအတာ တစ်ခု ယူရလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တာပါ ။ သူက ရီးယဲလ် မှာ ခြေစွမ်းပြ ကစားနိုင်မယ်လို့ သေချာပေါက် မျှော်လင့် ခဲ့ပုံပါပဲ ၊ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး ၊ အာဆင်နယ် ကို ရောက်လာတဲ့ အချိန်မှာတော့ ကလပ် အသင်းတစ်သင်း ဆိုတာ ဘယ်လိုမျိုးလဲ သူသိသွားခဲ့ပါပြီ ။”

” နှစ်ဦးနှစ်ဖက်စလုံး အတွက် အလုပ်ဖြစ်တဲ့ အပြောင်းအရွှေ့ ဖြစ်ခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ မာတင် အိုဒီဂတ် ကလည်း အင်တာဗျူး တစ်ခုမှာ ပြီးခဲ့တဲ့ ၅ နှစ် လုံးလုံး သူ မရရှိခဲ့တဲ့ တည်ငြိမ် အေးချမ်းမှု မျိုး အာဆင်နယ်မှာ ရနေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး သူ့အိမ်လိုမျိုး ခံစားနေရပြီ ဖြစ်တယ်လို့ ဆိုပါတယ် ။

SM