အာဆင်နယ် အသင်းဖော်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် ကြယ်ပွင့် တစ်ဦး ဖြစ်တယ်လို့ ချီးကျူးလိုက်တဲ့ ပါတေး

အာဆင်နယ် အသင်း ရဲ့ ကွင်းလယ်လူ သောမက်စ် ပါတေး က ဝက်ဖိုဒ့် အသင်းကို ၂-၃ နဲ့ အနိုင် ရခဲ့တဲ့ ပွဲအပြီး ဘူကာရို ဆာကာ ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် ကြယ်ပွင့် တစ်ဦး ဖြစ်ကြောင်း ချီးကျူး စကားဆို သွားခဲ့ပါတယ် ။

အသက် ၂၀ အရွယ် ရှိပြီ ဖြစ်တဲ့ ဆာကာ ဟာ ဝက်ဖိုဒ့် အသင်း နဲ့ ပွဲမှာ မာတင် အိုဒီဂတ် ရဲ့ သွင်းဂိုးကို ဖန်တီး ပေးပို့ ခဲ့သလို အာဆင်နယ် အသင်း အတွက် ဒုတိယ ဦးဆောင်ဂိုးကိုလည်း သွင်းယူ ပေးခဲ့ပါတယ် ။

ဝက်ဖိုဒ့် ပွဲအပြီးမှာတော့ ပါတေး က ” ကျွန်တော်တို့ အားလုံး သူ(ဆာကာ)ဘာတွေ လုပ်ပြထားနိုင်သလဲ ဆိုတာ သိကြပါတယ် ။ သူက လက်ရှိ ကမ္ဘာ့ အကောင်းဆုံး လူငယ် ကစားသမားတွေထဲက တစ်ဦးပါ ။ ”

” သူ အခု ထိပ်တန်း စွမ်းဆောင်ရည် ပြသ ထားနိုင်ပါတယ် ၊ သူ အသင်းမှာ ကာလရှည်ကြာ ဆက်ရှိနေဖို့ ကျွန်တော်ကတော့ မျှော်လင့်ပါတယ် ၊ သူ့ရဲ့အရည်အသွေးကောင်းတွေ နဲ့ အတူ ဒီအသင်းကို အမြင့်ဆုံး တွန်းပို့ပေးဖို့ မျှော်လင့်ပါတယ် ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

ဆာကာ ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ် အသင်း အတွက် သွင်းဂိုး ၈ ဂိုး ၊ ဂိုးဖန်တီးမှု ၅ ကြိမ် နဲ့ အသက် ၂၁ နှစ်အောက် လူငယ်တွေထဲမှာသွင်းဂိုး ပါဝင် ပတ်သက်မှု အများဆုံး ကစားသမား ဖြစ်ပါတယ် ။ ဥရောပ ထိပ်သီး လိဂ် ၅ ခုမှာ ဆာကာ ထက် သွင်းဂိုး ပါဝင် ပတ်သက်မှုများတဲ့ ကစားသမားဆိုလို့ Florian Wirtz(၁၇) တစ်ဦးတည်းသာ ရှိပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကလည်း ဝက်ဖိုဒ့် နဲ့ ပွဲအပြီး လူငယ် ကြယ်ပွင့် ဆာကာ ကိုလည်း ခုလို ချီးကျူး ထားပါတယ် ။ ” ဘူကာရို က ပြီးခဲ့တဲ့ နွေရာသီတုန်းက ကစားသမား အတော်များများ မကြုံတွေ့ဖူးကြမယ့် အရာတစ်ခုနဲ့ ကြုံတွေ့ ခဲ့ရပါတယ် ၊ အဲ့ဒီ အဖြစ်အပျက် က ဆာကာ ရဲ့ ကစားသမား ဘဝ အတွက် သိပ်ကောင်းသွားခဲ့တယ်လို့ ထင်ပါတယ် ။ ”

” ဘာကြောင့်လဲဆိုတော့ ဘောလုံး ကမ္ဘာက လူတွေက သူ့ကို ဘယ်လောက်အထိ သဘောကျကြောင်း ဘယ်လောက်အထိ လေးစားကြောင်း ပြသ ခဲ့ကြတာကြောင့်ပါ ။ သူ့အတွက် ခက်ခဲတဲ့ အခိုက်အတန့်မှာ အဲ့ဒီလို ဝိုင်းဝန်း အားပေးခဲ့ကြတော့ အားတက်စရာ ဖြစ်ခဲ့ရပါတယ် ။ ”

” သူ ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ဖို့ နေရာလွတ်လေး တစ်ခု ရသွားသလိုပါပဲ ၊ သူ လုပ်ပြထားတဲ့ အရာတွေက ထူးခြားကောင်းမွန်ပြီးသားပါ ၊ အဓိကကတော့ ရေးသားချက်တွေကို သိပ်မဖတ်ဘဲ ကိုယ်လုပ်စရာ ရှိတာ ဆက်လုပ်ဖို့ပါပဲ ။ ” လို့ ပြောကြား သွားခဲ့တာပါ ။

SM