အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြိုင်ဘက်ကစားသမားတစ်ဦးကို အထူး ချီးကျူးသွားခဲ့တဲ့ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ

လက်စတာတို့ မနေ့ညက အမ်းမရိတ်မှာ အာဆင်နယ် အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဘရန်ဒန်ရော်ဂျာက ဂန်းနားတို့ရဲ့ ဂိုးသမား အာရွမ်ရမ်စ်ဒဲလ်ဟာ လက်ရှိအချိန်မှာ အင်္ဂလန်ရဲ့ အကောင်းဆုံး ဂိုးသမား ဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောသွားခဲ့ပါတယ်။ သောမတ်ပါတေးဟာ အမ်းမရိတ်မှာ အာဆင်နယ် အတွက် ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ရမ်ဒဲလ်ဟာ ဟာဗီဘန်းရဲ့ ခေါင်းတိုက်ချက်ကို အထူးလက်စွမ်းပြ ကာကွယ်ကာ သူ့ရဲ့ အသင်းကို ချေပဂိုး ပြန်မပေးအောင် လုပ်ပေးခဲ့ပါတယ်။ ရုပ်သံပြကွက်တွေ အရလည်း ရမ်ဒဲလ်ရဲ့ ကာကွယ်မှုကို လက်စတာနည်းပြဟာ အတော်လေး အံ့အားသင့်သွားဟန် ဖြစ်ခဲ့ပြီး ‘wow’ ဆိုပြီးတောင် ပြောခဲ့ပါသေးတယ်။

အဆိုပါ ပွဲစဉ် အပြီးမှာ ရော်ဂျာက ပြီးခဲ့တဲ့ နွေရာသီက ရှက်ဖီးယူနိုက်တက်မှ အာဆင်နယ်ကို ပြောင်းရွေ့လာခဲ့ပြီးနောက်ပိုင်း လီနိုကို ကျော်ကာ ဂန်းနား တို့ရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို အခိုင်အမာ ရယူထားခဲ့တဲ့ ရမ်ဒဲလ်ကို ချီးကျူး ခဲ့ပါတယ်။

ရော်ဂျာက “ကျွန်တော် ကတော့ သူဟာ လက်ရှိ အချိန်မှာ အင်္ဂလန်ရဲ့ အကောင်းဆုံး ဂိုးသမားလို့ ကျွန်တော် ထင်ပါတယ်။ သူဟာ ထိပ်ဆုံးမှာ ရှိနေတယ်လို့ ကျွန်တော် ယူဆပါတယ်။ အာဆင်နယ်ကို ရောက်လာခဲ့ပြီးနောက်ပိုင်း သူဟာ များစွာ တိုးတက်လာခဲ့ ပါတယ်။ သူဟာ ကြီးကြယ်တဲ့ ကလပ် အတွက် ကစားနေရသူ ဖြစ်ပြီး ဒီအသင်းမှာ ပရိတ်သတ်တွေရဲ့ မျှော်လင့်ထားမှု ကလည်း အရင်ကနဲ့ ခြားနား ပါတယ်။ ကျွန်တော် ကတော့ သူဟာ ဒါတွေကို ကောင်းစွာ ဖြေရှင်း ထားနိုင်တယ်လို့ ထင်ပါတယ်။

ကြည့်ရတာ သူဟာ ဒီကလပ်မှာ ကောင်းကောင်း အထိုင်ကျနေပြီလို့ ထင်ပါတယ်။ သူဟာ လက်ရှိမှာ တည်ငြိမ်မှု ရှိရှိနဲ့လည်း ကစားနေပါတယ်။ ဒီရာသီ အစောပိုင်းမှာတုန်းက သူဟာ တည်ငြိမ်မှု မရှိ ဖြစ်နေခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အခုချိန်မှာ သူဟာ ကောင်းမွန်တဲ့ တည်ငြိမ်မှုကို သူ့ရဲ့ စွမ်းဆောင်ရည်ထဲကို ပေါင်းထည့်နိုင်ခဲ့ပါတယ်။ သူဟာ ဘောလုံး ပေးပို့ပုံ ကောင်းမွန်တဲ့ အပြင် ကာကွယ်မှုတွေလည်း လုပ်နိုင်ပါတယ်။ ဘန်းရဲ့ ခေါင်းတိုက်ချက်ကို သူ့ရဲ့ ကာကွယ်မှုဟာ တကယ့်ကို ကောင်းလှတဲ့ save ပါ။ ဒီကာကွယ်မှုဟာ အာဆင်နယ်ဟာ ဆက်လက် ဦးဆောင်စေခဲ့ပါတယ်။” လို့ ချီးကျူးခဲ့ပါတယ်။

ရမ်ဒဲလ်ရဲ့ ကာကွယ်မှုနဲ့ ပက်သက်ပြီး နည်းပြ မီခဲလ်အာတီတာ ကလည်း “သူဟာ ကျွန်တော်တို့ ၁-၀ နဲ့ ဦးဆောင်နေချိန်မှာ ဟာဗီဘန်းရဲ့ ခေါင်းတိုက်ချက်ကို အရမ်း ကောင်းတဲ့ ကာကွယ်မှု လုပ်ခဲ့ပါတယ်။ ဒါဟာ တကယ့်ကို အရေးကြီးတဲ့ အချိန်မှာ ဖြစ်ပါတယ်။ ဒီလို အချိန်မှာ ကိုယ့်ကို ဒုက္ခထဲကနေ ဆွဲထုတ်ပေးနိုင်မယ့် ဂိုးသမားကို လိုအပ်တာ ဖြစ်ပါတယ်။ သူဟာ ဒီနေ့မှာ ဒါကို လုပ်သွားခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

လက်ကာဇက်ဟာ ပွဲချိန် ၅၉ မိနစ်မှာ အာဆင်နယ် အတွက် နောက်တစ်ဂိုး ထပ်သွင်းပေးခဲ့ပြီး ပွဲအပြီးမှာတော့ ဂန်းနားတို့ ၂-၀ နဲ့ အနိုင်ရခဲ့ကာ top 4 ကို ၀င်ဖို့အတွက် အခြေအနေကောင်းကို ဆက်လက် ဆုပ်ကိုင်ထားခဲ့ပါတယ်။ ဂန်းနားတို့ဟာ အဆင့် ၅ နေရာက မန်ယူနိုက်တက်ထက် တစ်မှတ်သာနေတဲ့ အပြင် ရပ်ဖ်ရန်းနစ်ရဲ့ အသင်းထက်လည်း ၃ ပွဲလျော့ ကစားထားပါသေးတယ်။

SM