အသက် ၂၄ နှစ်အရွယ် လီဗာပူးကစားသမားကို အန်ဖီးကနေ မထွက်ခွာရန် တိုက်တွန်းလိုက်တဲ့ ပေါလ်မာဆွန်

ပေါလ်မာဆွန်က ဒီရာသီ လီဗာပူး အသင်း အတွက် သိပ်ကစားခွင့် မရတာကြောင့် နွေရာသီမှာ အန်ဖီးကနေ ထွက်ခွာဖို့ များနေတယ်လို့ သတင်းကြီးနေတဲ့ နောက်ခံလူ ဂျိုးဂိုးမက်ဇ်ကို လီဗာပူး မှာပဲ ဆက်နေရန် တိုက်တွန်းသွားခဲ့ပါတယ်။ အသက် ၂၄ အရွယ် ကစားသမားဟာ လီဗာပူးရဲ့ ဗဟိုခံစစ်မှာ ဗာဂျယ်ဗန်ဒိုက်နဲ့ အတူ တွဲဖက်ညီညီ ကစားခဲ့တဲ့ အဓိက ကစားသမား ဖြစ်ခဲ့ပါတယ်။

ဂိုးမက်ဇ်ဟာ လီဗာပူးရဲ့ ပြီးခဲ့တဲ့ အောင်မြင်မှုတွေမှာ အဓိက ပါ၀င်ခဲ့သူ ဖြစ်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီ အစပိုင်းက ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် တစ်ရာသီလုံး အနားယူခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ဂိုးမက်ဇ်ဟာ ကလော့ရဲ့ ရွေးချယ်မှုမှာ မာတစ် ရဲ့နောက် စတုတ္တဦးစားပေး နေရာကို ရောက်သွားခဲ့ပါတယ်။

ဂိုးမက်ဇ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ မိနစ် ၁၀၀ ကျော်ကာ ကစားခွင့် ရထားခဲ့ပြီး အများစုကို ပုံမှန် နေရာမဟုတ်တဲ့ ညာနောက်ခံလူ နေရာမှာသာ ကစားခဲ့ရတာ ဖြစ်ပါတယ်။ လီဗာပူးမှာ နေရာ ပျောက်နေတဲ့ ဂိုးမက်ဇ်ကို လာမည့် နွေရာသီမှာ ခေါ်ယူဖို့ အတွက် အက်စတွန်ဗီလာ အပါအ၀င် ပရီးမီးယားလိဂ် ကလပ် တော်တော်များများက စိတ်၀င်စားနေကြပေမယ့်လည်း မာဆွန်က အင်္ဂလန် နောက်ခံလူ အနေနဲ့ လီဗာပူး ကနေ ထွက်ခွာဖို့ မစဉ်းစားသင့်ဘူးလို့ တိုက်တွန်း သွားခဲ့ပါတယ်။

မာဆွန်က “ဂျိုးဂိုးမက်ဇ်ဟာ လီဗာပူးမှာ ပွဲကစားခွင့်တွေ သိသိသာသာ နည်းပါးနေတာကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက အပြောင်းအရွေ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ သူ့ကို လိုချင်တဲ့ အသင်းက သိပ်ပြီး မရှားလှပါဘူး။ ရာသီကုန်မှာ ဘာလုပ်သွားမလဲ ဆိုတာကို သူပဲ အဓိက ဆုံးဖြတ်ချက် ချမှတ် သွားရမှာပါ။ ဒါပေမယ့် ကျွန်တော် ကတော့ သူ လီဗာပူး မှာပဲ ဆက်နေသင့်တယ်လို့ ထင်ပါတယ်။

လီဗာပူးဟာ အောင်မြင်နေတဲ့ အသင်း ဖြစ်ပြီး လာမည့် ရာသီမှာလည်း ပြိုင်ပွဲ ၄ ခုမှာ ဆုဖလားတွေ အတွက် စိန်ခေါ်နိုင်အုံးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူအနေနဲ့ လုံလောက်တဲ့ ပွဲကစားခွင့်ကို ရရှိမှာပါ။” လို့ ပြောလိုက်ပါတယ်။

လီဗာပူး နောက်ခံလူဟောင်း ဝါးနော့ ကတော့ ဂိုးမက်ဇ် အနေနဲ့ လွန်ခဲ့တဲ့ ၂၀၂၀ နောက်ပိုင်း အင်္ဂလန် လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံခဲ့ရသူ မဟုတ်ပေမယ့်လည်း အင်္ဂလန်ရဲ့ အကောင်းဆုံး နောက်ခံလူတွေ ထဲက တစ်ဦး အဖြစ် ဆက်ရှိနေဆဲ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

၀ါးနော့က “ဂျိုးမက်ဇ်ဟာ အင်္ဂလန်ရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦး အဖြစ် ရှိနေဆဲပါ။ သူဟာ ကြံ့ခိုင်မှု ပြည့်ဝနေမယ် ဆိုရင် ဂါရက်ဆောက်ဂိတ်ဟာ သူ့ကို အင်္ဂလန် အတွက် ရွေးချယ်မှာ ဖြစ်ပါတယ်။ သူဟာ ဒီလောက် ကောင်းပါတယ်။ သူဟာ ပွဲကို ကောင်းကောင်း ဖတ်ရှုနိုင်စွမ်း ရှိပြီး အခြေအနေတွေကို ကောင်းကောင်း သုံးသပ်နိုင်ကာ လျှင်မြန်မှုလည်း ရှိပါတယ်။

သူ့ကို ဘောလုံးကွင်းထဲမှာ ပြန်မြင်ရတာ ကောင်းပါတယ်။ ဒဏ်ရာ အကြာကြီး ရထားခဲ့တာကြောင့် အရင်ပုံစံ ပြန်ရဖို့ အတွက် သူ့အနေနဲ့ အချိန် လိုအပ်ပါတယ်။ ဒါဟာ တစ်ဖြည်းဖြည်း လုပ်ဆောင်သွားရမယ့် process ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီ သူ့အတွက် အရေးကြီးဆုံး အရာ ကတော့ နောက်ထပ် ဒဏ်ရာ ကြီးကြီးမားမား ထပ်မရဖို့ပဲ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဂိုးမက်ဇ်ဟာ ပြီးခဲ့တဲ့ ကြားရက်က နော့ဝှစ်ကို ၂-၁ နဲ့ နိုင်ခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ လီဗာပူး အတွက် ပွဲထွက် ပါ၀င် ကစားခွင့် ရခဲ့ပါတယ်။

SM