အရှုံးကို လက်ခံတဲ့ ဒဟဲယား ၊ ပေါ့ဘာ ကို အချောင်ခိုသူလို့ ဝေဖန်လိုက်တဲ့ ဒယ်ဆယ်လီ

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒါးဗစ် ဒဟဲယား က သူတို့ဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် မှာ နောက်တဆင့်ကို တက်ရောက်ဖို့ မလုံလောက် ခဲ့ဘူးလို့ ဝန်ခံ ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ မနေ့ညက အက်သလက်တီကို မက်ဒရစ် ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ပြီး ၁-၀ နဲ့ ရှုံးနိမ့် ခဲ့ ပါတယ် ။

ဒါကြောင့် အက်သလက်တီကို မက်ဒရစ် ဟာ နှစ်ကျော့ပေါင်း ရလဒ် ၂-၁ နဲ့ နောက်တဆင့် တက်သွားခဲ့ပြီး ယူနိုက်တက် ကတော့ ဖလား လက်မဲ့ ရာသီကို ပိုင်ဆိုင် သွားခဲ့ရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ပထမ အကျော့ စပိန်မြေမှာ ကတည်းက ကစားပုံ မကောင်းခဲ့ဘဲ အက်သလက်တီကို ရဲ့ အမှားတချက် ကနေ အီလန်ဂါ ဂိုးသွင်း နိုင်ခဲ့တာကြောင့်သာ သရေ ရလဒ်ကို ပိုင်ဆိုင် နိုင်ခဲ့တာ ဖြစ်ပါတယ် ။

အခု ပွဲမှာလည်း အိမ်ရှင် ယူနိုက်တက် ဟာ အက်သလက်တီကို မက်ဒရစ် ခံစစ် နဲ့ ဂိုးသမား အိုဘလက် တို့ကို မကျော်လွှား နိုင်ခဲ့ဘဲ လိုဒီ ရဲ့ ပထမပိုင်း သွင်းဂိုး ကို မချေပ နိုင်တာကြောင့် အရှုံးနဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။

“ဂိုးရပြီးသွားတာနဲ့ သူတို့ တသင်းလုံး အိုဘလက် ရှေ့ကို ရောက်သွား ကြပါတယ် ။ အက်သလက်တီကို က ခံစစ် ကစားပုံ အရမ်းကောင်းတဲ့ အသင်းပါ ။ သူတို့ကို ဂိုးသွင်းဖို့ ဆိုတာ တကယ်မလွယ် ပါဘူး ။

ကျွန်တော်တို့ အဆုံးထိ ကြိုးစား ခဲ့ကြပါတယ် ။ ဒါပေမယ့် မလုံလောက် ခဲ့ကြပါဘူး”

“ဒီပွဲမှာ အပိုင် အခွင့်အရေးတွေ ဖန်တီးဖို့ အရမ်း ခက်ခဲ့ ပါတယ် ။ ဒါက ချန်ပီယံလိဂ် ပါ ။ အသင်းတိုင်းက ထိပ်တန်း အဆင့် ခြေစွမ်းတွေ ရှိပါတယ် ။ သူတို့ကို ကျော်ဖြတ်ဖို့ ဆိုရင် ထိုက်တန်တဲ့ ခြေစွမ်းကို ပြနိုင်ရ မှာပါ ။

ကျွန်တော်တို့ ကတော့ မလုံလောက် ခဲ့ပါဘူး ။ ဒီအတွက် ဝမ်းနည်းပြီး စိတ်ပျက် မိပါတယ် ။

နှစ်ကျော့ စလုံးမှာ အနိုင်ရဖို့ ကျွန်တော်တို့ မလုံလောက်ခဲ့ပါဘူး” လို့ ယူနိုက်တက် ဂိုးသမား ဒဟဲယား က ပွဲအပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

ချန်ပီယံလိဂ် ဖလားကို မာဆေး အသင်း နဲ့ ရယူခဲ့ဖူးတဲ့ ပြင်သစ် နောက်ခံလူဟောင်း ဒယ်ဆယ်လီ ကတော့ ယူနိုက်တက် ကွင်းလယ်မှာ ကစားသွား ခဲ့တဲ့ ပေါလ် ပေါ့ဘာ ရဲ့ ကစားပုံ အပေါ် ဝေဖန် ပြောဆိုခဲ့ပြီး ပေါ့ဘာ ဟာ ခံစစ် တာဝန်တွေကို အချောင်ခို သွားခဲ့တယ်လို့ ခေါင်းစဉ်တပ် ခဲ့ပါတယ် ။

“ဘောလုံး အရည်အသွေး အကြောင်းပြောရင်တော့ ပေါ့ဘာ ကို ဖရက်ဒ် ၊ တော်မီနေး ၊ မာတစ် တို့နဲ့ ယှဉ်လို့ မရပါဘူး ။ သူ့ကို တိုက်စစ်မှူး ရဲ့ နောက် Playmaker နေရာမှာ ထားပြီး ကစားတုန်းက ( စပါး နဲ့ ပွဲ ) ရိုနယ်ဒို ပို လှုပ်နိုင်ခဲ့ ပါတယ်”

“အသင်း ကစားပုံ ကောင်းနေတဲ့ နေ့မျိုးဆိုရင် ပေါ့ဘာ က တကယ် ကောင်းပါတယ် ။ ဒါပေမယ့် ထင်သလို မဖြစ်လာတဲ့ နေ့မျိုးတွေမှာ ဆိုရင် သူ့ရဲ့ ၊ အထူးသဖြင့် ခံစစ် ကို လိုက်ကူတဲ့ ပုံစံတွေက တာဝန်ကျေ သဘောမျိုးထက် ပိုမနေ ပါဘူး ။

ဒီပွဲမှာ သူ နောက်ကို သိပ်မဆင်းသလို ကွင်းလယ် ခံစစ် ကိုလည်း အများကြီး မကူခဲ့ဘူးလို့ ထင်ပါတယ် ။

ဒီလို မကြာခဏတွေ့ နေရပါတယ် ။ သူက ပျင်းရိတဲ့ ကစားသမားမျိုးပါပဲ” လို့ ဒယ်ဆယ်လီ က ဝေဖန် ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ခါရာဘောင် ဖလား မှာ ဝက်စ်ဟမ်း ၊ FA Cup မှာ မစ်ဒယ်ဘရော့ တို့လို ထိပ်သီး မဟုတ်တဲ့ အသင်းတွေကို ရှုံးနိမ့်ပြီး ဖလားတွေကို လက်လွှတ် ထားခဲ့ရ ပါတယ် ။

အခု တဖန် ချန်ပီယံလိဂ် ကနေ ထွက်ခွာ ခဲ့ရတာကြောင့် အဆင့် ၄ မျှော်လင့်ချက် ဟာ မန်ယူနိုက်တက် အတွက် ဒီရာသီ တခုတည်းကျန်ရှိတော့တဲ့ ရည်မှန်းချက် ဖြစ်လာခဲ့ပါတော့တယ် ။

 

SPORTS MYANMAR