အမ်းမရိတ်မှာ အနိုင်ယူကာ မန်စီးတီးနဲ့ တစ်မှတ်အကွာကို ရောက်လာခဲ့တဲ့…အာဆင်နယ် ၀-၂ လီဗာပူး ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူးဟာ မနေ့ညက အာဆင်နယ်ကို ဂျိုတာ ဖာမီနို တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ယူကာ ထိပ်ဆုံးနေရာက မန်စီးတီးကို တစ်မှတ်အကွာနဲ့ ဖိအားပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့

၁~ကလော့ရဲ့ ကြီးမားတဲ့ ဆုံးဖြတ်ချက်
ဒီပွဲစဉ်မတိုင်မီ line-up ထွက်ပေါ်လာခဲ့ရာမှာ မိုဆာလားက အရန်လူစာရင်းမှာ ရှိနေတာကြောင့် ဒီအကြောင်းဟာ လူပြောများခဲ့တဲ့ အချက် ဖြစ်ခဲ့ပါတယ်။ ကလော့ဟာ ဘရိုက်တန်နဲ့ ပွဲစဉ်မှ ဒဏ်ရာ အနည်းငယ် ရသွားခဲ့တဲ့ ဆာလားကို အရန်ခုံကနေသာ ပွဲစတင်စေခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ပက်သက်ပြီး ကလော့က “သူဟာ အသင်းနဲ့ လေ့ကျင့်ခန်း တစ်ကြိမ်သာ ဆင်းခဲ့ရပါသေးတယ်။ ကျန်တာအားလုံးကတော့ အိုကေပါတယ်။ ကျွန်တော်တို့ အပြောင်းအလဲတွေ လုပ်ဖို့ အခွင့်အရေးတွေ ရှိနေပါတယ်။” လို့ ဆိုခဲ့ပါတယ်။ ဆာလားဟာ ပွဲချိန် ၅၅ မိနစ်လောက်မှာ လူစား၀င်လာခဲ့ပြီး အဲဒီနောက် လီဗာပူးရဲ့ ကစားကွက်က ပိုကောင်းလာခဲ့ကာ သိပ်မကြာခင်မှာပဲ လူစား၀င် ဖာမီနိုက အပိတ်ဂိုးကို သွင်းယူခဲ့ပါတယ်။

၂~ပထမပိုင်းမှာ ပိုကောင်းခဲ့တဲ့ အိမ်ရှင်
အာဆင်နယ်ဟာ အစောပိုင်းမှာ လီဗာပူးရဲ့ ထောင့်ကန်ဘောတွေကို အသဲအသန် ကာကွယ်ခဲ့ရပေမယ့်လည်း ပထမပိုင်းရဲ့ ပွဲချိန်အများစုမှာတော့ လီဗာပူးကို အသာကစားနိုင်ခဲ့ပါတယ်။ အလီဆွန် အနေနဲ့ သိပ်ပြီး အလုပ်မများခဲ့ပေမယ့်လည်း ဂန်းနားတို့ရဲ့ intensity ဟာ လီဗာပူးအတွက် ကစားရ ခက်ခဲစေခဲ့ပြီး ပါတေးနဲ့ ဇာကာ တို့ဟာ ကွင်းလယ်ကနေ တမ်ပို အတင်အချ လုပ်ကစားခဲ့ပါတယ်။ ဒါ့အပြင် မာတင်နယ်လီဟာ ထရန့်အလက်ဇန်းဒါးအာနိုးကို ကောင်းကောင်း ပြသာနာ ပေးသွားခဲ့ပြီး ပထမပိုင်းမှာ ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပါတယ်။

၃~မာတင်နယ်လီရဲ့ magic
ဒုတိပိုင်းအစမှာ မာနေးရဲ့ သွင်းဂိုး လူကျွံခဲ့ပေမယ့်လည်း အဲဒီအချိန်ထိ အာဆင်နယ်ကသာ ခြေသာနေခဲ့တာ ဖြစ်ပြီး မာတင်နယ်လီဟာ အလက်ဇန်းဒါးအာနိုးကို နောက်တစ်ကြိမ် ဒုက္ခပေးခဲ့ပြန်ပါတယ်။ ဘရာဇီးသားဟာ အလက်ဇန်းဒါးအာနိုး ကျော်ကာ ဟန်ဒါဆန်ရဲ့ ပေါင်ကြားထဲ ဘောလုံးထည့်ကာ လှပစွာ ကျော်ဖြတ်ခဲ့ပြီး ဖြတ်တင်ဘော လုပ်ခဲ့ပေမယ့်လည်း အာဆင်နယ်ဘက်က ပိတ်သွင်းမယ့်သူ မရှိခဲ့တာကြောင့် ရောဘတ်ဆန်က ရှင်းထုတ်နိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ တီယာဂိုရဲ့ အမှားကနေ တဆင့် အိုဒီဂတ် အခွင့်အရေးကောင်း ရခဲ့ပေမယ့်လည်း ဒါကို အလီဆွန်က ကာကွယ်သွားခဲ့ပြီး ဒါကို အဆုံးမသတ်နိုင်ခဲ့တဲ့ အတွက် နောင်တရနေမှာပါ။

၄~ဂိုးထပ်သွင်းခဲ့ပြန်တဲ့ ဂျိုတာ
ဒီပွဲစဉ်မှာ လီဗာပူးရဲ့ စိတ်ရှည်ရှည် ကစားပုံက အလုပ်ဖြစ်ခဲ့ပြီး အာဆင်နယ် အနေနဲ့ အခွင့်အရေး ကြီးကြီးမားမား သိပ်မရခဲ့ပါဘူး။ ဂျိုတာဟာ ဒုတိယပိုင်းစပြီး ၁၀ မိနစ်မှာ သူ့ကို လူစားမလဲမီ တီယာဂိုရဲ့ ဖန်တီးမှုကနေ တဆင့် ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးမှာ ရမ်ဒဲလ် အနေနဲ့ ပိုကောင်းအောင် ကာကွယ်နိုင်ခဲ့သင့်တာတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း ဒါဟာ ပေါ်တူဂီ စတား အတွက် အမ်းမရိတ်မှာ နောက်ထပ် တစ်ဂိုး ဖြစ်ခဲ့ပါတယ်။

ဂျိုတာဟာ ဇန်နဝါရီက ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာလည်း အာဆင်နယ် ဘက်ကို အနိုင်ဂိုး ၂ ဂိုးစလုံး သွင်းယူခဲ့သူ ဖြစ်ပြီး ဒီပွဲစဉ်မှာ ဂျိုတာရဲ့ သွင်းဂိုးပြီးနောက် အာဆင်နယ်ရဲ့ စိတ်ဓာတ်တွေ ပြိုကျသွားခဲ့ပြီး သိပ်မကြာခင်မှာပဲ ဖာမီနိုက ဒုတိယဂို သွင်းယူသွားခဲ့ပါတယ်။

၅~ပိုမို ပြင်းထန်လာခဲ့တဲ့ title race
မန်စီးတီးဟာ ဒီရာသီမှာ လီဗာပူးကို ၁၀ မှတ်ကျော်ထိ ဖြတ်ထားနိုင်ခဲ့တဲ့ အချိန် ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးဟာ မာနေး နဲ့ ဆာလား တို့ မရှိတဲ့ အချိန်တွေမှာတောင် အမှားအယွင်းမရှိခဲ့ဘဲ နိုင်ပွဲတွေ ရအောင် ကစားနိုင်ခဲ့ပြီး အာဆင်နယ်ကို အနိုင်ရခဲ့ခြင်းဟာ လီဗာပူးအတွက် ၉ ပွဲဆက် လိဂ်နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ မန်စီးတီးဟာ တော့တင်ဟမ် ခရစ်စတယ်ပဲလေ့စ် တို့နဲ့ပွဲတွေမှာ ရမှတ်တွေ ဆုံးရှုံးခဲ့တာကြောင့် လီဗာပူးရဲ့ ဖိအားပေးမှုကို ပိုခံလာရပြီး အာဆင်နယ်ကို the Reds တို့ နိုင်ခဲ့ပြီးနောက် ရမှတ် ကွာဟမှုက တစ်မှတ်သာ ကျန်ပါတော့တယ်။

လက်ရှိ အချိန်မှာတော့ လူတော်တော်များများဟာ လာမည့် ဧပြီလ ၁၀ ရက်နေ့ အီတီဟတ်မှာ ဒီနှစ်သင်း ထိပ်တိုက် တွေ့ဆုံမယ့် ပွဲစဉ်ဟာ အဆုံးအဖြတ်လို့ ယူဆနေကြပြီး အခုကတည်းက ကြိုတင် ရင်ခုန်နေကြပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဘယ်အသင်းက ချန်ပီယံ ဖြစ်သွားမလဲ ဆိုတာ ပြောရခက်ခဲပေမယ့် သေချာတာကတော့ ပရိတ်သတ်တွေ အနေနဲ့ အရမ်းကို ရင်ခုန်စရာကောင်းတဲ့ ပရီးမီးယားလိဂ် title race ကို ထပ်မံ မြင်တွေ့ရဖို့ ရှိနေပါတယ်။

SM