အမ်ဘာပေ ကို 2 နှစ် စာချုပ် အတွက် ယူရို သန်း 200 ပေးမယ်လို့ ကမ်းလှမ်းလိုက်တဲ့ PSG

အမ် ဘာပေ ၊ ပီအက်စ်ဂျီ ၊ ရီးရဲ မက်ဒရစ် တို့အကြားက သုံးပွင့်ဆိုင် ဇာတ်လမ်းက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဘောလုံးစီးပွားရေးမှာ ဂျင်လည်နေတဲ့ ရီးရဲ မက်ဒရစ် ဥက္ကဌ ပီရက်ဇ် ကလဲ အကွက်ရွှေ့ ကောင်းသလို ၊ စပိန် မီဒီယာတွေ ရဲ့ အင်အား နဲ့ ဘာပေ ရဲ့ အနာဂတ် ကို မတည်မငြိမ် ဖြစ်အောင် လုပ်ကာ ၊ အလွတ်ကြေး နဲ့ ခေါ်ယူနိုင်ဖို့ အထိ ပစ်မှတ်ထားနေပါပြီ။

PSG ဆိုတာကလဲ ဘောလုံး လောကမှာ ငွေကို ရေလို သုံးခဲ့တဲ့ ကလပ်ပီပီ ၊ ထိပ်တန်း ကစားသမား တစ်ယောက် ကို ဆုံးရှုံးရတာထက် ဘာပေလို ဘောလုံးသမားမျိုး ကို ဂုဏ်သိက္ခာ အကျခံပြီး ဘယ်တော့မှ အလွတ်ကြေး နဲ့ လက်လွှတ်မခံဘူးလို့ ဆုံးဖြတ်ထားဟန် ရှိပါတယ်။

Technically ပိုင်းအရ ကြည့်မယ် ဆိုရင်တော့ ဘာပေ နဲ့ ပီအက်စ်ဂျီ တို့ အကြားက စာချုပ် သက်တမ်းဟာ လပိုင်း အတွင်းမှာပဲ ကုန်ဆုံးတော့မှာပါ။ သူ့ကို ခေါ်ယူချင်တဲ့ ကလပ်တွေ အနေနဲ့ အခု ကတည်းက အကြိုသဘောတူညီမှု ရယူုထားလို့ ရနေပါပြီ။

သို့သော် ကာယကံရှင် ကစားသမား ကိုယ်တိုင်က ပီအက်စ်ဂျီ အပေါ် မလေးစားတဲ့ ပုံစံမျိုး သက်ရောက်သွားနိုင်တာ ဖြစ်လို့ အဲဒီလို အခင်းအကျင်းမျိုးတော့ မဖြစ်ခံဖွယ် မရှိပါဘူး။ တစ်ချိန်တည်းမှာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ထက် ၊ ကွင်းထဲက ခြေစွမ်းတွေကိုပဲ အဓိက အာရုံထားနေကြောင်း ထုတ်ဖော် ပြောဆိုထားခဲ့ ပါတယ်။

သာမန် ကစားသမား တစ်ယောက် ဆိုရင် အနာဂတ် ကိစ္စ မရေမရာ ဖြစ်နေတာတွေ ၊ အပြောင်းအရွှေ့ သတင်းတွေ ဆက်တိုက် ပေါ်ထွက်နေတာနဲ့တင် စွမ်းဆောင်ရည်ပိုင်းက ယိုင်နဲ့သွားမှာ သေချာပါတယ်။ သို့သော် ဘာပေ ကတော့ ဒီနှစ်ရောက်မှ ပိုပြီး ခြေစွာလျှက် ရှိနေသလို ၊ မက်ဆီ ၊ နေမာ တို့ကိုပါ ကျော်ဖြတ်ကာ အသင်းရဲ့ အရေးပါတဲ့ သွင်းဂိုးတွေကို ဆက်တိုက် သွင်းယူပေးနေပါတယ်။

ဘာပေ ရဲ့ ဒီရာသီ စွမ်းဆောင်ရည်တွေ ကြည့်လိုက်မယ် ဆိုရင် ပြိုင်ပွဲ ပေါင်းစုံ 34 ပွဲ ပါဝင် ကစားထားကာ 24 ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု 17 ကြိမ် အထိ လုပ်ဆောင် ထားပါတယ်။ ဒါ့အပြင် ရီးရဲ မက်ဒရစ် နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ပထမ အကျော့ပွဲစဉ်မှာလဲ ပီအက်စ်ဂျီ အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို နာကျင် အချိန်ပိုမှာ သွင်းယူ ပေးထားခဲ့ ပါတယ်။

ပြင်သစ် ရဲ့ နာမည်ကြီး သတင်းစာ L’Equipe ကတော့ ပီအက်စ်ဂျီ ဟာ သူတို့ ချာတိတ်ကို မဆုံးရှုံးချင်တာကြောင့် တစ်နှစ် လုပ်ခ ယူရို သန်း 50 နဲ့ 2 နှစ် စာချုပ်သစ် ကမ်းလှမ်းလိုက်ကာ ၊ လက်မှတ်ထိုးကြေးကိုလဲ ယူရို သန်း 100 ပေးချေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကလပ် အသင်းကြီးတွေ ဟာ လစာ ပေးချေမှု ပုံစံကို ထိန်းထားချင်တဲ့ အတွက် ထိပ်တန်း ကစားသမားတွေကို စာချုပ် ချုပ်ဆိုပြီ ဆိုရင် လစာ ပမာဏ ကို အခြား ကစားသမားတွေ နဲ့ ကွာဟ သွားအောင် အများကြီး ပေးလေ့မရှိပဲ ၊ စာချုပ်သစ် လက်မှတ်ထိုးကြေး ဆိုတဲ့ ခေါင်းစဉ် တစ်ခု ဖန်တီးကာ တစ်ဖက်လှည့်နဲ့ ပေးလေ့ရှိပါတယ်။

ယခင် ကတော့ တစ်နှစ် လုပ်ခ ယူရို 45 သန်း နဲ့ ကမ်းလှမ်းဖူးပေမယ့် ၊ ကစားသမား ဘက်က ပယ်ချခဲ့တာပါ။ ဒီတစ်ကြိမ် ကမ်းလှမ်းမှုမှာရော ဘယ်လို ပုံစံမျိုးတွေ တုန့်ပြန်လာမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ လက်မှတ်ထိုးကြေး ယူရို သန်း 100 ပမာဏ ကို ပယ်လိုက်ပြီး ၊ လစာ ပမာဏ ယူရို 50 သန်း ဟာ လက်ရှိ ရိုနာဒို ရရှိနေတဲ့ လုပ်ခ လစာထက်တောင် 2 ဆ ဝန်းကျင် အထိ ပိုများလျှက် ရှိနေပါတယ်။

သတင်းတွေ ကတော့ ပီအက်စ်ဂျီ ဟာ ချာတိတ်ကို လုံး၀ ဆုံးရှုံးလိုချင် မရှိတာကြောင့် အခုလို မက်လောက်စရာ ပမာဏမျိုး အထိ တိုးမြှင့်ပေးကာ ကမ်းလှမ်းလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

SM