အပိုဆုကြေး ပေါင် ၅ သန်းကို လက်လွှတ်လိုက်ရပြီ ဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒို

ဗြိတိန် မီဒီယာတွေရဲ့ ဖော်ပြချက် အရ ခရစ်စတီယာနိုရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဖလား လက်မဲ့ရာသီကြောင့် ပေါင် ၅ သန်း တန်ကြေးရှိတဲ့ အပိုဆုကြေးကို လက်လွှတ်သွားရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပေါ်တူဂီ စူပါစတားဟာ ပြီးခဲ့တဲ့ နွေရာသီက အိုးထရပ်ဖို့ဒ်ကို ဘောနက်တွေ ပါ၀င်နေတဲ့ စာချုပ်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပုံမှန်လစာ ကတော့ ဂျူဗင်တပ်မှာ ရခဲ့တဲ့ တစ်ပတ် ပေါင် ၇ သိန်းခွဲထက် များစွာ လျော့နည်းပါတယ်။

The Sun ရဲ့ ဖော်ပြချက် အရ သရဲနီတို့ အနေနဲ့ ငါးရာသီဆက် ဖလား လက်မဲ့ ရာသီနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် အသက် ၃၇ နှစ် အရွယ် ကစားသမားဟာ သူရမယ့် ဘောနက်စ် အများကြီးကို လက်လွှတ်သွားရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းများအရ မန်ယူနိုက်တက်သာ မေလမှာ ကျင်းပမယ့် ချန်ပီယံ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့မယ် ဆိုရင် ရော်နယ်ဒိုဟာ ပေါင် ၂ သန်းခွဲ ၀န်းကျင် ဘောနက်စ် ရမှာ ဖြစ်ပါတယ်။

အကယ်လို့များ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့မယ် ဆိုပါက ဘောနက် ပေါင် ၁ သန်းခွဲကို ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒ့ါအပြင် ပြည်တွင်း ရှုံးထွက်ဖလား ၂ ခုမှာလည်း အောင်မြင်မှု မရခဲ့တာကြောင့် အပိုဆုကြေးနဲ့ ပက်သက်ပြီး ဒါဟာ ရော်နယ်ဒို အတွက် နောက်ထပ် ထိခိုက်စရာ ဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အီတလီမှာ ရခဲ့တဲ့ လစာရဲ့ တစ်၀က်၀န်းကျင်သာ မန်ယူနိုက်တက်မှာ ရနေတာကြောင့် သရဲနီတို့သာ top 4 နဲ့ လွဲချော်ခဲ့မယ် ဆိုရင် နောက်ထပ် ထိခိုက် ဆုံးရှံးမှုတွေ ရှိလာနို်င်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒို အနေနဲ့ ဒီရာသီမှာ ကလပ်အတွက် ဂိုးသွင်းအများကြီး ကစားသမား ဖြစ်ခဲ့မယ်ဆိုရင် ကြီးမားတဲ့ ဘောနက်စ်ကို ရဖို့တော့ ရှိနေပါသေးတယ်။

ရီးရဲယ်မက်ဒရစ် တိုက်စစ်မှုးဟောင်းဟာ ဒီရာသီ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၃၃ ပွဲမှာ ၁၈ ဂိုးထိ သွင်းယူထားခဲ့သူ ဖြစ်ပြီး ၎င်းနဲ့ အနီးကပ်ဆုံး ရပ်တည်နေတဲ့ သူကတော့ ပေါ်တူဂီ လက်ရွေးစင် အသင်းဖော် ဘရူနိုဖာနန်ဒက်စ် ( ၉ ဂိုး ) ပဲ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ ရော်နယ်ဒိုဟာ လက်ရှိ international break အတွင်း ပေါ်တူဂီ အသင်းကို လာမည့် ၂၀၂၂ ကာတာကမ္ဘာ့ဖလား ရောက်ရှိအောင် ပို့ဆောင်ပေးဖို့ အာရုံစိုက်နေပါတယ်။

ရော်နယ်ဒိုရဲ့ ပေါ်တူဂီဟာ play-off ဆီမီးဖိုင်နယ်မှာ တူရကီကို ၃-၁ နဲ့ အနိုင်ရခဲ့ပြီး ဖိုင်နယ်မှာတော့ အီတလီကို အဝေးကွင်းမှာ ၁-၀ နဲ့ အံ့အားသင့်ဖွယ် အနိုင်ယူ ကျော်ဖြတ်လာခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

SM