အန်ဖီးလ် ကို လက်ပြနှုတ်ဆက်ချိန် နီးလာပြီ ဖြစ်တဲ့ အိုရီဂီ

လီဗာပူး ပရိသတ်တွေ အတွက် မမေ့နိုင်တဲ့ အခိုက်အတန့်ပေါင်း များစွာကို ဖန်တီးပေးခဲ့တဲ့ အိုရီဂီ ဟာ ဒီရာသီ အကုန်မှာတော့ အသင်းနဲ့ လမ်းခွဲတော့မှာ ဖြစ်ကြောင်း သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာနေပါပြီ။

ဘာစီလိုနာ ကို အန်ဖီးလ်မှာ နောက်ကောက်ချပြခဲ့တာ ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အနိုင်သေချာစေမယ့် ဂိုး သွင်းပြခဲ့တာ နဲ့ မာဆေး ဆိုဒ် ဒါဘီ ပွဲစဉ်တွေမှာ အဲဗာတန် အသင်းဘက်ကို အနိုင်ဂိုးတွေ ဆက်တိုက် သွင်းပြခဲ့တာက အိုရီဂီ ရဲ့ လီဗာပူး ကစားသမား ဘ၀ သမိုင်းဝင် အခိုက်အတန့်တွေ ဖြစ်ပါတယ်။

နည်းပြ ယာဂန် ကလော့ပ် ဆိုရင် ဂန္တဝင် ကစားသမား စာရင်းဝင်လိမ့်မယ်လို့တောင် သုံးနှုန်း ချီးကျူးခဲ့တာပါ။

အိုရီဂီ ရဲ့ စာချုပ်သက်တမ်းက ဒီရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ စာချုပ်ပါ အချက်အလက်တွေ အရ ပရီးမီးယားလိဂ် ကစားခွင့် အတိုင်းအတာ တစ်ခုထိ ရခဲ့ရင် ၊ အလိုအလျှောက် သက်တမ်းတိုးခွင့် တစ်နှစ် ရှိနေပေမယ့် လက်ရှိ အချိန်မှာတော့ အဲဒီ အကြောင်းအရာက ဖြစ်နိုင်ချေ နည်းပါးသွားခဲ့ပါပြီ။

အိုရီဂီ ဟာ ဒီရာသီမှာ စုစုပေါင်း 14 ပွဲ အထိ ကစားခွင့် ရခဲ့ပေမယ့် အများစု က ဖလား ပြိုင်ပွဲ ပွဲစဉ်တွေ မှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတုန်း က လီဗာပူး ဟာ ပေါ်တို က ကိုလံဘီယာ တောင်ပံ ကစားသမား လူးဝစ် ဒီယက်ဇ် ကို ထပ်မံ အားဖြည့်လိုက်ပြန်တာကြောင့် အိုရီဂီ အတွက် ကစားခွင့် မျှော်လင့်ချက်က ပိုပြီး နည်းပါးသွားခဲ့ပါတယ်။

ဒီယက်ဇ် ကိုယ်တိုင်ကလဲ ရောက်ရောက်ချင်းမှာ ခြေစွမ်းပြလျှက် ရှိနေသလို ၊ ဂျပန် တိုက်စစ် ကစားသမား တာကီ မီနာမီနို ကလဲ ပြည်တွင်း ဖလား ပြိုင်ပွဲတွေမှာ ဆက်တိုက် သွင်းဂိုးတွေ မြူးခဲ့တာကြောင့် အိုရီဂီ ရဲ့ လုပ်ပိုင်ခွင့်က တဖြေးဖြေး နည်းပါးလာခဲ့ရပါတယ်။

လက်ရှိ အချိန်မှာတော့ ကစားသမား ကိုယ်တိုင်က လီဗာပူး တာဝန်ရှိသူတွေ ထံ ရာသီအကုန်မှာ အသင်းပြောင်းတော့မယ့် အကြောင်း အသိပေးထားပြီးပြီလို့ နားလည်ရပါတယ်။

တစ်ဖက် မှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ က ချန်ပီယံလိဂ် အုပ်စုတွင်းမှာ သူကိုယ်တိုင် ဂိုးသွင်းပြခဲ့တဲ့ အေစီ မီလန် အသင်း ဖြစ်ပါတယ်။ ကစားသမား ရဲ့ အေးဂျင့် နဲ့ အေစီ မီလန် တာဝန်ရှိသူတွေ အကြား အလွတ် သဘောနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ မှာ တိုးတက်မှုတွေ ဆက်တိုက်ရှိနေပြီး ၊ ကမ္ဘာကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနို ဆိုရင် “နှုတ်အားဖြင့် သဘောတူညီမှု ရယူနိုင်တော့မယ်” လို့တောင် ရေးသားထားပါတယ်။

အိုရီဂီ ဟာ လီဗာပူး မှာ အားလုံး အဆင်ပြေနေသည့်တိုင်အောင် ပွဲထွက် ကစားခွင့် ပိုပေးနိုင်မယ့် အသင်းမျိုးဆီ ပြောင်းရွှေ့ချင်တာ ဖြစ်လို့ အခုလို ဦးတည်လာခဲ့တာပါ။

အေစီ မီလန် ကတော့ ကစားသမား လိုချင်တဲ့ အာမခံချက်မျိုးကို အပြည့်အ၀ ပေးထားတယ်လို့ သိရပါတယ်။ တစ်ချိန်တည်းမှာပဲ မီလန် ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ကစားခွင့် အလားအလာတွေပါ ပိုင်ဆိုင်နေတာကြောင့် အိုရီဂီ ကို အလွတ်ကြေး နဲ့ ခေါ်ယူနိုင်မယ့် အရေးဟာ ရုပ်လုံးပေါ်လာဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်လျှက် ရှိနေပါတယ်။

လီဗာပူး ဘက်ကတော့ ဒီရာသီ ဖလား 4 လုံး လမ်းကြောင်းပေါ်မှာ ဆက်ရှိနေဆဲ ဖြစ်တဲ့ အပြင် ၊ အရေးပါတဲ့ ဧပြီလ ကို ဖြတ်သန်းရဦးမှာ ဖြစ်လို့ သူတို့ တိုက်စစ်မှုး ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး အပြောင်းအရွှေ့ သတင်းတွေ ထွက်လာတာ သဘောကျမှာ မဟုတ်ပါဘူး။

ဒါကြောင့် အိုရီဂီ နဲ့ အေစီ မီလန် တို့ အကြား အပြောင်းအရွှေ့ဟာ ရာသီအကုန် နီးမှပဲ ရုပ်လုံးပေါ်လာဖွယ် ရှိနေပါတယ်။ ဒီကြားထဲမှာ အိုရီဂီ လို ဥရောပ အတွေ့အကြုံရင့် တိုက်စစ်မှုး တစ်ယောက်ကို အလွတ်ကြေးနဲ့ ခေါ်ယူခွင့် ရမယ့် အခွင့်အရေးမျိုး ကို လိုချင်ကြတဲ့ အခြား ဥရောပ ကလပ်တွေလဲ ပေါ်ထွက်လာနိုင်ချေ ရှိနေပါသေးတယ်။

SM