အဓိက ကစားသမားအချို့ မပါဘဲ မန်စီးတီး ကို ရင်ဆိုင်ဖွယ် ရှိတဲ့ မန်ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီကနေ့ ညမှာတော့ မြို့ခံ ပြိုင်ဘက် မန်ချက်စတာ စီးတီး အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။

မန်စီးတီး ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ဦးဆောင် နေပြီး ပုံစံကောင်းတွေ ဆက်တိုက် ပြသ နေပါတယ် ။

ယူနိုက်တက် ကတော့ အနိုင်ရသင့်တဲ့ ပွဲများစွာကို သရေ ရလဒ်တွေနဲ့ အဆုံးသတ်ခဲ့ရမှုကြောင့် ဝေဖန်မှုတွေ နဲ့ ရင်ဆိုင် နေရပါတယ် ။

ဒီပွဲဟာ မန်ယူနိုက်တက် အတွက် ရာသီကုန်မှာ အဆင့် ၄ နေရာကို ရဖို့ အတွက် အမှတ်လျော့ခံလို့ မဖြစ်သလို မန်စီးတီး ကလည်း ၃ မှတ် အကွာထိ ရောက်လာတဲ့ လီဗာပူး ကို အမှတ်ထပ်ဖြတ် ထားနိုင်ဖို့ အတွက် အနိုင် ရဖို့ လိုအပ် နေပါတယ် ။

ဘွတ်ကီဒိုင်တွေ ၊ သုံးသပ် ခန့်မှန်းသူတွေ ကတော့ ဒီပွဲဟာ စီးတီး အတွက် လွယ်ကူတဲ့ နိုင်ပွဲ တပွဲ ဖြစ်လာမယ်လို့ ထင်ကြေးပေး ထားခဲ့ကြပါတယ် ။

ဒီလိုမျိုး ကွာဟမှု ကြီးမားတယ်လို့ သတ်မှတ် ခံထားရချိန်မှာ မန်ယူနိုက်တက် အသင်းရဲ့ နောက်ဆုံး သတင်း တခုဟာ ဒီကနေ့ညပွဲနဲ့ ပတ်သက်ပြီး ယူနိုက်တက် ပရိသတ်တွေကို စိုးရိမ် ပူပင်စိတ်တွေ ဖြစ်လာစေခဲ့ ပါတယ် ။

အဲ့ဒါကတော့ ပွဲကြို ပြင်ဆင်မှု မှာ အားထားရတဲ့ ကစားသမား အချို့ ပါဝင်မလာဘူးဆိုတဲ့ သတင်းပါပဲ ။

ယူနိုက်တက် ဟာ အိမ်ကွင်းပွဲစဉ်တွေ အတွက် ကြိုတင်ပြင်ဆင် ရာမှာ မန်ချက်စတာ မြို့တွင်းက လိုရီ ဟိုတယ် ကို အသင်းလိုက် သွားရောက် တည်းခိုလေ့ ရှိကြပါတယ် ။

ဒီညပွဲဟာ အဝေးကွင်းပွဲစဉ် ဖြစ်ပေမယ့် မန်ချက်စတာ ဒါဘီ ဖြစ်တာကြောင့် အိမ်ကွင်း ပွဲတွေ ပြင်ဆင်သလိုမျိုး ဟိုတယ်ကို လာရောက်ခဲ့ ကြပါတယ် ။

ဒီလို လာရောက်ရာမှာတော့ ခရစ္စတီယာနို ရိုနယ်ဒို အပါအဝင် စီနီယာ အသင်းသား ၄ ယောက် အထိ မပါဝင်လာခဲ့တာကို တွေ့မြင် ခဲ့ကြရ ပါတယ် ။

နည်းပြ ရန်းနစ် ဟာ ကစားသမား ၂၁ ယောက်နဲ့ အတူ ဟိုတယ် ကို ရောက်လာ ခဲ့ကြပြီး အဲ့ဒိ အထဲမှာ ရိုနယ်ဒို ၊ ကာဗာနီ ၊ ဗာရန်း နဲ့ လုခ်ရှော တို့ ပါဝင် မလာခဲ့ ကြဘူးလို့ သိရ ပါတယ် ။

ကာဗာနီ ဟာ ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲအချို့ ကို လွဲချော် ထားပြီး မကြာခင် ရက်ပိုင်းကမှ ပြန်လည် လေ့ကျင့် နိုင်ခဲ့သူ ဖြစ်ပါတယ် ။

လုခ်ရှော နဲ့ ဗာရန်း တို့ကတော့ ဒဏ်ရာ ပြဿနာ ရှိနေတယ်လို့ မကြားသိရ ပါဘူး ။ ရိုနယ်ဒို ပါဝင် မလာခဲ့တာ ကတော့ စိတ်ဝင်စားမှု အများဆုံး သတင်း ဖြစ်ခဲ့ပြီး ရန်းနစ် အနေနဲ့ နည်းဗျူဟာ အပြောင်းအလဲ ပြုလုပ်ဖို့ အစီအစဉ် ရှိနေသလား ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက် လာခဲ့ ပါတယ် ။

မန်ချက်စတာ ဒါဘီ အကြို သတင်းစာ ရှင်းလင်းပွဲ တုန်းကလည်း ရက်ဖိုဒ့် ၊ ကာဗာနီ တို့ ပြန် ကစားနိုင်တာဟာ အခြားသော တိုက်စစ် ကစားပုံတွေကို ပြောင်းလဲ အသုံးပြုလို့ ရနိုင်ကြောင်း ရန်းနစ် က ထုတ်ဖော် ပြောဆို ထားခဲ့ ပါတယ် ။

ရက်ဖိုဒ့် ဟာ ရိုနယ်ဒို ၊ ကာဗာနီ တို့ထက် ပိုငယ်သလို ပိုလည်း လျှင်မြန်တာကြောင့် အိုလေဂန်နာ ဆိုးရှား လက်ထက် ယူနိုက်တက် ရဲ့ တန်ပြန် တိုက်စစ် ကစားပုံမှာ အားထားရတဲ့ လက်နက် တခုသဖွယ် ဖြစ်ခဲ့ ပါတယ် ။

ရိုနယ်ဒို ကတော့ အသက် အရွယ် ကြီးရင့်လာမှုကြောင့် မိနစ် ၉၀ လုံး ပုံစံကောင်း မပြသနိုင်တော့ သလို ရက်ဖိုဒ့် ၊ ဆန်ချို တို့လို မြန်နှုန်း ကောင်းတဲ့ လူငယ်တွေ နဲ့လည်း အတွဲ မိဖို့ ခက်ခဲ နေခဲ့ ပါတယ် ။

ခံစစ်မှူး အဲရစ် ဘိုင်ယီ ကို ဟိုတယ်ရောက် လူစာရင်းမှာ တွေ့မြင် ခဲ့ရတာကြောင့် အိုင်ဗရီကိုစ့် လက်ရွေးစင် ကို အခုည ပွဲမှာ မြင်ရနိုင်တယ် လို့လည်း သုံးသပ်ချက်တွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

ပွဲကြို ပြင်ဆင်မှု အဖြစ် ဟိုတယ်ကို ရောက်လာတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားများ –

ဒဟဲယား ၊ ဟန်ဒါဆင် ၊ တွမ်ဟီတန်

ဒါးလော့ ၊ ဘစ်ဆာကာ ၊ ဂျုံးစ် ၊ မက်ဂွဲယား ၊ ဘိုင်ယီ ၊ လင်ဒီလော့ဖ် ၊ တဲလက်စ်

မာတစ် ၊ တော်မီနေး ၊ ဖရက်ဒ် ၊ ပေါ့ဘာ ၊ မီဘရီ ၊ မာတာ ၊ လင်ဂတ် ၊ ဖာနန်ဒက်စ်

ဆန်ချို ၊ အီလန်ဂါ ၊ ရက်ဖိုဒ့်

 

SPORTS MYANMAR