အင်တာမီလန်ကို ရှုံးနိမ့်ခဲ့ပေမယ့် နှစ်ကျော့ပေါင်းနဲ့ ကွာတားတက်ခဲ့တဲ့ ပွဲစဉ်မှ လီဗာပူးတို့ သင်ယူသွားရမယ့် အရာ ၃ ခုကို ပြောပြလိုက်တဲ့ ဆာလား

လီဗာပူးဟာ ယနေ့မနက်အစောပိုင်းက အန်ဖီးမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်မှာ အင်တာမီလန်ကို 1-0 နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း နှစ်ကျော့ပေါင်း ၂-၁ နဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ မိုဟာမက်ဆာလားက နောက်တဆင့်ကို တက်နိုင်ဖို့ကသာ အရေးကြီးဆုံးလို့ ဆိုလိုက်ပေမယ့် လီဗာပူးတို့ ဒီပွဲစဉ်က လေ့လာသင်ယူသွားရမယ့် အရာ ၃ ခုကို ပြောပြသွားခဲ့ပါတယ်။

လီဗာပူးဟာ အန်ဖီးမှာ လော်တာရိုမာတီနက်ဇ်ရဲ့ ဒုတိယပိုင်း သွင်းဂိုးကြောင့် ဖိအား၀င်သွားခဲ့ပေမယ့်လည်း သိပ်မကြာမီမှာပဲ အလက်ဆစ်ဆန်းချက် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် လက်ကျန် ပွဲချိန်တွေမှာ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ပွဲကို စိုးမိုး ကစားသွားခဲ့ပြီး ဒီရလဒ်အတိုင်း ထိန်းကာ နောက်တဆင့်တက်အောင် လုပ်သွားခဲ့ပါတယ်။ လီဗာပူးဟာ ဒီပွဲစဉ်မှာ အခွင့်အရေးတွေ များစွာ ရခဲ့ပေမယ့်လည်း ဂိုးကံခေနေခဲ့တာကြောင့် ဂိုးပေါက် ပျောက်ဆုံးခဲ့တာ ဖြစ်ပြီး မိုဆာလားရဲ့ ကန်ချက် ၂ ကြိမ်ကလည်း တိုင်ထိထွက်ခဲ့ပါတယ်။

ဆာလားက “ဒါဟာ ခက်ခဲတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ အဝေးကွင်း ပွဲစဉ်မှာ တအားကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အစပိုင်းမှာ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အရေးကြီးဆုံး အရာကတော့ ကျွန်တော်တို့ နောက်တဆင့် တက်နိုင်ခဲ့တာ ပါပဲ။ ကျွန်တော် ဒီပွဲမှာ ၂ ကြိမ် တိုင်ထိထွက်ခဲ့ပါတယ်။ လာမည့် ပွဲကျရင်တော့ ကျွန်တော် ၃ ဂိုး သွင်းကောင်း သွင်းနိုင်မှာပါ။ အသင်း နောက်တဆင့်ကို တက်သွားသ၍တော့ ကျွန်တော့်ဘက်က ပြသနာ မရှိပါဘူး။ ဒါဟာ အရေးကြီးဆုံး အရာ ပါပဲ။

ဒီပွဲဟာ ကျွန်တော်တို့ ကောင်းကောင်း လေ့လာသင်ယူနိုင်တဲ့ ပွဲစဉ် ဖြစ်ပါတယ်။ နိုင်ပွဲရဖို့ဟာ အမြဲတမ်း အရေးကြီးလှပေမယ့် တစ်ခါတစ်ရံ ဒီညလိုမျိုး တိုင်ထိထွက်တာတွေနဲ့ အခွင့်အရေးတွေ လွဲချော်တာမျိုးလည်း ဖြစ်တက်ပါတယ်။ ကောင်းတဲ့အရာကတော့ ဒါဟာ လိဂ်ပြိုင်ပွဲမှာ ရှုံးခဲ့တာ မဟုတ်လို့ပါ။ ကျွန်တော်တို့ နောက်တဆင့် တက်ခဲ့ပါတယ်။ ဒါဟာ အရမ်းကောင်းပါတယ်။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ ဒီပွဲကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲစုံမှာ ၁၂ ပွဲဆက်တိုက် အနိုင်ရထားခဲ့တဲ့ မှတ်တမ်းကောင်း ကျိုးပျက်သွားခဲ့ရပါတယ်။

ဆက်လက်ပြီး ဆာလားက “ကျွန်တော်တို့ အစကနေ ပြန်စကာ နိုင်ပွဲတွေ ရအောင် လုပ်သွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီပွဲကို ရှုံးခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ကို အနည်းငယ် တွန်းအား ဖြစ်စေနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ အနည်းငယ် ယုံကြည်မှု လွန်ကဲနေတာကို သတိပေးလိုက်သလို ဖြစ်နိုင်ပါတယ်။ ဒီလို ပွဲကောင်းကနေ ကျွန်တော်တို့ လေ့လာသင်ယူနိုင်ပြီး ရှေ့ဆက်သွားရမှာပါ။

ကျွန်တော်တို့ အသင်းမှာ ရှိတဲ့ လူတွေ အားလုံးဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလား နဲ့ ပရီးမီးယားလိဂ်ဖလား တို့ကို ဆွတ်ခူးချင်တာ သေချာပါတယ်။ ကျွန်တော်တို့ ဒီဖလား ၂ ခု စလုံးအတွက် တိုက်ပွဲ၀င်သွားမှာပါ။ စောင့်ကြည့်ကြတာပေါ့။” လို့ ဆိုခဲ့ပါတယ်။

SM