‘ အခြား အသင်းပရိသတ်တွေ ချဲလ်ဆီးကို မနိုင်စေချင်လည်း ကျွန်တော်ကတော့ ဂရုမစိုက်ပါဘူး ‘ – တူချယ်

ချဲလ်ဆီး အသင်း ဟာ မနက်ဖြန်ညမှာ ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက် အပြီး ပုံစံကောင်းတွေ ဆက်တိုက်ပြနေပြီး ၊ ရလဒ်ကောင်းတွေ ဆက်တိုက်ရရှိထားလို့ တန်းဆင်းဇုန်နဲ့ ဝေးရာကို ရောက်လာတဲ့ နယူးကာဆယ် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ် ။

တမြန်နေ့ကပဲ ဗြိတိန် အစိုးရမှ လက်ရှိ အသင်းပိုင်ရှင် ရုရှား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျကို စီးပွားရေး အရ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့ပြီးနောက် ၊ ချဲလ်ဆီး အသင်းဟာလည်း ယင်းအကျိုးဆက် အနေနဲ့ ဘဏ္ဍာရေး အရ ကြီးကြီးမားမား ဆုတ်ယုတ်မှုတွေ ရှိလာပါတယ် ။

အထူးသဖြင့် ပွဲတပွဲရဲ့ အနှစ်သာရ ဖြစ်တဲ့ ပွဲကြည့် ပရိသတ်တွေ အတွက် လက်မှတ် ရောင်းချခွင့်ကို ပိတ်ပင်လိုက်တာကြောင့် ၊ ချဲလ်ဆီး အသင်း ဟာ အနာဂတ် စတမ်းဖို့ဒ်ဘရစ်ခ်ျ ပွဲတွေမှာ ရလဒ်ပိုင်း ၊ ခြေစွမ်းပိုင်း အနည်းနဲ့ အမျှ လှုပ်ခတ်မှုတွေနဲ့ ရင်ဆိုင်ရမှာ သေချာပါတယ် ။

ထိုအတွက်ကြောင့် နယူးကာဆယ်နဲ့ ပွဲကို အင်္ဂလန်မှ ချဲလ်ဆီး ပရိသတ် အများစု အနေနဲ့ အသင်းပိုင်ရှင် အပြောင်းအလဲ မဖြစ်မီ ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြည့်ရှုခွင့် ရမယ့် နောက်ဆုံးပွဲ အဖြစ် သတ်မှတ် အားပေးရမှာလည်း ဖြစ်ပါတယ် ။

တဖက်မှာ ဒီ ၂သင်းလုံး ဟာ ပရီးမီးယားလိဂ်ကို ငွေကြေး အလုံးအရင်းနဲ့ ထိုးဖောက် ဝင်ရောက်လာတာ ဖြစ်လို့ ၊ အခြား အသင်း ပရိသတ်တွေဟာ ၄င်းတို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှု အပေါ် နှစ်မြို့ကြဖွယ် မရှိပါဘူး ။ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ အခြား ပြိုင်ဖက် ပရိသတ်တွေ ၄င်းတို့ကို အနိုင်မရစေချင်လည်း သူ့အနေနဲ့ ဂရုမစိုက်နိုင်ကြောင်း တုန့်ပြန်လိုက်ပါတယ် ။

ပြီးခဲ့တဲ့ နောဝှစ်ခ်ျ အသင်းကို အဝေးကွင်းမှာ ၁ – ၃ နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” ဟုတ်ချင်လည်း ဟုတ်မှာပါ ။ ဒါပေမယ့် ကျွန်တော်ကတော့ ဂရုမစိုက်ပါဘူး ။ ကျွန်တော် ဟာ ကိုယ့်အသင်းကို အနိုင်ရစေချင်ပါတယ် ။ နယူးကာဆယ် ဟာ အရမ်း အင်အား တောင့်တင်းတဲ့ အသင်း ဖြစ်လို့ ဒီပွဲက ခက်ခဲပါလိမ့်မယ် ။ ”

” သူတို့ဟာ နောက်ပိုင်း ရလဒ်ကောင်းတွေ တောက်လျှောက် ဖန်တီးယူထားပါတယ် ။ ဒီတော့ ကျွန်တော် ဟာ ဒီပွဲကို ခက်ခဲမယ့် ပွဲတပွဲ အဖြစ် ကြိုတင် မျှော်မှန်းထားပါတယ် ။ စိတ်တော့ မကောင်းပေမယ့် ၊ သာမန် ရိုးရိုး ပွဲကြည့်သူတွေ ဒီပွဲမှာ ဘယ်သူ နိုင်သင့်တယ် ဆိုတဲ့ ထင်မြင်ယူဆချက်တွေကို ကျွန်တော့ဖက်က ဂရုမစိုက်နေပါဘူး ။ ”

” အဆုံးမှာတော့ ပွဲကြည့်သူတိုင်း ဟာ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အကြိတ်အနယ် ရှိတဲ့ ပွဲတပွဲကို ကြည့်ချင်ကြတာချည်းပါပဲ ။ ဒီအတွက် ကျွန်တော်တို့ လုပ်ဆောင်နေကြတာပါ ။ လောလောဆယ်မှာ ကျွန်တော်တို့ဟာ ဖြစ်သင့်တာကိုပဲ အာရုံစိုက်နေကြပြီး ၊ မှန်ကန်တဲ့ ဦးတည်ချက်မျိုး ထားဖို့ ကြိုးစားနေပါတယ် ။ ”

” ကျွန်တော့ အသင်းသားတွေဟာ ဒီနေ့ပွဲမှာ အထင်ကြီးစရာကောင်းတဲ့ စွမ်းဆောင်ရည်မျိုး ပြသခဲ့သလို ၊ လာမယ့် တနင်္ဂနွေနေ့မှာလည်း ဒါမျိုး ကျွန်တော်တို့ လိုအပ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး တူချယ် က ၄င်းတို့ အနေနဲ့ အပြင်က အသံဗလံတွေ ပွဲအတွင်း ရောက်မလာအောင် တားဆီးဖို့ အကောင်းဆုံး နည်းလမ်း က နိုင်ပွဲတွေ ဆက်တိုက် ရယူခြင်းသာ ဖြစ်ကြောင်း အခုလိုပဲ ဖြေကြားခဲ့ပါတယ် ။

တူချယ် က ” ဒါဟာ အမြဲတမ်း အကောင်းဆုံး နည်းလမ်းပါပဲ ။ အထူးသဖြင့် ကျွန်တော်တို့ဟာ လတ်တလော အခြေအနေ အရ အပြင်က အသံဗလံတွေကြောင့် အခုအချိန်မှာ အခက်အခဲ အနည်းငယ် ကြုံနေရပါတယ် ။ တချို့ အသင်းသားတွေက အနာဂတ် အတွက် မရေရာမှုတွေ ခံစားနေရတယ် ၊ တချို့က လက်ရှိ အခြေအနေ အပေါ် စိုးရိမ်နေကြပါတယ် ။ ”

” ဒါက ပုံမှန်ပါပဲ ။ ကစားသမားတွေချည်း သက်သက် ဒါမျိုး ခံစားနေရတာ မဟုတ်ပါဘူး ။ ဒီ ကလပ် အတွင်း ဝန်ထမ်း အများအပြား ဟာ ဒီအပေါ်မှာ ကြောက်လန့် စိုးရိမ်မှုတွေ ရှိကြပါတယ် ။ ဒီတော့ ကိုယ့်ရဲ့ ယုံကြည်မှုကို လေ့ကျင့်ရေးနဲ့ ပွဲအတွင်းမှာသာ အပြည့်အဝ မြှုပ်နှံထားဖို့က အရေးကြီးပါတယ် ။ ”

” အဆုံးမှာ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို အားကိုးရမှာ ဖြစ်သလို ၊ အားကစား အပေါ်ပဲ အာရုံစိုက်နေတဲ့ ကစားသမားတွေ အဖြစ် သတ်မှတ်ရမှာပါ ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ဟာ ဒီ အခြေအနေကို တမင်သက်သက် လုပ်ကြံ ဖန်တီးခဲ့တာ မဟုတ်သလို ၊ ဒါကိုလည်း ဖြေရှင်းနိုင်စွမ်း မရှိလို့ပါ ။ ”

” တဖက်မှာလည်း ဒါက ကျွန်တော်တို့ကို လွတ်လပ်ခွင့် ပေးသလို ဖြစ်နိုင်ပြီး ၊ ကလပ် အတွက် အရာရာ ပေးဆပ်ရမယ် ဆိုတဲ့ တာဝန်သိစိတ်ကိုလည်း ဖြစ်စေပါတယ် ။ ဒီအတွက် ကျွန်တော်တို့ အလုပ်လုပ်နေတာပါ ။ အခုအချိန် အားစရာကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်တွေ ဖန်တီးနေနိုင်တာကို ကျွန်တော် ဝမ်းသာ ပျော်ရွှင်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR