အခက်အခဲတွေ အကြားက ခြင်္သေ့ပြာတို့ရဲ့ ရုန်းအားကို မြင်ခဲ့ရတဲ့ နောဝှစ်ခ်ျ ၁ – ၃ ချဲလ်ဆီး ပွဲမှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက်

မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ကြိုကန်ပွဲ တပွဲ ဖြစ်တဲ့ နောဝှစ်ခ်ျ – ချဲလ်ဆီး ပွဲမှာ ဧည့်သည် ချဲလ်ဆီး အသင်း ဟာ ပွဲချိန် အများစုကို သက်တောင့်သက်သာ ကစားရင်း ၊ ၁ – ၃ ရလဒ်နဲ့ ၃မှတ် အပြည့် ရခဲ့ပါတယ် ။ ထိုပွဲမှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက်ကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

၁ ။ အရေးယူ ပိတ်ဆို့မှုတွေ အကြားက ချဲလ်ဆီး

နောဝှစ်ခ်ျနဲ့ ပွဲမတိုင်မီ နေ့ဝက် အလိုမှာ ဗြိတိန် အစိုးရမှ လက်ရှိ ချဲလ်ဆီး အသင်း ပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျ ကို စီးပွားရေး အရ ပိတ်ဆို့ အရေးယူမှုတွေ လုပ်လိုက်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ် ။ ဒါဟာ ပွဲအတွက် ကြိုတင် ပြင်ဆင်ရတဲ့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်နဲ့ အသင်းသားတွေ အဖို့ ကြီးကြီးမားမား စိတ်အနှောင့်အယှက် ဖြစ်စေပါတယ် ။

ပွဲမစခင်ကလည်း ဒီ sanction တွေကြောင့်ပဲ ချဲလ်ဆီး အသင်းဟာ အမှတ်ပေးဇယား အောက်ဆုံးက နောဝှစ်ခ်ျကိုတောင် အနိုင်ရဖို့ မလွယ်ဘူးလို့ ခန့်မှန်းမှု ၊ သံသယဝင်မှုတွေ ရှိခဲ့ပေမယ့် ၊ အသင်းသားတွေဟာ အပြင်က ကိစ္စတွေနဲ့ ကွင်းတွင်း စွမ်းဆောင်ရည်ကို သီးသန့်စီ ခွဲထားနိုင်ခဲ့ပါတယ် ။

၂ ။ အဝေးကွင်း ချဲလ်ဆီး ပရိသတ်တွေရဲ့ အားပေးမှု

ဒီပွဲရဲ့ ပွဲချိန် အများစုမှာ အိမ်ရှင် နောဝှစ်ခ်ျ ပရိသတ်တွေရဲ့ အားပေးမှုထက် အဝေးကွင်း အထိ လာရောက် အားပေးခဲ့တဲ့ ချဲလ်ဆီး ပရိသတ် အနည်းစုရဲ့ အားပေးသံက နောဝှစ်ခ်ျ အိမ်ကွင်း Carrow Road တခုလုံး ပြန့်လွင့်ခဲ့တာကို တွေ့ရပါတယ် ။

Sanctions အရ ချဲလ်ဆီး ပရိသတ်တွေ အဖို့ အဝေးကွင်းမှာ ဒါနောက်ဆုံးသော အင်အားပြမှု ဖြစ်လာနိုင်တယ်လို့ ဆိုရမှာပါ ။ အထူးသဖြင့် ကလပ် အနေနဲ့ လက်မှတ် အသစ်တွေ ထုတ်ရောင်းခွင့် မရှိတော့တာကြောင့် ချဲလ်ဆီး ပရိသတ်တွေဟာ မနေ့ည က ပွဲကို ၄င်းတို့ရဲ့ နောက်ဆုံးပွဲ အဖြစ်နဲ့ သဘောထားပြီး ပြင်းပြင်းထန်ထန် အားပေးခဲ့ကြပါတယ် ။

၃ ။ ရိုမန် အေဘရာမိုဗစ်ခ်ျရဲ့ နာမည်ကို ဂုဏ်ပြု သီဆိုမှု ဆက်လုပ်ခဲ့ကြတဲ့ ချဲလ်ဆီး ပရိသတ်များ

လာမယ့် ချဲလ်ဆီး အသင်းရဲ့ ပွဲတွေမှာ တရာသီစာ လက်မှတ် ကြိုဖြတ်ထားတဲ့ ပရိသတ်တွေကိုသာ မြင်တွေ့ရဖို့ ရှိတဲ့နောက် ၊ မနေ့ည က ပွဲမှာ အဝေးကွင်း ချဲလ်ဆီး ပရိသတ်တွေဟာ အသားကုန် အားပေးခဲ့ကြပြီး ၊ ဗြိတိန်က ပိတ်ဆို့ အရေးယူခဲ့တဲ့ ၄င်းတို့ရဲ့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျရဲ့ နာမည်ကိုလည်း သံပြိုင် သီဆိုခဲ့ကြပါတယ် ။

ပြီးခဲ့တဲ့ ဘန်လေနဲ့ ပွဲမှာလည်း ချဲလ်ဆီး အဝေးကွင်း ပရိသတ်တွေ ဒီလို သီဆိုမှုကြောင့် ဝေဖန် ရှုံ့ချမှု များစွာ ခံခဲ့ရပေမယ့် ၊ ၄င်းတို့ဟာ ဒါတွေကို ဂရုစိုက်တဲ့ပုံ မပေါ်ပဲ ၊ မနေ့ညက ပွဲရဲ့ ပွဲချိန် အတွင်းမှာတောင် ထပ်တိုးလို့ သီဆိုခဲ့ကြပါတယ် ။ ဒီအပေါ် အိမ်ရှင် နောဝှစ်ခ်ျ ပရိသတ်တွေကတော့ boo လုပ်ခဲ့ကြပါတယ် ။

၄ ။ အားထားခဲ့ရတဲ့ ချဲလ်ဆီး အကယ်ဒမီထွက် ၂ဦး

မနေ့ည က ပွဲမှာ အိမ်ရှင် နောဝှစ်ခ်ျကို ချဲလ်ဆီးတို့ ပွဲစကတည်းက အပြည့်အဝ ထိန်းချုပ်မှု ရစေခဲ့တာ ဟာ အကယ်ဒမီထွက် ကစားသမား ၂ဦး ဖြစ်တဲ့ နောက်ခံလူ ထရက်ဗာ ချာလိုဘာနဲ့ ကွင်းလယ်လူ မေဆင်မောင့်တို့ကြောင့် ဖြစ်တယ်လို့ ဆိုရင် မမှားနိုင်ပါဘူး ။

ပွဲချိန် ၂မိနစ်မှာတင် ထောင့်ကန်ဘောကနေ မောင့်ရဲ့ ဖန်တီးမှုမှတဆင့် ချာလိုဘာ က ခေါင်းတိုက် သွင်းယူခဲ့သလို ၊ နောက်ဆုံး ၁၅မိနစ် အကြာမှာ မောင့်ကပဲ ကိုင်ဟာဗက်ဇ်ရဲ့ ဖန်တီးမှုကို လှလှပပ ကန်သွင်း အဆုံးသတ်နိုင်ခဲ့ပါတယ် ။

ဒုတိယပိုင်း တဝက်က ပင်နယ်တီ ဧရိယာ အတွင်း ချာလိုဘာ ဟာ မလိုအပ်ပဲ မတော်တဆ လက်နဲ့ လှမ်းတားမိခဲ့ခြင်း က ချဲလ်ဆီး အတွက် ပေးဆပ်မှု ကြီးမားသလို ဖြစ်စေခဲ့ပေမယ့် ၊ ၄င်းရဲ့ အခြား စွမ်းဆောင်ရည်တွေက ပြောစရာတော့ မရှိခဲ့ပါဘူး ။

၅ ။ In-form ကိုင်ဟာဗက်ဇ်

လတ်တလော နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ချဲလ်ဆီး အသင်း အတွက် ဂယက်ထနေခဲ့တဲ့ အချိန် ခြေစွမ်း အပြနိုင်ဆုံး ချဲလ်ဆီး အသင်းသား တဦးကို ညွှန်ပြပါ ဆိုရင်တော့ ကိုင်ဟာဗက်ဇ်ကိုပဲ လက်ညှိုးထိုးရမှာ ဖြစ်ပါတယ် ။ ဟာဗက်ဇ် ဟာ ပြီးခဲ့တဲ့ ကာရာဘောင် ဖလား ဗိုလ်လုပွဲ ၊ ဘန်လေကို ၄ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲတွေမှာ အထူး ခြေစွမ်းပြခဲ့ပြီး ဖြစ်ပါတယ် ။

မနေ့ည က ပွဲမှာလည်း ချဲလ်ဆီးကို အနိုင်သေချာစေမယ့် အပိတ်ဂိုးကို လူစားဝင် ကွင်းလယ်လူ အန်ဂိုလို ကန်တေရဲ့ ဖန်တီးမှုမှတဆင့် ဟာဗက်ဇ် တယောက် အားပါပါနဲ့ ကန်သွင်း အဆုံးသတ်ပေးခဲ့ပါတယ် ။ ဒါ့အပြင် ၄င်းနဲ့ မေဆင်မောင့် အကြား က အတွဲအဖက် အချိတ်အဆက်မိတဲ့ ကစားပုံဟာလည်း အတော်လည်း ကြည့်လို့ ကောင်းခဲ့ပါတယ် ။

SPORTS MYANMAR