အက်သလက်တီကိုရဲ့ နိုင်ပွဲအပြီး မန်ယူနိုက်တက် ပရိတ်သတ်တွေ သူ့ကို သောက်စရာတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ အပေါ် တုန့်ပြန်လိုက်တဲ့ ဆီမွန်နီ

ဒီယေဂိုဆီမွန်နီက အိုးထရပ်ဖို့ဒ်မှာ အက်သလက်တီကိုမက်ဒရစ်တို့ နိုင်ပွဲ ရရှိခဲ့ပြီးနောက် ဥမင်ထဲကို ပြေး၀င်သွားချိန်မှာ မန်ချက်စတာယူနိုက်တက် ပရိတ်သတ်တွေ သူ့ကို သောက်စရာတွေနဲ့ ပစ်ပေါက်ခဲ့ကြတဲ့ အပေါ် သူ့အနေနဲ့ သတိမထားမိဘူးလို့ ဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း ယူအီးအက်ဖ်အေဟာ ဒီလို အပြုအမူ အတွက် ပရီးမီးယားလိဂ် ကလပ်ကို ပြစ်ဒဏ်ချဖို့ စဉ်းစားနေသလို pundits တွေကလည်း ဒါဟာ ရှက်စရာ အပြုအမူ ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

ဆီမွန်နီရဲ့ အသင်းဟာ ရန်နန်လိုဒီရဲ့ ပထမပိုင်း သွင်းဂိုးနဲ့ အတူ မန်ယူနိုက်တက်ကို အိုးထရပ်ဖို့ဒ်မှာ ၁-၀ နဲ့ အနိုင်ယူကာ နှစ်ကျော့ပေါင်း ၂-၁ နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ကွင်းတွင်း ကွင်းပြင်မှာ တင်းမာမှုတွေ ရှိခဲ့ပြီး လာလီဂါကလပ် ဂိုးရခဲ့ပြီးနောက် ယူနိုက်တက် ကစားသမားတွေဟာ အက်သလက်တီကိုရဲ့ ဗျူဟာတွေ အပေါ် တစ်ဖြည်းဖြည်း ဒေါသထွက်လာခဲ့သလို ပရိတ်သတ်တွေ ကလည်း စပိန်ကလပ် နဲ့ သူတို့ရဲ့ မန်နေဂျာကို ရည်ရွယ်ကာ abuse လုပ်ခဲ့ကြပါတယ်။

အက်သလက်တီကိုတို့ ကွာတားဖိုင်နယ်ကို တက်ရောက်ရန် သေချာသွားခဲ့ပြီးနောက် ဆီမွန်နီဟာ သူ့ရဲ့ ထုံးစံအတိုင်းပဲ ပြိုင်ဘက် မန်နေဂျာကို လက်ဆွဲနှုတ်ဆက်ခြင်း မရှိဘဲ ဥမင်ထဲကို ချက်ချင်း ပြေး၀င်ခဲ့ကာ အဆိုပါ အချိန်မှာ ယူနိုက်တက် ပရိတ်သတ်တွေဟာ အာဂျင်တီးနားနည်းပြကို သောက်စရာတွေ ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒေါသထွက်နေတဲ့ ပရိတ်သတ်တွေရဲ့ သောက်စရာတွေနဲ့ ပစ်ပေါက်မှုကို သိခဲ့သလား ဆိုတဲ့ မေးခွန်းကို ဆီမွန်နီက “သတိမထားခဲ့ပါဘူး။ ကျွန်တော် ကွင်းထဲကနေ ထွက်လာချိန်မှာ ကျွန်တော် ပြေးလွှားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ပျော်ရွှင်နေခဲ့သလို့ပါ။ ကျွန်တော့် အနေနဲ့ ဒီနိုင်ပွဲကို အ၀တ်လဲခန်းထဲမှာ သွားရောက်အောင်ပွဲခံဖို့ပဲ စိတ်ရောက်နေခဲ့တာပါ။

ဒါ့ကြောင့် ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ခင်ဗျားတို့ကို ခုနက ပြောခဲ့သလိုပဲ ကျွန်တော့်ရဲ့ ခေါင်းထဲမှာ အ၀တ်လဲခန်းထဲကို အမြန်ဆုံး ရောက်ဖို့ပဲ စဉ်းစားနေခဲ့တာပါ။ ကျွန်တော် တအားကို ပျော်ရွှင်နေခဲ့ပါတယ်။” လို့ တုန့်ပြန်လိုက် ပါတယ်။

အက်သလက်တီကိုရဲ့ ကစားပုံနဲ့ ပက်သက်ပြီး ဆီမွန်နီက “ကျွန်တော် ပျော်ပါတယ်။ လူအများအပြားဟာ တအားကို အလုပ်ကြိုးစားခဲ့ကြတာကြောင့် ကျွန်တော်တို့ ဒီလို အခိုက်အတန့်မျိုးကို ရခဲ့တာပါ။ ကောင်လေးတွေဟာ အပြင်းအထန်ကို အားထုတ် ကစားခဲ့ပါတယ်။ ဒါဟာ ဒီရာသီ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ပွဲစဉ်တွေထဲက တစ်ပွဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ၅-၃-၂ ကစားကွက်နဲ့ စတင်ခဲ့ပြီး အဲဒီနောက် ဂရစ်မန်းကို ကွင်းလယ်ညာခြမ်းကို ပို့ကာ ၅-၄-၁ ကို ပြောင်းခဲ့ပြီး ရန်နန်လိုဒီ အနေနဲ့ ဘယ်ခြမ်းကနေ တိုက်စစ်ကို ပိုမို လိုက်ပါ ကစားလာနိုင်ခဲ့ပါတယ်။ လိုဒီဟာ အကောင်းဆုံး လုပ်ခဲ့ပါတယ်။ သူဟာ အသင်းမှာ နေရာရဖို့ အတွက် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘောလုံးဆိုတာ အံ့သြဖို့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ လေ့ကျင့်ရေးကွင်းမှာ အပြင်းအထန် ကြိုးစားပြီး အသင့်ဖြစ်အောင် လုပ်ခဲ့မယ်ဆိုရင် ခင်ဗျား အတွက် အခွင့်အရေးက အမြဲတမ်း ရှိနေပါတယ်။ ခံစစ်ကစားပုံကလည်း တအား ကောင်းခဲ့ပါတယ်။

အော့ဘလက်ဟာ ကျွန်တော်တို့ကို တည်ငြိမ်မှု ရှိအောင် ကူညီပေးခဲ့ပါတယ်။ ဒါဟာ အသင်းလိုက် စွမ်းဆောင်ရည်ကောင်းဖြစ်ပါတယ်။” လို့ ပြောခဲ့ပါတယ်။

SM