အကောင်းဆုံးပုံစံကို ပြန်ရှာတွေ့နိုင်ခဲ့တဲ့ ဖိလစ်ပီ ကော်တင်ဟို ကို အက်စတွန် ဗီလာ နည်းပြ စတီဗင် ဂျရတ် ချီးကျူးပြောဆို

အက်စတွန် ဗီလာ နည်းပြ စတီဗင် ဂျရတ် ဟာ မနေ့ ညက ပွဲမှာ အသင်း အတွက် ပုံစံကောင်း ပြသ သွားခဲ့တဲ့ ကွင်းလယ်လူ ဖိလစ်ပီ ကော်တင်ဟို ကိ ချီးကျုး ခဲ့ပြီး ဘရာဇီးသားဟာ အကောင်းဆုံး ပုံစံကို ပြန်ရှာတွေ့ ခဲ့ပြီလို့ ပြောဆိုခဲ့ ပါတယ် ။

ဗီလာ ဟာ ဆောက်သမ်တန် အသင်းကို ၄-၀ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ဒီနိုင်ပွဲကြောင့် အဆင့် ၁၁ နေရာကို တက်လှမ်း လာနိုင်ခဲ့ ပါတယ် ။

ကော်တင်ဟို ဟာ ဒေါက်ကလပ် လူးဝစ် ရဲ့ ဂိုးကို ဖန်တီးပေး ခဲ့သလို ကိုယ်တိုင်လည်း အသင်းရဲ့ တတိယ မြောက်ဂိုးကို သွင်းယူခဲ့ ပါတယ် ။

လီဗာပူး နဲ့ ဘာစီလိုနာ ကွင်းလယ်လူဟောင်းဟာ ပရီးမီးယားလိဂ် ကို တခေါက် ပြန်ရောက် လာကတည်းက သွင်းဂိုး ၆ ဂိုးအထိ ပါဝင် ပတ်သက် ထားစေခဲ့ပြီး မနှစ်က တရာသီလုံး မှာ ဘာစီလိုနာ အတွက် စွမ်းဆောင် ပေးနိုင်ခဲ့မှု ထက် သာလွန် သွားခဲ့ပြီ ဖြစ်ပါတယ် ။

“ကျွန်တော်တို့ ဖိလစ်ပီ ကော်တင်ဟို ကို အကောင်းဆုံး ပုံစံ နဲ့ ပြန်ရ ခဲ့ပါတယ် ။ ဒီနေ့ မှာ လီဗာပူး တုန်းကလို ခြေစွမ်းမျိုး သူ ပြန်ပြ နိုင်ခဲ့ပါတယ် ။ အဲ့တုန်းက ထက်တောင် နည်းနည်း ပိုကောင်းတယ်လို့ ပြောနိုင် ပါတယ် ။

အသင်းက အခြားသူတွေဟာ သူ့ဆီကနေ အများကြီး အထောက် အပံ့တွေ ရခဲ့ပါတယ်” လို့ ဗီလာ နည်းပြ စတီဗင် ဂျရတ် က ပွဲအပြီးမှာ ဘီဘီစီ ကို ဖြေကြား သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး “အသင်းမှာ ကော်တင်ဟို ရဲ့ ဖန်တီးမှုတွေ ကနေ ပြေးလွှားပေးမယ့် ကစားသမားတွေ ရှိပါတယ် ။ ရှေ့က အိုလီ ဝက်ကင်းစ် နဲ့ ဒန်နီ အင့်စ် တို့ကလည်း ဒီနေ့ ပွဲမှာ တော်တော်ကောင်းခဲ့ ကြပါတယ် ။

 

ဖီးလ် ( ကော်တင်ဟို ) သာ အကောင်းဆုံး ပုံစံကို ရနေမယ် ဆိုရင် သူက ကမ္ဘာ့ အဆင့် ကွင်းလယ်လူ တယောက် ဆိုတာကို ကောင်းကောင်း ပြသနိုင်ပါတယ် ။

သူက ကျွန်တော့ ရဲ့ ကစားသမား ဘဝကို စောပြီး နားအောင်တောင် စွမ်းဆောင် နိုင်ခဲ့တဲ့ သူပါ ။

သူ ( လီဗာပူးမှာ ) ရှိနေတာကြောင့် ကျွန်တော့ ဒဏ်ရာတွေ အတွက် အချိန်ပေးပြီး နားဖို့ ဆုံးဖြတ် ခဲ့တာပါပဲ” လို့ ဂျရတ် က ထပ်လောင်း ပြောပြ သွားခဲ့ ပါတယ် ။

ဒီပွဲမှာ ဗီလာ အတွက် ၁ ဂိုး သွင်းပေးခဲ့တဲ့ တိုက်စစ်မှူး အိုလီ ဝက်ကင်းစ် ကလည်း ကော်တင်ဟို ရဲ့ တခါ တလေ တွေးတောပုံတွေဟာ သူတို့ အတွက် သိပ်မြန်လွန်း တယ်လို့ ခံစားရပြီး မနည်း အမီလိုက် နေရတယ်လို့ ဖွင့်ဟ ပြောဆိုရင်း အသင်းဖော်ရဲ့ စွမ်းရည် ကို ချီးကျုး ဂုဏ်ပြု သွားခဲ့ ပါတယ် ။

“သူ က တခါတလေ စဉ်းစားတာ အရမ်းမြန် ပါတယ် ။ ဒါကြောင့် သူ့ဆီ ဘောလုံး ရောက်သွားပြီ ဆိုရင် မျက်ခြေ မပြတ်ကို ကြည့် နေရတာပါ ။ ဒါတောင် တခါ တလေ ကျွန်တော် က သူ ပေးတဲ့ ဘက်နဲ့ တလွဲကြီး ထွက်သွား တတ် ပါသေးတယ် ။

ကော်တင်ဟို က အရမ်း ထက်မြက်တဲ့ သူပါ ။ အခြားသူတွေထက် ပိုပြီး အခြေအနေ ကို အကဲခတ်တတ် ပါတယ်”

“သူနဲ့ ပတ်သက်ပြီး အဓိပ္ပါယ် ပြည့်ပြည့်စုံစုံ နဲ့ ကျွန်တော် မပြောပြ တတ်ပါဘူး ။ သူနဲ့ ကစားရတာ ပျော်ဖို့ ကောင်းတယ် ၊ သူရယ် ကျွန်တော်ရယ် အင့်ဂ်ဇီ ( ဒန်နီ အင့်စ် ) ရယ် ပိုပြီး အတွဲမိ ဖို့လည်း မျှော်လင့် ပါတယ် ။

အသင်းမှာ နည်းစနစ်ပိုင်း အားကောင်းတဲ့ သူတွေ ပိုများလာ ပါပြီ ။ ခြေစွမ်းကို တည်ငြိမ်အောင် ထိန်းထား နိုင်မယ် ဆိုရင် ကျွန်တော်တို့ အခုထက် အများကြီး ပိုကောင်းလာ မှာပါ” လို့ အိုလီ ဝက်ကင်းစ် က ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR