ဟွာဝေး နဲ့ လမ်းခွဲတဲ့ လီဝန်ဒေါ့စကီး ၊ ယူနိုက်တက် ကနေ ထွက်နိုင်တဲ့ ရက်ဖိုဒ့် ၊ ရီးရဲပွဲကိုလွဲမယ့် PSG စတား တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

PSG တိုက်စစ်မှူးလေး အမ်ဘာပေ ဟာ မနေ့က လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာ ရရှိခဲ့ပြီး လာမယ့် ကြားရက်မှာ ရီးရဲ မက်ဒရစ် နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲ အတွက် မသေချာတဲ့ အခြေအနေ ရှိလာခဲ့ပြီ လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

PSG ဘက်ကတော့ အဆိုပါ အကြောင်းကို အတည်မပြု သေးဘဲ ဆာဂျီယို ရာမိုစ့် ကတော့ ရီးရဲ နဲ့ ပွဲကို ကျိန်းသေ လွဲချော်မယ်လို့ အတည်ပြု သွားခဲ့ ပါတယ် ။

လက်စတာ စီးတီး နောက်ခံလူ ဝီစလေ ဖိုဖာနာ ဟာ အသင်း နဲ့ စာချုပ်သစ် ချုပ်ဆို လိုက်ပြီ ဖြစ်တာကြောင့် ၂၁ နှစ်သားဟာ ကင်းပါဝါ မှာ ၂၀၂၇ အထိ ဆက်ရှိ နေတော့မှာပဲ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းသားတွေ အနေနဲ့ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရယူ နိုင်ပါက တဦးကို ပေါင် ၅ သိန်းစီ ဆုကြေး ရရှိမယ်လို့လည်း ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးလေး မားကပ် ရက်ဖိုဒ့် ဟာ သူ့ရဲ့ အနာဂါတ် ကို စဉ်းစား နေပြီလို့ ယမန်နေ့ က သတင်း ထွက်လာခဲ့ပြီး နွေရာသီမှာ အသင်းပြောင်းဖို့ စဉ်းစား လာနိုင်တယ်လို့ ကြားသိရ ပါတယ် ။

PSG ဟာ အမ်ဘာပေ ရီးရဲ ထံ ပြောင်းရွှေ့ သွားခဲ့ပါက ရက်ဖိုဒ့် ကို အစားထိုး ခေါ်ယူ နိုင်တယ်လို့လည်း သတင်း ထွက်လာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် နည်းပြကြီး ဆာ မတ်ဘတ်စ်ဘီ ရဲ့ နေရာကို ဆက်ခံပြီး ၁၈ လသာ လုပ်ကိုင် ခဲ့တဲ့ နည်းပြဟောင်း ဖရန့် အိုဖာရဲ ဟာ အသက် ၉၄ နှစ် အရွယ်မှာ ကွယ်လွန် သွားခဲ့တယ်လို့ သတင်း ကြားသိရ ပါတယ် ။

ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ က သူဟာ လီယွန်နယ် မက်ဆီ နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် ကို ချမှတ် ခဲ့သူ ဖြစ်ပြီး ဒါဟာ သူ့ဘ၀ ရဲ့ အကြီးမားဆုံး နဲ့ အခက်ခဲဆုံးသော ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် လာပေါ်တာ က ဟာလန်း ၊ ပေါ့ဘာ တို့ရဲ့ စူပါအေးဂျင့် မီနို ရွိုင်းအိုလာ နဲ့ တွေ့ဆုံမှုကို ဟုတ်မှန်ကြောင်း ပြောဆိုခဲ့ ပေမယ့် ဘယ်သူ့ ကိစ္စ ဆိုတာကိုတော့ ထုတ်မပြောနိုင်ကြောင်း ၊ သူ နဲ့ အားကစား ဒါရိုက်တာတွေ ဟာ နည်းပြ ဇာဗီ ဘာကို အလိုရှိသလဲ ဆိုတာ သိထားပြီး အဲ့ဒိ အတိုင်း လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

အက်စတွန် ဗီလာ နည်းပြ စတီဗင် ဂျရတ် ဟာ ဘာစီလိုနာ ကနေ အငှား လာရောက် ကစားပြီး ခြေစွမ်းပြ နေတဲ့ ဖိလစ်ပီ ကော်တင်ဟို ကို အပြီးသတ် ဝယ်ယူပေးဖို့ အသင်းအကြီး အကဲတွေကို အကြံပြု နေတယ်လို့လည်း သိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ယူ-၁၈ အသင်းမှာ ကစားနေတဲ့ ၁၇ နှစ် အရွယ် အဲလီဂျန်ဒရို ဂါနာချို ဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းကြီးရဲ့ လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ အတွက် လူစာရင်းမှာ အံ့အားသင့်ဖွယ် ရွေးချယ် ခံခဲ့ရတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ဘိုင်ယန်မြုးနစ် နဲ့ ပိုလန် တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး ဟာ ယူကရိန်း ကျုးကျော်စစ် ဆင်နွှဲ နေတဲ့ ရုရှ ကို နည်းပညာ အကူအညီ ပေးနေတယ်လို့ သတ်မှတ်ခံ ထားရတဲ့ တရုတ် အခြေစိုက် နာမည်ကြီး နည်းပညာ ကုမ္ပဏီ ဟွာဝေး နဲ့ စပွန်ဆာ စာချုပ်ကို ဖျက်သိမ်း လမ်းခွဲ လိုက်တယ်လို့ ကြားသိရ ပါတယ် ။

ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ တော့တင်ဟမ် ဟော့စပါး အသင်းဟာ အဲဗာတန် အသင်းကို အိမ်ကွင်းမှာ ၅-၀ နဲ့ ဂိုးပြတ် အနိုင် ကစားပြီး အဆင့် ၄ အတွက် တိုက်ပွဲဝင်ဖို့ ပိုမို အားကောင်း လာခဲ့ ပါတယ် ။

စပါး အတွက် ဟယ်ရီကိန်း က ၂ ဂိုးသွင်းယူခဲ့သလို ဆွန်ဟောင်မင် နဲ့ ရီဂွီလွန် တို့က ၁ ဂိုးစီ သွင်းပေးခဲ့ကာ အဲဗာတန် နောက်ခံလူ မိုက်ကယ်ကိန်း က O.G တဂိုး သွင်းယူခဲ့တာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR