ဟေးဘရော့ ဖြစ်ရပ်ဆိုးကြောင့် အသက်ဆုံးရှုံးသွားတဲ့ လီဗာပူး ဖန်တွေကို သတိရ အောက်မေ့တဲ့ အနေနဲ့ ထိုင်ခုံပေါင်း 97 ခုံ အတွက် လက်မှတ်ရောင်းချခြင်း မရှိခဲ့တဲ့ နော့တင်ဟမ် ဖောရက်

 

လီဗာပူး ကလပ် သမိုင်းမှာရော ၊ အင်္ဂလန် ဘောလုံးသမိုင်းကိုပါ ခြောက်ခြားသွားစေခဲ့တဲ့ ဟေးဘရော့ ဖြစ်ရပ်ဆိုးကြီးကို 1989 ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။

 

အဲဒီ အချိန်က အစဉ်အလာကြီးမားလွန်းတဲ့ ပြိုင်ဘက် နှစ်သင်း ဖြစ်တဲ့ လီဗာပူး နဲ့ နော့တင်ဟမ် ဖောရက် အသင်းတို့ဟာ အက်ဖ်အေ ဖလား အကြိုဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ဆုံခဲ့တာ ဖြစ်ပြီး ၊ ပွဲမကစားမီ လီဗာပူး ပရိသတ်တွေ ရှိနေတဲ့ အခြမ်းက ပွဲကြည့်စင် ပြိုကျသွားခဲ့လို့ ပရိသတ်ပေါင်း 96 ယောက် (နောက်ပိုင်း မှာ 1 ယောက် ထပ်တိုး) အသက် ဆုံးရှုံးခဲ့ရကာ 766 ယောက် အထိ ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီကိစ္စ နဲ့ ပတ်သက်ပြီး အစောပိုင်းမှာ လီဗာပူး ပရိသတ်တွေ သောင်းကျန်းလို့ ၊ အမူးလွန်နေတဲ့ သူတွေ များလို့ ဆိုပြီး သတင်းဂျာနယ်တွေ က ရေးသားခဲ့ပေမယ့် ၊ အဖြစ်မှန် စုံစမ်း စစ်ဆေးကြချိန်မှာတော့ တာဝန်ရှိသူတွေ ရဲ့ ပရိသတ် ထိန်းချုပ်မှု အားနည်းတဲ့ အချက်ကြောင့် ဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။

 

ဒီဖြစ်ရပ်ကြောင့် အင်္ဂလန် တစ်နိုင်ငံလုံး က ဘောလုံးကွင်းတွေမှာ ပရိသတ် အလွန်အကျွံ ဝင်ရောက်တာမျိုး မဖြစ်စေဖို့ အထူး ဂရုစိုက်လာခဲ့သလို ၊ ပွဲကြည့်စင်တွေ ရဲ့တောင့်တင်း ခိုင်ခံံ့မှုကိုလဲ ဦးစားပေး လုပ်ဆောင်ခဲ့ကြပါတယ်။

 

ဒီည မှာတော့ လီဗာပူး နဲ့ နော့တင်ဟမ် ဖောရက်တို့ အကြား အဲဒီဖြစ်ရပ် ဖြစ်ပွားပြီး နောက်ပိုင်း အက်ဖ်အေ ဖလားပြိုင်ပွဲမှာ ပထမဆုံး အကြိမ် ပြန်လည်တွေ့ဆုံလျှက် ရှိနေပါတယ်။

 

ဒါကြောင့် နော့တင်ဟမ် ဖောရက် အသင်းဟာ အသက်ဆုံးရှုံးသွားတဲ့ လီဗာပူး ဘောလုံး ပရိသတ်တွေ ကို Respect ပေး ဂုဏ်ပြုတဲ့ အနေနဲ့ သူတို့ ပွဲကြည့်စဉ်က ထိုင်ခုံ 97 ခုံ အတွက် လက်မှတ် လုံး၀ ရောင်းချခြင်း မရှိပဲ နေရာလွတ် အဖြစ် ချန်လှပ်ထားမှာဖြစ်ပါတယ်။

ဒါ့အပြင် နော့တင်ဟမ် ဖောရက် ပရိသတ်တွေ ဟာ ဒီပွဲ မကစားခင် အချိန် ကတည်းက အန်ဖီးလ်ကွင်းမှာ ရှိတဲ့ အဆိုပါ ပရိသတ်တွေ အတွက် သီးသန့် မှတ်တမ်းတင်ထားတဲ့ နေရာကို လာရောက် လွှမ်းသူ ပန်းခွေတွေ လာရောက်ချပေးခဲ့ကြပါတယ်။

 

နော့တင်ဟမ် ဖောရက် အသင်းဟာ ဒီနှစ် ဘောလုံးရာသီ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာ ပရီးမီးယားလိဂ် အင်အားကြီး အသင်းဖြစ်တဲ့ အာဆင်နယ် အသင်းကို တတိယ အဆင့်မှာ လည်းကောင်း ၊ လက်စတာ အသင်းကို စတုတ္ထအဆင့်မှာ လည်းကောင်း အသီးသီး ကျော်ဖြတ်ခဲ့ကာ ၊ ပဉ္စမ အဆင့်မှာတော့ ဟတ်ဒါဖီးလ် အသင်းကို အနိုင် ကစားပြခဲ့ပါတယ်။

ဒါ့အပြင် ပြိုင်ပွဲ ပေါင်းစုံ သူတို့ နောက်ဆုံး ရှုံးနိမ့်ခဲ့တဲ့ ပွဲက ဇန်နဝါရီ 31 ရက်နေ့ က ဖြစ်ကာ ၊ 2022 တစ်ခုလုံးမှာမှ တစ်ပွဲပဲ ရှုံးဖူးတာ ဖြစ်လို့ ပုံစံကောင်းတွေ ရရှိနေတယ်လို့ ပြောလို့ ရပါတယ်။

 

ဒါ့အပြင် ရှေ့ပွဲစဉ်တွေ တုန်းကလဲ ပရီးမီးယားလိဂ် ကလပ်တွေကို နောက်ကောက်ချပြထားခဲ့တာ ဖြစ်လို့ လီဗာပူး အနေနဲ့ တော်တော်လေး ကြိုးစားလာရဖွယ် ရှိနေပါတယ်။ ကလော့ပ် ကိုယ်တိုင်ကတော့ သူ့ကစားသမားတွေသာ 100% အပြည့်အ၀ မစွမ်းဆောင်နိုင်ဘူး ဆိုရင် ရလာဒ်ကောင်း ထွက်ပေါ်လာဖို့ မဖြစ်နိုင်ဘူးလို့ မှတ်ချက် ပေးထားပါတယ်။

ဂိုးသမား နေရာအတွက်တော့ အလီဆွန် ကိုယ်တိုင် ဝင်ရောက် ကစားပေးမှာ ဖြစ်ပြီး ၊ အာနိုး ၊ ဆာလာ တို့ နှစ်ယောက် စလုံးက ဒဏ်ရာပြသနာ ကိုယ်စီနဲ့ ရုန်းကန်နေရပါတယ်။

 

ကလော့ပ် ဟာ ပရီးမီးယားလိဂ် 9 ပွဲ ဆက်တိုက် နိုင်ပွဲရအောင် စွမ်းဆောင်ပြထားတာကြောင့် ၊ ဒီပွဲမှာ အဓိက ကစားသမား အများစုကို အနားပေးကာ ၊ အရံကစားသမား တစ်ချို့ ကို အားပြု ပွဲထုတ်လာဖွယ် ရှိနေပါတယ်။

 

အက်ဖ်အေ ဖလား ဆီမီး ဖိုင်နယ် အဆင့် မဲခွဲပွဲတွေကိုလဲ ဒီညမှာပဲ ပြုလုပ်သွားမှာပါ။

 

 

SPORTS MYANMAR