“ ဟုတ်ပါတယ် ကျနော်က ကမ္ဘာကျော် ဘောလုံးသမား တစ်ယောက်ပါ ဒါပေမယ့် အခု ကျနော့် ရဲ့ တာဝန်က အပြစ်မဲ့ပြည်သူတွေ သတ်ဖြတ်ခံနေရတဲ့ အပေါ် တားဆီးဖို့ပါပဲ” ရှက်ဖ်ချန်ကို

 

သူ့ ရဲ့ နိုင်ငံ ယူကရိန်း ကို ရုရှား က ကျူးကျော်စစ် စတင် ဆင်နွှဲလိုက်တဲ့ ကနဦး သတင်း ကြားခဲ့ရပုံကို ရှင်းပြဖို့တောင် ရှက်ဖ်ချန်ကို ဟာ စကားလုံးတွေ ဖွင့်ထုတ်နိုင်ဖို့ တော်တော်အားယူနေရပါတယ်။

“ ကျနော် က အိပ်ပျော်နေတာပါ………….အဲဒီ အချိန်မှာ ဖုန်းဝင်လာပါတယ်။ အမေ က လှမ်းခေါ်တာပါ………”

ကမ္ဘာကျော် ကစားသမားဟောင်းကြီးဟာ ပြောလက်စ စကားကို ရပ်လိုက်ပြီး ၊ လက်ထဲမှာ ကိုင်ထားတဲ့ ဘောပင် စားပွဲပေါ်ကို ပစ်ချလိုက်ပါတယ်။ ပြီးတော့ ပြတင်းပေါက်နား ထသွားပြီး အားယူနေရှာပါတယ်။

သူ့ရဲ့ အသံတွေက တုန်ရီနေပါပြီ။ ဒါပေမယ့် ကြိုးစားပြီး အားယူနေရှာပါတယ်။

“ အမေ ပြောတာ က စစ်ပွဲ စနေပြီတဲ့။ ကျနော်တို့ဖြင့် ရုရှား ဟာ အဲဒီလောက်အထိ ရန်လိုလာလိမ့်မယ်လို့ ယုံတောင် မယုံဘူးဗျာ။ လုံး၀ ကို ပါးစပ် အဟောင်းသား ဖြစ်သွားတာပါ”

လက်ရှိ အချိန်မှာတော့ ရှက်ဖ်ချန်ကို ရဲ့ အမေဟာ ရုရှား တပ်တွေ ဝန်းခံရထားတဲ့ ကိဗ် မြို့တော်မှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် နိုင်ငံကို စွန့်ခွာဖို့ ငြင်းဆန်ခဲ့တဲ့ အတွက် ယူကရိန်းမှာပဲ ဆက်ရှိနေပါတယ်။

“ ဗုံးတစ်လုံး ကျဲလိုက်တိုင်း အိမ်တွေက တုန်တုန်သွားတော့ ဘယ်လောက်ထိ ခံစားရမလဲ ကိုယ်ချင်းစာကြည့်ပေါ့ဗျာ” လို့ ညိုးငယ်လွန်းတဲ့ မျက်နှာပေါ်က မျက်ရည်တွေကို ထိန်းထားရင်း ယူကရိန်းသားကြီး က ပြောပြရှာပါတယ်။

“ အခု ဖြစ်နေတဲ့ စစ်ပွဲဟာ အဲဒီလို အခြေအနေတွေပါ။ ရုရှားတွေက မြို့တော်ကို ဝိုင်းထားပြီး ဗုံးတွေ ပတ်ကျဲနေပါတယ်။ လုံး၀ မရပ်ပဲ တရစပ် ကို ကျဲချနေတာပါ။

ယူကရိန်း ပြည်သူတွေ အတွက် လူသားချင်း စာနာမှု ဆိုင်ရာ နေရာလို့တောင် သတ်မှတ်ပေးထားတာ မရှိပါဘူး။ အမေ ရောက်နေတာ အဲဒီနေရာမှာပါ။ ကျနော့် အစ်မလဲ အဲဒီမှာပါပဲ။ ပြီးတော့ အန်တီ ၊ အန်ကယ် ၊ ညီဝမ်းကွဲတွေ ၊ သူငယ်ချင်း တစ်ချို့ က ရှေ့တန်းမှာ ထွက်ပြီး ခုခံနေကြပါပြီ။

သူတို့ ဟာ ကျနော်တို့ နိုင်ငံ အတွက် ၊ ကျနော်တို့ လွတ်လပ်ခွင့်အတွက် ၊ ကျနော်တို့ ရွေးချယ်မှု အတွက် ၊ ကျနော်တို့ ဂုဏ်သိက္ခာ အတွက် ခုခံ တိုက်ပွဲ ဝင်နေကြပါတယ်။ ကျနော်တို့ မှာ ရွေးချယ်စရာမှ မရှိပဲ ဒီလိုပဲ လုပ်ရမှာပေါ့” လို့ ရင်ဖွင့်ရှာပါတယ်။

လက်ရှိမှာတော့ ရှက်ဖ်ချန်ကို ရဲ့ မိသားစု ဟာ လန်ဒန်မှာ ရောက်နေပြီ ဖြစ်ပေမယ့် ၊ ယူကရိန်း မှာ ကျန်ခဲ့တဲ့ ဆွေးမျိုးသားချင်းတွေ အတွက် အချိန်တိုင်း စိတ်ပူနေရတဲ့ သောက က တကယ်ကို ကြေကွဲစရာပါ။

“ သမ္မတကြီး Volodymyr Zelensky ရဲ့ ကဏ္ဍ က အရမ်း အရေးကြီးခဲ့ပါတယ်။ သူ့ အနေနဲ့ နိုင်ငံကနေ ထွက်သွားရင် ရတာပဲ။ ဒါပေမယ့် သူ ကိုယ်တိုင်က ပြတ်သားတဲ့ မက်ဆေ့ ပေးပြီး ၊ နိုင်ငံအတွက် ခုခံကြမယ် ဆိုပြီး ပြောခဲ့တာပါ။

ဒီစကားလုံးက တစ်နိုင်ငံလုံးကို စည်းရုံးသွားခဲ့ပါတယ်။ သူကိုယ်တိုင်လဲ လက်နက်ဆွဲကိုင်ထားသလို ၊ အရှုံးမပေးဘူး ဆိုတာလဲ ပြနေပါတယ်။

 

ကျနော်တို့ က ကိုယ့်ရဲ့ ရွေးချယ်ခွင့် ၊ ကိုယ်မြတ်နိုးတဲ့ ဒီမိုကရေစီ အတွက် တိုက်ပွဲ ဝင်နေကြတာပါ။ အခု လမ်းမတွေထဲမှာ ဘာလက်နက်မှ မပါပဲ နဲ့ ရုရှား တင့်ကားတွေကို တားဆီးပြနေတဲ့ ပြည်သူတွေ ရဲ့ မြင်ကွင်းကို မြင်လိုက်ရတာ တကယ်ကို ခွန်အား ဖြစ်မိပါတယ်။ ကျနော်တို့ အနေနဲ့ အဆုံးထိ ခုခံသွားမှာပါ။ ရုရှား တွေကို လုံး၀ လက်မခံပါဘူး” လို့ ဆက်လက် ပြောဆိုခဲ့ ပါတယ်။

ရှက်ဖ်ချန်ကို တို့ မိသားစု ဟာ လန်ဒန် မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ တတ်နိုင်သလောက် ဦးဆောင်လျှက် ရှိနေသလို ၊ သူကိုယ်တိုင်ကလဲ တစ်ကမ္ဘာလုံး က ပြည်သူတွေ ကြားသိနိုင်ဖို့ အတွက် ရုပ်သံလိုင်းကြီးတွေ ကနေ တဆင့် အင်တာဗျူး တွေ အဆက်မပြတ် ဆက်တိုက် ဖြေကြားလျှက် ရှိနေပါတယ်။

 

“ ယူကရိန်း ရဲ့ လွတ်လပ်ရေး က နှစ်ပေါင်း 30 သက်တမ်းပဲ ရှိပါသေးတယ်။ ကျနော် ဘောလုံး စပြီး ကစားတော့ လွတ်လပ်ရေး ရပြီးခါစ အချိန်ပါ။ အဲဒီ နေ့ရက်တွေ့ က စလို့ ယူကရိန်း တစ်ယောက် ဖြစ်ရတာ အမြဲတမ်း ဂုဏ်ယူခဲံရပါတယ်။ ဘယ်သူကမှ ကျနော်တို့ကို လာပြီး အနိုင်ကျင့် ဗိုလ်ကျလို့ မရပါဘူး”

ရှက်ဖ်ချန်ကို ဟာ အင်တာဗျူး ဖြေတဲ့ တစ်လျှောက်လုံးမှာ “ပူတင်” ရဲ့ နာမည်ကို လုံး၀ ထုတ်မပြောခဲ့သလို ၊ မပြောမိအောင်လဲ သတိကြီးကြီး နဲ့ ဖြေခဲ့ပါတယ်။ သူ့ ရဲ့ ခံယူချက်ဟာ “ပူတင်” ဟာ လူသား တစ်ယောက်လို့ သတ်မှတ်စရာကို မလိုတော့လို့မို့ စကားထဲမှာ ထည့်မပြောတာလို့ ဆိုပါတယ်။

“ ကျနော်တို့ အနေနဲ့ ရုရှား သမ္မတ ကို ဝိုင်းပြီး ဖိအားပေးရမှာပါ။ အဲဒီ လူရဲ့ နာမည်ကို ထုတ်မပြောချင်ပါဘူး။ သူတို့ ပြောတာက ဒါဟာ “ အထူး စစ်ဆင်ရေး” တစ်ခု လုပ်တာ ဆိုပြီး ခေါင်းစဉ်တပ်နေကြပေမယ့် တကယ်တော့ အထူးစစ်ဆင်ရေး မဟုတ်ပါဘူး။ အပြစ်မဲ့ ပြည်သူတွေကို သတ်ပြနေတာပါ။ မြို့တွေ တစ်မြို့ပြီး တစ်မြို့ ဗုံးကျဲပြနေတာပါ။

ဒီလို အချိန်မျိုးမှာ အင်္ဂလန် ရောက်နေတဲ့ ယူကရိန်း ဘောလုံးသမားတွေကို ကွင်းထဲမှာပဲ အာရုံစိုက်ပြီး ဆက်ကစားပြနေဖို့ အမြဲတမ်း ကျနော် မှာဖြစ်နေပါတယ်။ ဒီလို ကစားတာ ဟာ ကိုယ့်ရဲ့ နိုင်ငံအတွက် ကစားတယ် ဆိုတဲ့ မက်ဆေ့ကို ပြသနေသလိုပါပဲ။

အားကစားကြောင့် လူတွေ ပိုပြီး စည်းလုံးသွားသလို ၊ စစ်ပွဲကိုလဲ ဝိုင်းပြီး ဆန့်ကျင်နေကြပါတယ်။ ဇင်ချန်ကို ၊ မိုင်ကိုလန်ကို ၊ ယာမိုလန်ကို ၊ ယာယီချု့ တို့ကို ဘောလုံးကို အကောင်းဆုံး ဆက်ကစားဖို့ ကျနော် သေချာ သတိပေးနေပါတယ်။

ပရိသတ်တွေက ဘောလုံးသမားတွေကို အားပေးရင် ၊ ကျနော်တို့ကလဲ သတိရပြီး အားပေးနေမှာပါ” လို့ ရှင်းပြသွားခဲ့ ပါတယ်။

 

SPORTS MYANMAR