သူ နှစ်သက်တဲ့ မန်ယူနိုက်တက် ကြယ်ပွင့် တဦးရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ ရူဒီဂါ

ချဲလ်ဆီး အသင်းရဲ့ ဂျာမနီ လက်ရွေးစင် ခံစစ်မှူး အန်တိုနီယို ရူဒီဂါ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ နည်းပြဟောင်း ဖရန့် လမ်းပတ် လက်ထက် အပယ်ခံ ကစားသမား ဖြစ်ခဲ့ပေမယ့် ၊ တနိုင်ငံတည်းသား ဂျာမန် လူမျိုး နည်းပြ သောမတ်စ် တူချယ် ရောက်လာအပြီးမှာတော့ ၊ ကမ္ဘာ့ အကောင်းဆုံး ခံစစ်မှူး တဦး အသွင် အဖြစ် တမဟုတ်ချင်း တိုးတက် ပြောင်းလဲလာပါတယ် ။

ရူဒီဂါ ဟာ တူချယ်ရဲ့ ၃ယောက်တန်း ခံစစ်မှာ ဘယ်ခံစစ်မှူး အဖြစ် ပွဲတိုင်းနီးပါး တာဝန် ကျေပွန်စွာ ကစားထားကာ ၊ သူ့ရဲ့ ရန်လိုတဲ့ ၊ အားကစား စိတ်ဓာတ် ပြင်းပြတဲ့ ကစားဟန်ကြောင့်လည်း ချဲလ်ဆီး ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်လို့နေပါတယ် ။

ယင်း ဂျာမန် လက်ရွေးစင် ဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲတချို့တဝက်မှာ ပြိုင်ဖက် ကစားသမား တဦးဦးနဲ့ ခဏခဏ ညိတတ်ပြီး ၊ ခိုက်ရန်ဖြစ်ပွားမှု ၊ အချင်းများမှုတွေလည်း ရှိခဲ့ပါတယ် ။ ဒီအထဲမှာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ စကော့ မက်တော်မီနေးနဲ့ အက်သလက်တီကို တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်တို့လည်း အပါအဝင် ဖြစ်ခဲ့ပါတယ် ။

ချဲလ်ဆီး တီဗွီနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ရူဒီဂါ က တော်မီနေးရဲ့ အားကစား စိတ်ဓာတ် ပြင်းပြမှုနဲ့ ပွဲအပြီး ဖက်လှဲတကင်း ရှိမှုကို နှစ်သက် သဘောကျကြောင်း ဖွင့်ဟရင်း ၊ ပြီးခဲ့တဲ့ ရာသီ က ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမ အကျော့မှာ ဆွာရက်ဇ်နဲ့ ညိခဲ့တဲ့ အကြောင်း အမှတ်တရ ပြန်ပြောင်း ပြောပြခဲ့ပါတယ် ။

ရူဒီဂါ က ” ဒီ စကော့ မက်တော်မီနေးကို ကျွန်တော် သဘောကျပါတယ် ။ ဘာလို့လဲ ဆိုတော့ သူဟာ ဘောလုံးကွင်းတွင်း ကိုယ့်အသင်း အတွက် တိုက်ပွဲဝင်ရင်း ပြိုင်ဖက် တဦးဦးနဲ့ အချင်းများ ခိုက်ရန်ဖြစ်တတ်တာတွေ ရှိပေမယ့် ၊ ပွဲပြီးသွားတဲ့အခါ အားကစားသမား ဆန်ဆန် လေးစားမှုရှိရှိ ဖက်လှဲတကင်း ၊ လက်ဆွဲနှုတ်ဆက်တာတွေ လုပ်တတ်တဲ့ ကစားသမား ဖြစ်လို့ပါ ။ ”

” ဒီလို ရန်လိုတဲ့ တုန့်ပြန်မှုမျိုး လုပ်လိုက်မယ် ဆိုတဲ့ စိတ်မျိုးနဲ့တော့ ကျွန်တော် ဘယ်ပွဲမှ ချဉ်းကပ်ခဲ့တာ မဟုတ်ပါဘူး ။ ဒီလို အခိုက်အတန့်မျိုးတွေမှာ ဒါတွေက သူ့အလိုလို ဖြစ်လာတာပါ ။ ဥပမာ – ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်ပွဲက ဆွာရက်ဇ်နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ အခိုက်အတန့်မျိုးပေါ့ ။ ”

” အဲဒီတုန်းက သူ ကျွန်တော့ ခြေဖျားကို အရင် တက်နင်းခဲ့ပါတယ် ။ ဒါမျိုး ကျွန်တော် ကစားချင်လို့ မဟုတ်ခဲ့ပါဘူး ။ သူလည်း ကျွန်တော့လိုပဲ ညစ်တီးညစ်ပတ် ကစားတတ်တဲ့ ကစားသမားမျိုးပါ ။ ဒါမျိုး ကစားချင်ရင် ခင်ဗျားဖက်က အမြဲ သတိထားရပါတယ် ။ ဘာလို့လဲ ဆိုတော့ တခါတလေ အခြေအနေ က ကိုယ့်ဖက် ပါတတ်ပြီး ၊ တခါတလေမှာ ကိုယ်ထင်သလို မဖြစ်တတ်လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ရူဒီဂါ ဟာ ချဲလ်ဆီး အသင်းနဲ့ အတူ ကစားသမား ဘဝ အမြင့်မားဆုံး အောင်မြင်မှု အဖြစ် ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးထားခဲ့ရာ ၊ ပြီးခဲ့တဲ့ ရာသီ ဖိုင်နယ်ပွဲ အတွင်း မန်စီးတီး ကွင်းလယ်လူ ဖီးလ်ဖိုဒန်ကို ပင်နယ်တီ ဧရိယာ အတွင်း လျှောထိုးတားဆီးနိုင်ခဲ့ခြင်း က အရေးပါတဲ့ အခိုက်အတန့် တရပ် ဖြစ်ခဲ့ပါတယ် ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရူဒီဂါ က ” ဒီလို အခြေအနေမျိုးမှာ ခင်ဗျား အတွက် စဉ်းစားချိန် မရှိပါဘူး ။ ကြုံသလို ခြေတဖက်တည်းပဲဖြစ်ဖြစ် ၊ ခြေစုံပဲဖြစ်ဖြစ် ပစ်ဝင်သင့်ရင် ဝင်ရမှာပါပဲ ။ လျှောလျှောရှူရှူနဲ့ ပိတ်ဆို့ တားဆီးနိုင်ဖို့ မျှော်လင့်ရုံပေါ့ ။ ဖိုဒန်ကို တားဆီးရတဲ့ ပုံစံမျိုး က ၅၀ – ၅၀ အနေအထားပါ ။ ”

” ဘုရားသခင်ကို ကျေးဇူးတင်ရပါမယ် ။ ဘာလို့လဲ ဆိုတော့ ပုံမှန် သူဟာ ဒီထက် ပိုကောင်းတဲ့ ဘောလုံး ထိချက်မျိုး ထုတ်ပြနိုင်လို့ပါ ။ ဒီနေရာမှာ သူ့ရဲ့ ထိချက် က မဆိုးပေမယ့် ၊ နည်းနည်း ပိုသာတဲ့ ထိချက်နဲ့ဆို ကျွန်တော် ဘာမှတတ်နိုင်မှာ မဟုတ်ပါဘူး ။ ကံကောင်းစွာနဲ့ ထိချက် က ရှေ့နည်းနည်းထွက်ခဲ့ပါတယ် ။ ဒါက All or nothing ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR