သူ့အတွက် အခက်ခဲဆုံး ပြိုင်ဘက်ကို ပြောပြလိုက်တဲ့ ရမ်စ်ဒေးလ် ၊ ဆာလာ ဟယ်ရီကိန်း ရော်နယ်ဒိုတို့တော့ မဟုတ်ပါဘူး

အာဆင်နယ် အသင်း ရဲ့ ဂိုးသမား အာရွန် ရမ်စ်ဒေးလ် ဟာ ဒီရာသီမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသ ထားနိုင်ကြောင့် ပရိသတ်တွေ ပွဲဝေဖန် သုံးသပ်သူတွေရဲ့ သဘောကျ နှစ်သက်မှုကို ရရှိ နေသူ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ရှက်ဖီးယူနိုက်တက် အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ နဲ့ ရမ်စ်ဒေးလ် ကို ခေါ်ယူ ခဲ့တာပါ ။အာရွန် ရမ်စ်ဒေးလ် ဟာ ရောက်ခါစမှာ သူ ဖမ်းခဲ့တဲ့ အသင်းတိုင်း တန်းဆင်းရတယ် ဆိုပြီး ဝေဖန် လှောင်ပြောင်မှုတွေ နဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။

ဒါပေမယ့်လည်း ရမ်စ်ဒေးလ် ဟာ အာဆင်နယ် အတွက် စတင် ပွဲထွက်ခွင့် ရတဲ့ အချိန်ကတည်းက လက်စွမ်းကောင်းတွေ ပြသပြီး သူ့အပေါ် ဝေဖန်သံတွေ တိတ်ဆိတ်အောင် လုပ်နိုင်ခဲ့ပါတယ် ။ သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် အရင်က ပွဲထွက် ဂိုးသမား လီနို တစ်ယောက် အရန်ခုံရောက်သွားရတဲ့ အထိပါပဲ ။

ရမ်စ်ဒေးလ် ဟာ ပရီးမီးယားလိဂ် ၂၂ ပွဲ ပွဲထွက် ကစားရာမှာ Clean-Sheet ၁၁ ပွဲ အထိ ရယူ ထားနိုင်ပြီး ထိပ်တန်း ကာကွယ်မှုတွေ အများအပြား ပြုလုပ် နိုင်ခဲ့ပါတယ် ။ သူ့ရဲ့ လက်စွမ်းကောင်းတွေကြောင့် အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာ ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့် ရခဲ့သလို အာဆင်နယ် အသင်းရဲ့တစ်လတာ အကောင်းဆုံး ကစားသမား အဖြစ် နှစ်လဆက် ရွေးချယ် ခံခဲ့ရပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် လက်စတာစီးတီး အသင်း နဲ့ ရင်ဆိုင် ကစားရဖို့ ရှိပါတယ် ။ လက်စတာ နဲ့ ပွဲမတိုင်မှီ အာဆင်နယ် ဂိုးသမား ရမ်စ်ဒေးလ် က ဗာဒီ ဟာ သူ့အတွက် အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်ကြောင်း ဆိုလိုက်ပါတယ် ။

ရမ်စ်ဒေးလ် ဟာ လက်စတာ နဲ့ ပွဲ ပထမအကျော့တုန်းက မက်ဒီဆင် ရဲ့ ဖရီးကစ် အပါအဝင် တခြားဂိုးကန်သွင်းချက်ကို အံ့ဖွယ် ကာကွယ် နိုင်ခဲ့တာကြောင့် ချီးကျူး ခံခဲ့ရသူ ဖြစ်ပါတယ် ။ ပွဲမတိုင်မှီ အင်တာဗျူးမှာတော့ ရမ်စ်ဒေးလ် က ” ကျွန်တော် ရင်ဆိုင် ကစားဖို့ အမုန်းတီးဆုံး ကစားသမားကတော့ ဗာဒီပါပဲ ။ ”

” သူက အမြဲတမ်း ပြေးလွှားနေတဲ့ ကစားသမားပါ ၊ ဗာဒီ နဲ့ တစ်သင်းတည်းပဲ ကစားချင်ပါတယ် ၊ သူနဲ့ ပြိုင်ဘက် အဖြစ် ကစားရတာတော့ တကယ် မကြိုက်ပါဘူး ၊ ကျွန်တော် သူနဲ့ ၅ ကြိမ်တိတိ ရင်ဆိုင် ကစားဖူးပါတယ် ၊ သူ ကျွန်တော့်ကို လေးဂိုး သွင်းထားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ရမ်စ်ဒေးလ် ဟာ ဗာဒီ နဲ့ နောက်ဆုံး ရင်ဆိုင် ကစားခဲ့တဲ့ ပွဲမှာတော့ Clean-Sheet ရယူ နိုင်ခဲ့ပြီး ဒီတစ်ပတ် တနင်္ဂနွေမှာလည်း Clean-Sheet ထပ်ယူနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

SM