‘သူ့ရဲ့ ကစားဟန်ဟာ မန်ယူနိုက်တက်နဲ့ ကိုက်ညီမှာပါ’ လီဗာပူးစတားကို ခေါ်ယူရန် မန်ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ ကလီဘာဆင်

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း ဖြစ်သူ ကလီဘာဆင်က သရဲနီတို့ အနေနဲ့ လာမည့် နွေရာသီ အပြောင်းအရွေ့မှာ လီဗာပူး တိုက်စစ်မှုး ရော်ဘတ်တိုဖာမီနိုကို ခေါ်ယူဖို့ ကြိုးပမ်းသွားရန် တိုက်တွန်း သွားခဲ့ပြီး ဘရာဇီး တိုက်စစ် ကစားသမားဟာ ယူနိုက်တက်ရဲ့ ကစားဟန်နဲ့ ကိုက်ညီမယ့် အရည်အသွေးတွေကို ပိုင်ဆိုင်ထားတယ်လို့ ဆိုလိုက်ပါတယ်။

မေဆင်ဂရင်းဝုဒ်ကို လက်လွှတ်ထားခဲ့ရပြီး ဖြစ်တဲ့ ယူနိုက်တက်ဟာ လာမည့် နွေရာသီ အပြောင်းအရွေ့မှာ အက်ဒီဆင်ကာဗာနီ ၊ အန်သိုနီမာစီရယ် တို့ကို လက်လွှတ်သွားဖို့ ရှိနေတဲ့ အပြင် ခရစ်စတီယာနိုရော်နယ်ဒို နဲ့ မားကပ်ရပ်ဖို့ဒ် တို့ကလည်း အိုးထရပ်ဖို့ဒ်မှာ အနာဂတ် မရေမရာ ဖြစ်နေတာကြောင့် တိုက်စစ်မှုးသစ်တွေ ခေါ်ယူဖို့ ရှာဖွေနေတာ ဖြစ်ပါတယ်။

ကလီဘာဆင် ကတော့ ဒီရာသီ လီဗာပူး အတွက် ပြိုင်ပွဲစုံမှာ ၉ ဂိုး သွင်းယူပေးထားခဲ့တဲ့ အသက် ၃၀ အရွယ် ဖာမီနိုရဲ့ ကစားဟန်ဟာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်း ပြသနာတွေ အတွက် အဖြေတစ်ခု ဖြစ်နိုင်တယ်လို့ ခံစားမိနေပါတယ်။

အလီဘာဆင်က “ရော်ဘတ်တိုဖာမီနိုရဲ့ ကစားဟန်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ ကိုက်ညီမှု ရှိနိုင်ပါတယ်။ အထူးသဖြင့် လီဗာပူး အသင်း အတွက် သူ ကစားပေးနေတဲ့ ကစားဟန်ကြောင့် ဖြစ်ပါတယ်။ ဘရာဇီး အသင်းမှာတော့ သူဟာ အထောင်တိုက်စစ်ပိုင်း အတွက် အဓိက ကစားရပြီး လီဗာပူး မှာတော့ သူဟာ ကွင်းလယ်ထိ ဆင်းကာ ချိတ်ဆက် ကစားပြီး အခြား တိုက်စစ်ကစားသမားတွေ အတွက် နေရာလွတ်တွေ ရှာဖွေ ပေးသူ ဖြစ်ပါတယ်။

သူဟာ ယာဂန်ကလော့ ဆီကနေ အများကြီး လေ့လာသင်ယူ နိုင်ခဲ့ပြီး သူဟာ ကွင်းထဲမှာ တကယ့်ကို ထက်မြက်တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ရွေ့လျားမှုတွေဟာ နေရာလွတ် ဖြစ်စေခဲ့သလို တစ်ခါတစ်ရံ သူဟာ ဒီနေရာလွတ် တွေကို ၀င်ယူကာ သူ့ရဲ့ အသင်းဖော်တွေကို လွတ်လွတ်လပ်လပ် ကစားခွင့် ရအောင် လုပ်ပေးပါတယ်။

အကယ်၍ မန်ချက်စတာယူနိုက်တက် အနေနဲ့ အပြောင်းအလဲ လုပ်သွားချင်တယ် ဆိုရင် သူဟာ ဒါတွေကို ကူညီပေးနိုင်မယ့် ကစားသမားကောင်း တစ်ဦး ဖြစ်ပါတယ်။ အထူးသဖြင့် မားကပ်ရပ်ဖို့ဒ် နဲ့ ဂျေဒွန်ဆန်ချို တို့လို လျှင်မြန်လှတဲ့ တောင်ပံ တိုက်စစ် ကစားသမားတွေ ရှိနေတဲ့ ယူနိုက်တက် အတွက် ဖာမီနိုဟာ ဒီကစားသမားတွေ အတွက် နေရာလွတ်တွေ ကောင်းကောင်း ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အနေနဲ့ ဒီလို ပုံစံ ကစားသမားမျိုးကို ရှာဖွေသွားသင့်ပါတယ်။ ဖာမီနိုလို အရည်အသွေးမျိုးနဲ့ ကစားသမားဟာ အသင်းရဲ့ ကစားဟန်ကို ညက်ညောစေမှာ ဖြစ်ပါတယ်။ သူဟာ အရမ်းကို ကောင်းတဲ့ ကစားသမားပါ။ သူဟာ မန်ယူနိုက်တက် အတွက် အံ၀င်ခွင်ကျ ဖြစ်ပြီး ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှု ဖြစ်လာမှာပါ။” လို့ ဆိုသွားပါတယ်။

ဖာမီနိုဟာ လီဗာပူး နဲ့ စာချုပ်သက်တမ်း ၁၂ လအတွင်းကို ၀င်ရောက်လာတော့မှာ ဖြစ်ပြီး အန်ဖီးကလပ်ဟာ လက်ရှိ အချိန်ထိ ဖာမီနိုကို စာချုပ်သစ် ကမ်းလှမ်းထားခြင်း မရှိသေးတာကြောင့် အနာဂတ်က မရေမရာ ဖြစ်နေတဲ့ အပြင် ဂျိုတာ နဲ့ ဒီယက် တို့ ရှိနေတာကြောင့် ဒီရာသီ အသင်းမှာ ပုံမှန် ကစားခွင့် မရ ဖြစ်နေပါတယ်။

SM