သူ့ကို အကာအကွယ်ပေးဖို့ ဒိုင်လူကြီးထံ တောင်းဆိုခဲ့တဲ့ ဆာကာ အပေါ် ပညာပေး တုန့်ပြန် ပြောကြား လိုက်တဲ့ ဂျာရတ်

ပြီးခဲ့တဲ့ စနေနေ့မှာ အာဆင်နယ် အသင်းဟာ အက်စတွန်ဗီလာ အသင်းကို ဘူကာရို ဆာကာ ရဲ့ တစ်လုံးတည်းသော သွင်းဂိုး နဲ့ အနိုင် ရရှိခဲ့ပါတယ် ။ ပွဲအပြီးမှာ ဆာကာ ဟာ သူ့အပေါ် ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်မှုတွေ ရှိခဲ့ပေမယ့် ဒိုင်လူကြီးက ကာကွယ် ပေးခြင်း မရှိတဲ့ အပေါ် အခုလို မေးခွန်း ထုတ်ခဲ့ပါတယ် ။

 

” ကျွန်တော် ဒိုင်လူကြီးတွေ အပေါ် စောဒက တက်နေတာ မဟုတ်ပါဘူး ၊ ဒါပေမယ့် ကျွန်တော် သူ့ကို သိစေချင်တာ ရှိတော့ ပြောချင်ပါတယ် ၊ ကျွန်တော် က ပြိုင်ဘက် ကို ခပ်မြန်မြန် ကျော်ဖြတ် ပြေးလွှား ကစားတတ်ပါတယ် ။ ”

” တစ်ခါတစ်လေမှာ တစ်ချို့ပြိုင်ဘက် ကစားသမားတွေက ရည်ရွယ်ချက် ရှိရှိ နဲ့ ကျွန်တော့်ကို ကန်ကျောက်ကြပါတယ် ၊ အဲ့ဒီလို အခြေအနေမျိုးမှာ ဒိုင်လူကြီး အနေနဲ့ ကျွန်တော့်ကို အနည်းငယ် ကာကွယ်ပေးဖို့ တောင်းဆို ချင်ပါတယ် ။ ” လို့ BT Sport နဲ့ အင်တာဗျူးမှာ ပြောကြား ခဲ့တာပါ ။

ဆာကာ ရဲ့ ပြောကြားချက်ကို ပြိုင်ဘက် အက်စတွန်ဗီလာ အသင်း နည်းပြ စတီဗင်ဂျာရတ် ကတော့ လက်မခံဘဲ အင်္ဂလန်သားလေး အနေနဲ့ သင်ယူစရာတွေ ရှိနေသေးကြောင်း တုန့်ပြန် ပြောကြား သွားခဲ့ပါတယ် ။

” သူက ကစားသမားကောင်း တစ်ဦးပါ ၊ ထူးချွန် ကောင်းမွန်တဲ့ အရည်အသွေးတွေကိုလည်း ပိုင်ဆိုင် ထားပါတယ် ၊ ကျွန်တော် ကိုယ်တိုင်လည်း သူ့ကို သဘောကျ နှစ်ခြိုက်ပါတယ် ၊ ဒါပေမယ့် သူ့အနေနဲ့ ခုလို ကိစ္စရပ်တွေကို စောဒက တက်နေလို့ မရပါဘူး ၊ ဒါမျိုးက ဘောလုံး အားကစားမှာ ဖြစ်နေကြပါပဲ ။ ”

” ကျွန်တော်ဆိုလည်း အခု ဒီမှာ ထိုင်နေချိန် တင်ပါးမှာ screw တွေ နဲ့ပါ ၊ ဒ့ါအပြင် ၁၆ ခါလောက်အထိ ခွဲစိတ် ကုသမှု ခံယူ ခဲ့ရဖူးပါတယ် ၊ အခု လက်ရှိ အချိန်မှာဆိုလည်း ကျွန်တော် gym မှာ သွားကစားဖို့တောင် အခက်အခဲ ရှိနေဆဲပါ ။ ”

” ဒါတွေ အားလုံးက အင်္ဂလန် ဘောလုံးလောကမှာ ရှင်သန် နေရာရဖို့ ကြိုးစားရင်း ပေးဆပ် ခဲ့ရတဲ့ အရာတွေပါ ၊ ဆာကာ အနေနဲ့ ဒါတွေနဲ့ အသားကျအောင် အလျင်အမြန် သင်ယူ ကြိုးစား ရပါလိမ့်မယ် ။ ”

” သူက ကျွန်တော်တို့ ကစားတာ ကြမ်းတမ်းလွန်းတယ်လို့ ပြောခဲ့တယ်နော် ၊ အာဆင်နယ် ကရော ပြစ်ဒဏ်ဘော ကျူးလွန်တာ မရှိ ခဲ့လို့လား ၊ ဒါက ပွဲတစ်ပွဲ မှာ ဖြစ်နေကြ အရာတွေပါပဲ ၊ ကျွန်တော် နောက်ဆုံး အကြိမ် လေ့လာခဲ့ရသလောက်က ဘောလုံး အားကစား က တစ်ယောက် နဲ့ တစ်ယောက် ထိတွေ့ ထိခိုက်မှု မရှိတဲ့ အားကစား မဟုတ်ပါဘူး ။ ”

” ဒီအားကစားမှာ ဖျက်ထုတ်မှုတွေကို ခွင့်ပြု ထားသလို ကာယ ကြံ့ခိုင်မှုကို အားပြုပြီး ကစားဖို့လည်း ခွင့်ပြု ထားပါတယ် ။ ထိုက်သင့်သလောက်လည်း agressive ဆန်ဆန် ကစားဖို့ ခွင့်ပြု ထားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM