သူ့ကို ခါးခါးသီးသီး ဝေဖန်ခဲ့တဲ့ ချဲလ်ဆီး ပရိသတ်တွေကို တုန့်ပြန်ရင်း ၊ မန်ယူနိုက်တက်တို့ တူချယ်ကို ခေါ်သင့်တယ် ဆိုတဲ့ မိမိရဲ့ မှတ်ချက်ဖက်မှ ကာကွယ် ပြောဆိုလိုက်တဲ့ ကာရေဂါ

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဗြိတိန် အစိုးရ ဟာ ချဲလ်ဆီး အသင်းကို အနှစ် ၂၀ နီးပါး ပိုင်ဆိုင်လာခဲ့တဲ့ ရုရှား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျ အပေါ် စီးပွားရေး အရ ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့ပြီးနောက် ၊ ချဲလ်ဆီး အသင်းဟာလည်း ၄င်းရဲ့ ပိုင်ဆိုင်မှု တစိတ်တပိုင်း အနေနဲ့ ပြစ်ဒဏ် များစွာ ကျခံနေရပါတယ် ။

ဝင်ငွေ ရရှိနိုင်တဲ့ အခန်းကဏ္ဍ ပေါင်းစုံကို ဗြိတိန် အစိုးရဖက်မှ ပိတ်ဆို့ အရေးယူခဲ့တာကြောင့် ၊ ချဲလ်ဆီး ဟာ လောလောဆယ်မှာ အနာဂတ် အကြောင်းထက် တနေ့ တနေ့ လည်ပတ်နိုင်ဖို့ အရေးကိုသာ အဓိက အာရုံထားနေရပါတယ် ။ ဒါ့အပြင် အပြစ်မရှိတဲ့ အသင်းက ဝန်ထမ်းတွေဟာလည်း ကိုယ့်ရဲ့ အနာဂတ် အပေါ် တွေးပူ စိုးရိမ်ကြလျက်ရှိပါတယ် ။

ကွင်းတွင်းမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ ရှေ့ကနေ မားမားမတ်မတ် ဦးဆောင်ပေးထားတာကြောင့် ၊ ရလဒ်တွေ ကောင်းမြဲကောင်းဆဲ ဖြစ်နေပါတယ် ။ ဒါ့အပြင် တူချယ် ဟာ အင်္ဂလိပ် မီဒီယာတွေရဲ့ ခက်ခဲ ပွေလီတဲ့ မေးခွန်းတွေကိုလည်း ပါးပါးနပ်နပ် တုန့်ပြန်ထားတာကြောင့် ချီးကျူးမှုတွေ ခါတိုင်းထက် ပိုမို ရရှိနေပါတယ် ။

တဖက်မှာ အခြေအနေ ဆိုးသထက် ဆိုးနေတဲ့ ချဲလ်ဆီး အသင်းထံကနေ ဂျာမန်သား နည်းပြ သောမတ်စ် တူချယ်ကို လာမယ့် ရာသီ အတွက် နည်းပြ ရှာပုံတော် ဖွင့်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ခေါ်ယူဖို့ ကြိုးစားသင့်ကြောင်း လီဗာပူး ဂန္တဝင် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ က The Telegraph သတင်းဌာနမှာ နောက်ဆုံး ရေးသားခဲ့တဲ့ သူ့ရဲ့ ဆောင်းပါးမှတဆင့် တိုက်တွန်းသွားခဲ့ပါတယ် ။

ဒီ ဆောင်းပါးနဲ့ ပတ်သက်ပြီး ကာရေဂါ အပေါ် ချဲလ်ဆီး ပရိသတ် အများအပြား ဒေါသပုန်ထခဲ့ကြသလို ၊ ဆိုရှယ်မီဒီယာတွေ အထက်မှာ အကြီးအကျယ် ဝေဖန်ခဲ့ကြပါတယ် ။ ကာရေဂါ ကိုယ်တိုင်ကတော့ ဒီဝေဖန်မှုကို မမှုခဲသလို ၊ သူ့ရဲ့ မှတ်ချက်မှာ ဘာတစုံတရာမှ မမှားယွင်းတဲ့ အကြောင်း အခုလိုပဲ ထပ်မံ တုန့်ပြန်လာခဲ့ပါတယ် ။

Sky Sports ရုပ်သံဌာနရဲ့ MNF အစီအစဉ်မှာ ကာရေဂါ က ” မနေ့က ကျွန်တော် ဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ အငြင်းပွားမှု အနည်းငယ် ကြုံခဲ့ပါတယ် ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဆောင်းပါး က ကျွန်တော့ရဲ့ အမြင်ကို ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ။ ဒီနေရာမှာ ချဲလ်ဆီး ပရိသတ်တွေဟာ အနည်းငယ် တဖက်ပိတ်တယ်လို့ ဆိုရမယ့် အကြောင်းအရင်း အချို့ကို ကျွန်တော် ပြောသွားလိုပါတယ် ။ ”

” ချဲလ်ဆီး ဟာ ရိုမန် အေဘရာမိုဗစ်ခ်ျ စရောက်လာကတည်းက တခြား အသင်းတွေဆီက အကောင်းစားမှန်သမျှ အကုန် သုတ်ယူတတ်ပြီး ၊ ဒါကို သူတို့ ပြီးခဲ့တဲ့ အနှစ် ၂၀ လုံးလုံး လုပ်လာခဲ့တာပါ ။ ပိုက်ဆံထုပ်နဲ့ ပစ်ပေါက်ပြီး ဝယ်ချင်တာ ဝယ်လို့ ရခဲ့တာဖြစ်လို့ ၊ ပထမဆုံး အနေနဲ့ သူတို့ မန်ချက်စတာ ယူနိုက်တက် ကနေ ပီတာကင်ယွန်ကို ခေါ်ပြီး အမှုဆောင်ချုပ် ခန်ခဲ့ပါတယ် ။ ”

” အဲဒီနောက် သူတို့ဟာ လီဗာပူးဆီက ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်လူ ( စတီဗင် ဂျရတ် ) ကို ခေါ်ဖို့ ကြိုးစားခဲ့ပါတယ် ။ အဲဒီကတဆင့် အာဆင်နယ်ဆီက Invincible မန်ဘာ တဦး ဖြစ်တဲ့ အက်ရ်ှလေကိုးလ်ကို သူတို့ ခေါ်ခဲ့ပါတယ် ။ ဒဏ်ခတ်ခံရရင်လည်း ငွေကြေးနဲ့ ပြန်ချေလို့ ရတဲ့ အတွက် သူတို့မှာ ပြဿနာ မရှိခဲ့ပါဘူး ။ ”

” နောက်ပြီး သူတို့ဟာ အင်္ဂလန် အမြင့် ပျံသန်းနေခဲ့တဲ့ အချိန် က နည်းပြ ဆဗန် အဲရစ်ဆင်ကိုပါ ခေါ်ဖို့ ကြိုးစားခဲ့တာပါ ။ သူတို့ရဲ့ အကယ်ဒမီ အသင်းဟာ နှစ်တိုင်းလိုလို ဖိုင်နယ် တက်ပါတယ် ။ ဒါက သူတို့မှာ အကောင်းဆုံး အကယ်ဒမီ နည်းပြတွေ ရှိနေတာကြောင့် မဟုတ်ပါဘူး ။ တခြား နိုင်ငံတွေက နာမည်မကြီးတဲ့ ကလပ်တွေဆီကနေ အကောင်းဆုံး လူငယ်တွေကို ခေါ်ပြီး ကစားခိုင်းနေခဲ့တာကြောင့်သာ ဖြစ်ပါတယ် ။ ”

” ဒီတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ချဲလ်ဆီး ဟာ ရိုမန် အေဘရာမိုဗစ်ခ်ျကြောင့် တခြား အသင်းတွေကို ကြိုက်သလို လက်ဝါးကြီး အုပ်ခဲ့ပါတယ် ။ ကျွန်တော်ကလည်း အခုအချိန်မှာ သူတို့ဆီက အကောင်းစား ပုဂ္ဂိုလ် ( သို့မဟုတ် ) ကစားသမား တဦးဦးကို တခြား တသင်းသင်း က အခွင့်ကောင်းယူပြီး ခေါ်သင့်တယ်လို့ ထင်မြင်ချက် ပေးတယ် ဆိုရင် ဒါက ဘဝမှာ ကြုံတွေ့ ဖြတ်သန်းရမယ့် အမှန်တရား တရပ်သာ ဖြစ်ပါတယ် ။ ”

” ကျွန်တော်လည်း ချဲလ်ဆီးကို ဒုက္ခတွင်း မနက်စေချင်ပါဘူး ။ ဒါပေမယ့် နောက်တခါ ကျွန်တော် ဒီလိုမျိုး ထင်မြင်ချက်ပေးမယ်ဆိုရင် ချဲလ်ဆီး ပရိသတ်တွေဆီကနေ ဒီ ထင်မြင်ချက်တွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တာမျိုး ကျွန်တော် အလိုမရှိပါဘူး ။ ဘာလို့လဲ ဆိုတော့ ဒါမျိုးတွေကို ချဲလ်ဆီး ဟာ လွန်ခဲ့တဲ့ နှစ်၂၀လုံးလုံး လုပ်လာတာကြောင့်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR